ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့က တိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ရှမ်းတောင်- ကရင်နီ တိုင်းစစ်ဌာန၊ အမှတ် (၁၁၀၇) တပ်ရင်းက ရဲဘော်တစ်ဦးရဲ့ စျာပနာအခမ်းအနားကို ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ မိုးဗြဲမြို့ကို ထိုးစစ်စင်လာတဲ့ စစ်ကြောင်းတိုက်ခိုက်ရာကနေ ကျဆုံးခဲ့တာပါ။

အဆိုပါ ရဲဘော်ဟာ အသက် ၁၈ နှစ်အရွယ် ရဲဘော်ဒေးဗစ်(ခ)စနေအောင်ဖြစ်ပြီး ရှမ်းတောင် – ကရင်နီ တိုင်းစစ်ဌာန၊ အမှတ် (၁၁၀၇) တပ်ရင်းအတွင်း တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်တယ်လို့ ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့မှာ ရှမ်းတောင်-ကရင်နီ တိုင်းစစ်ဌာန၊ အမှတ်(၁၁၀၇) တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
အလားတူ ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့မှာလည်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရှမ်းတောင်/ ကရင်နီ စစ်တိုင်း၊ ဒီးမော့ဆိုအမှတ် (၁၁၀၂)တပ်ရင်းက ထောက်လှမ်းရေး ရဲဘော်(၁) ဦး နဲ့ ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့မှာ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုထောက်ပို့ က ရဲဘော်( ၂) ဦး ကျဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်ထားတဲ့ မိုးဗြဲမြို့လမ်းမကြီးကို အသုံးပြုသွားလာခြင်းမလုပ်ဖို့ အသိပေးပြီးတဲ့နောက် လက်ရှိအချိန်ထိ နေ့စဥ်တိုက်ပွဲ ပြင်းထန်နေတာပါ။
စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းကိုပါ အသုံးပြုတိုက်ခိုက်ပြီး လူထုနေအိမ်တွေကိုလဲ မီးရှို့တာတွေ ထပ်မံလုပ်ဆောင်နေတယ်လို့လည်း ဒေသခံ တွေဆီကနေ သိရပါတယ်။