spot_imgspot_imgspot_imgspot_img
Thursday, July 24, 2025
spot_imgspot_imgspot_imgspot_img

မိုးရာသီနှင့် မြေမြှုပ်မိုင်းအန္တရာယ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အခုလို မိုးရာသီမှာ မိုးရွာသွန်းမှုကြောင့်  မြေပြင်ပြောင်းလဲတာ၊ တောင်ကျရေစီးဆင်းတာတွေက   မြေမြှုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်းတွေကို  တခြားနေရာသို့ ရွှေ့ပြောင်းသွားစေတာ (သို့မဟုတ်) မြေထဲကနေ အပေါ်ဘက်ကို ပေါ်လာတာတွေ ဖြစ်လာစေနိုင်ပါတယ်။

မြေမြှုပ်မိုင်းတွေကိုတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ တပ်စွဲနေထိုင်ခဲ့တဲ့နေရာ၊ တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ နေရာတွေမှာ အများဆုံးတွေ့ရပါတယ်။

နေရာအနှံ့နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ဖူးတာကြောင့် ကရင်နီပြည်က ပြည်သူလူထုတွေသာမက တခြားမြို့သူမြို့သား အနေနဲ့ အထူးသတိပြု  နေထိုင်သွားသင့်ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ  ကရင်နီမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူဦးရေ (၂၉) ဦးရှိခဲ့ပြီး (၁၁၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ စာရင်းအရသိရပါတယ်။

မိုးရာသီဖြစ်တဲ့အလျှောက် အများအားဖြင့် မိုင်းကြောင့် ထိခိုက်မိသူတွေဟာ ဟင်းစားအတွက် မှိုရှာထွက်သူတွေ၊ ဝါးမျှစ်ချိုးသူတွေနဲ့ ဟင်းသီးဟင်းရွက် ခူးယူသူတွေဖြစ်ကြပါတယ်။ ဒါတွေအပြင် စစ်ရှောင်စခန်းကနေ နေအိမ်ပြန်လည်ကြည့်ရှုသူတွေ၊ နေအိမ်သန့်ရှင်းရေးပြန်လုပ်သူတွေနဲ့ အိမ်ရှင်ကိုယ်စား  အိမ်သွားရောက်ကြည့်ရှုပေးသူတွေကလည်း ပါဝင်ပါတယ်။

ပုံမှန်အချိန်မှာတောင် လူနဲ့ တိရိစ္ဆာန်တွေကို အသက်အန္တရာယ်ပြုနိုင်တဲ့ မြေမြှပ်မိုင်းဟာ အခုလို မိုးရာသီမှာ နေရာရွှေ့တတ်တာကြောင့် ပိုမိုသတိထားသင့်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ  မြေမြှုပ်မိုင်းအန္တရာယ်ဘယ်လိုရှိနိုင်သလဲ။ ဘယ်လိုနေထိုင်သင့်သလဲဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

မိုးရာသီမှာ မြေမြှုပ်မိုင်းက ဘာကြောင့်အန္တရာယ်ရှိနိုင်လဲ

မိုးများပြီး မြေပြင်ပြောင်းလဲမှုတွေကြောင့် မြေမြှုပ်မိုင်းတွေနဲ့ အခြားသော ပေါက်ကွဲလက်နက် ပစ္စည်း တွေဟာ တခြားနေရာတွေကိုရွှေ့သွားနိုင်ပါတယ်။ 

မြေမြှုပ်မိုင်းဟာ တခြားနေရာကနေ မိုးရေနဲ့အတူ လူသွားရာလမ်း (သို့မဟုတ်) လမ်းဘေး ရေမြောင်းတွေမှာ တင်ကျန်နေတာ၊ လယ်ကွင်းပြင်နဲ့ ရေကြီးရေလျှံမှု ဖြစ်ပွားတဲ့ နေရာများအနှံ့အထိ ​မျောပါတတ်ပါတယ်။ အဲလို မျောပါတဲ့အချိန်တွေမှာ မတော်တဆပေါက်ကွဲမှု အန္တရာယ်တိုး စေလာတာပါ။

