spot_imgspot_imgspot_imgspot_img
Wednesday, August 20, 2025
spot_imgspot_imgspot_imgspot_img

မိုင်းကွင်းအန္တရာယ်ထဲ ကျရောက်လျှင် ဘယ်လိုလုပ်ဆောင်သင့်လဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အာဏာမသိမ်းခင် စစ်မက်ဖြစ်ပွားခဲ့ဖူးတဲ့ ဒေသတွေမှာသာ တွေ့ရလေ့ရှိတဲ့ မြေမြှုပ်မိုင်းအပါအဝင် မိုင်းမျိုးစုံတွေကို အာဏာသိမ်းပြီးနောက်မှာတော့ နေရာစုံ၊ ဒေသစုံမှာ ပိုမိုတွေ့လာရပြီး၊ လက်ရှိမှာ ပြည်သူတွေနေထိုင်တဲ့နေရာနဲ့ လက်တကမ်းအကွာမှာပဲ ရောက်ရှိလာနေတယ်လို့ ပြောရပါမယ်။

အာဏာသိမ်းကာလ ကြာလာတာနဲ့အမျှ တော်လှန်ရေးတပ်တွေရဲ့ ခုခံတွန်းလှန်မှု အားကောင်းလာတဲ့ ကရင်နီမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို၊ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက မြေမြှုပ်မိုင်းတွေ၊ တိုက်မိုင်း တွေအပါအဝင် စစ်လက်နက်မျိုးစုံကို အသုံးပြုလာနေပါတယ်။

ယခု လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေမှာ အကြောင်းအမျိုးမျိုး‌ကြောင့် မိုင်းစက်ကွင်းတွေထဲ ရောက်သွားတတ်တာမျိုးက မည်သူမဆို ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် မိုင်းစက်ကွင်းထဲရောက်ရင် ဘာတွေလုပ်ဆောင်ရမလဲဆိုတဲ့ သတိထားသင့်တဲ့အချက်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

မိုင်းကွင်းအန္တရာယ်ထဲရောက်နေပြီဆိုတာ ဘယ်လိုသိနိုင်လဲ

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းရှိကြောင်းပြတဲ့ အမှတ်အသားတိတိကျကျ မရှိသေးပါဘူး။ ဒါကြောင့် နေရာဒေသအပေါ်ကွဲပြားပြီး မိုင်းရှိကြောင်းပြတဲ့ အမှတ်အသားတွေလည်း မတူညီကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် အန္တရာယ်ရှိတဲ့ အမှတ်အသားပြထားတာလည်း အလွန်နည်းပါးပါတယ်။

တချို့နေရာတွေမှာ အနီရောင်စာသားပြလေ့ရှိသလို၊ တချို့က ကျောက်တုံးနဲ့ အမှတ်အသား ပြုလုပ်ထားတာလည်း ရှိပါတယ်။ သစ်ပင်ပေါ်မှာ အမှတ်ခြစ်ပြီး အမှတ်အသားပြုလုပ်ထားတာလည်း ကရင်နီက နေရာတချို့မှာ ပြုလုပ်ထားတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် အဲလိုနေရာတွေမှာ ကိုယ်တိုင်ကိုယ်ကျ ရောက်သွားပြီဆိုရင် မိုင်းကွင်းထဲရောက်နေပြီဖြစ်ကြောင်း သိထားရမှာဖြစ်ပါတယ်။

မြေမြှုပ်မိုင်း တခုတွေ့လိုက်ပြီဆိုတာနဲ့ သေချာပါပြီ သင်ဟာမိုင်းကွင်းထဲရောက်ပြီးသားဖြစ်ပါတယ်။ မြေမြှုပ်မိုင်းတခုရဲ့ ဘေးမှာ နောက်ထပ်မျက်စိနဲ့ အလွယ်တကူမမြင်နိုင်တဲ့ မြေမြှုပ်မိုင်းတွေရှိနိုင်ပါသေးတယ်။
မြေမြှုပ်မိုင်းအများစုဟာ မျက်စိနဲ့မြင်ရဖို့ ခဲယဉ်းပါတယ်။ မြေမြှုပ်မိုင်းနဲ့ တခြားသော ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေမြင်နိုင်ဖို့နဲ့ အလွယ်တကူ မှတ်မိနိုင်ဖို့က ခက်ခဲပါတယ်။

အဲဒီပေါက်ကွဲပစ္စည်းတွေဟာ ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံ၊ အရောင်မျိုးစုံနဲ့ဖြစ်ပြီး အမျိုးမျိုးသော ပစ္စည်းတွေနဲ့ ပြုလုပ်ထားလေ့ရှိပါတယ်။ အများအားဖြင့် မြေမြှုပ်မိုင်းကို တဖက်ရန်သူထိခိုက် စေလိုတဲ့ရည်ရွယ်ချက်ကြောင့် မမြင်သာအောင် မြေမျက်နှာပြင်အပေါ် (ဒါမှမဟုတ်) မြေမျက်နှာပြင်အောက်မှာ ထောင်ထားလေ့ရှိပါတယ်။

မြက်ခင်းပြင်အောက်မှာ ဝှက်ထားတာ၊ သစ်ပင်ကြားမှာ ဖုံးကွယ်ထားတာ၊ ရေပေါ် (သို့မဟုတ်) ရေအောက်မှာ ရှိနေတတ်တဲ့အတွက် မြင်နိုင်၊ မှတ်မိနိုင်ဖို့ ခက်ခဲစေပါတယ်။ တခါတရံမှာ အမျိုးမျိုးသောမိုင်းတွေကို သေးငယ်တဲ့ ဝါယာကြိုး။ ဒါမှမဟုတ် ချည်မျှင်ကြိုးတွေနဲ့ ချိတ်ထားနိုင်ပါ သေးတယ်။

တချို့သော မိုင်းတွေဟာ ရာသီဥတုကြောင့် အရောင်အပြောင်းအလဲဖြစ်သွားနိုင်တဲ့အပြင်၊ ဖုန်မှုန့်တွေနဲ့ ညစ်ပေနိုင်သလို၊ သံ‌ချေးတက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဖြစ်ပါစေ မိုင်းတွေဟာ သက်တမ်းကုန်ဆုံးရက်မရှိတဲ့အတွက် အချိန်မရွေးပေါက်ကွဲနိုင်တယ်ဆိုတာကို လုံးဝသိထားရမှာဖြစ်ပါတယ်။

သံသယဖြစ်ဖွယ် ပစ္စည်းတခုခုတွေ့ရတဲ့အခါမှာ ပေါက်ကွဲစေတတ်ကြောင်းကို သတိပြုသင့်ပါတယ်။ တကယ်လို့သင်ဟာ မြေမြှုပ်မိုင်းတလုံးကို မျက်စိနဲ့ တပ်အပ်မြင်လိုက်ပြီဆိုရင် နောက်ထပ်မြေမြှုပ်မိုင်း များစွာ ရှိနိုင်သေးတယ်ဆိုတာ သတိထားရပါမယ်။

မိုင်းကွင်းထဲရောက်တဲ့အချိန် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လိုပြုမူသင့်လဲ

မိုင်းကွင်းထဲရောက်နေတယ်လို့ သေချာသိလိုက်တဲ့အချိန်မှာ ရောက်တဲ့နေရာကနေ ချက်ခြင်းရပ်ဖို့ လိုပါတယ်။ ငြိမ်ငြိမ်လေးနေပြီး တခြားသူတွေ ပါလာခဲ့မယ်ဆိုရင် သူတို့ကိုလည်း ငြိမ်ငြိမ်လေး နေခိုင်းပြီး စိတ်ကို အတည်ငြိမ်ဆုံးထားရမှာဖြစ်ပါတယ်။

မြေမြှုပ်မိုင်းရှိတဲ့နေရာကို လုံးဝမချဉ်းကပ်သင့်သလို၊ အဲဒီပစ္စည်းတွေကိုထိဖို့ လုံးဝမပြုလုပ်သင့်ပါဘူး။ မိမိရပ်နေတဲ့နေရာ ဘေးတွေကိုလည်း သေချာစွာ ကြည့်ရှုစစ်ဆေးရပါမယ်။ ရှေ့ဆက် မသွားတော့ဘဲ မိမိလာခဲ့တဲ့လမ်းအတိုင်း နောက်ပြန်လှည့်ရမှာဖြစ်ပါတယ်။ နောက်လှည့်ပြန်တဲ့ အချိန်မှာလည်း မိမိလှမ်းလာခဲ့တဲ့ ခြေလှမ်းနေရာတွေကို ခန့်မှန်းပြီး ဂရုတစိုက်နင်းကာ ပြန်လှည့်ရမှာဖြစ်ပါတယ်။

မြေမြှုပ်မိုင်းတွေဟာ ထိရုံနဲ့ ပေါက်ကွဲနိုင်သလို တချို့အချိန်တွေမှာ အပူ ၊ အလင်းရောင်နဲ့ သတ္တုပစ္စည်း တွေကြောင့် ရုတ်ခြည်းပေါက်ကွဲနိုင်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက ရုပ်ရှင်ဇာတ်ကား ထဲမှာဖော်ပြထားသလိုမျိုး မိုင်းနင်းမိပြီး အချိန်ကြာမှ ပေါက်ကွဲတာ၊ နင်းမိပြီး ထွက်ပြေးလွတ်မြောက်ချိန်ရှိတာတွေက လုံးဝ မှားယွင်းတဲ့ သတင်းစကားတခုဖြစ်ပါတယ်။

ဒါကြောင့် မြေမြှုပ်မိုင်းပျံ့နှံ့မှုရှိတဲ့ အဲဒီနေရာကို မည်သူတစုံတဦးကမှ သွားလာလို့မရအောင် အမှတ်အသား ပြုလုပ်ထားပေးသင့်ပါတယ်။ ဒါတွေအပြင် ကိုယ်က အန္တရာယ်ကနေ လွတ်မြောက်ပြီးချိန်မှာ မိမိရဲ့မိသားစုဝင်အပါအဝင် ရပ်ရွာအတွင်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူး၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ မိမိနဲ့နီးစပ်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေကို အသိပေးထားရမှာဖြစ်ပါတယ်။

ကရင်နီမှာ မြေမြှုပ်မိုင်းတွေ၊ ပေါက်ကွဲစေတတ်တဲ့ စစ်ပွဲလက်ကျန်ပစ္စည်းတွေကိုတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ တပ်စွဲနေထိုင်ခဲ့တဲ့နေရာ၊ တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ နေရာတွေမှာ အများဆုံးတွေ့ရပါတယ်။ ဒါတွေအပြင် ကျေးရွာအတွင်း ယာခင်းသွားရာလမ်း၊ လူနေအိမ်ခြံဝန်းထဲ၊ အများပြည်သူအသုံးပြုသွားလာတဲ့လမ်းနဲ့ လမ်းကြိုလမ်းကြားတွေမှာ ပိုမိုတွေ့ရတတ်ပါတယ်။ ဒါကြောင့် မိမိနဲ့ ရင်းနှီးမှုမရှိတဲ့ နေရာဒေသကို ရောက်တဲ့အချိန်တွေမှာ အဲလိုနေရာတွေကို မသွားလာဖို့ ရှောင်ကျဉ်ရမှာဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။

spot_img

Recent posts