ရေကြီး၊ရေလျှံမှုကြောင့် မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို  တခြားသော အမှိုက်သရိုက် (သို့မဟုတ်) အပျက်အစီးတွေနဲ့  ဖုံးလွမ်းသွားတဲ့အခါ မျက်စိနဲ့ မမြင်နိုင်တော့ဘဲ မတော်တဆ ထိခိုက်ပေါက်ကွဲမှုကို ဖြစ်စေပါတယ်။

ဒါတွေအပြင် မိုင်းအန္တရာယ်သတိပေးအမှတ်အသားတွေကို  အဝေးတနေရာဖယ်ရှားလိုက်တာ (သို့မဟုတ်) ရေစီးနဲ့အတူ နေရာပြောင်းရွှေ့သွားတာတွေကလည်း အန္တရာယ်ပိုများစေပါတယ်။ နဂိုမူလကတည်းက မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရှိတဲ့နေရာတွေကို   သံသယဖြစ်ဖွယ် အန္တရာယ်သတိပေးအမှတ်အသားတွေ မပြုလုပ်ထားတာက ပိုပြီးအန္တရာယ် ဖြစ်စေပါတယ်။

အမှတ်အသားပြုလုပ်ထားပါလျက်နှင့် မြင်ကွင်းပြောင်းသွားကြောင့်ဖြစ်စေ၊ မြေပြင်အမှတ်အသားကို မှတ်မိဖို့ ခက်ခဲတာကြောင့်ဖြစ်စေ မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေက လူတွေကို အန္တရာယ်ပြုစေနိုင်အုံးမှာပါပဲ။

ဘေးကင်းအောင် ဘယ်လိုနေထိုင်မလဲ

မြေမြှုပ်မိုင်းတွေနဲ့ အခြားသော ပေါက်ကွဲလက်နက်ပစ္စည်းတွေဟာ မိုးရေနဲ့အတူ နေရာရွှေ့ပြောင်း နိုင်တာကြောင့် ဘေးကင်းစေဖို့ဆိုရင်  အရင်က မိုင်းအန္တရာယ်ရှိတယ်လို့ အမှတ်အသားပြုထားတဲ့ နေရာတွေကို သွားလာတာမျိုး လုံးဝ မပြုလုပ်ရပါဘူး။

မိမိရဲ့ သားသမီးငယ်တွေရှိရင်လည်း သူတို့အရွယ်နဲ့ သင့်လျှော်တဲ့ စကားလုံးတွေကိုသုံးပြီး အဲလိုနေရာကို မသွားမိစေဖို့ တားမြစ်ထားရပါမယ်။ မိုင်းအန္တရာယ်အသိပေးတဲ့ အမှတ်အသားတွေဟာ ရှိခဲ့ဖူးတယ် ဆိုရင်တောင် လက်ရှိမှာ ပျောက်ပျက်သွားတာ  (သို့မဟုတ်) မိုးရေတွေနဲ့ မျောပါ ပျောက်ဆုံးနေနိုင်တယ် ဆိုတာကို သတိပြု ရမယ့်အချက်ပါ။

တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ နေရာအနီးတဝိုက်က ရေကြီးရေလျှံဖြစ်ခဲ့တဲ့ လမ်းငယ်တွေ၊ လယ်ကွင်းတွေ (သို့မဟုတ်) အဲ့ဒီနေရာအနီးတဝိုက် နေရာတွေကိုလည်း လုံးဝရှောင်ရှားရပါမယ်။ အဲလိုနေရာတွေမှာ ပေါက်ကွဲလက်နက်ပစ္စည်းတွေ ရှိခဲ့မယ်ဆိုရင် ရေနဲ့ ရွှံ့နွံတွေ၊ အမှိုက်တွေ အောက်မှာ ဖုံးကွယ်နေနိုင်တဲ့ အတွက်  မတော်တဆ ပေါက်ကွဲမှုဖြစ်နိုင်ပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားတာနဲ့ မြေပြိုတာတွေ ဖြစ်ပွားပြီးနောက်  နေအိမ်၊ ခြံဝန်း၊ လယ်ကွင်းစတဲ့နေရာတွေမှာ အမှိုက်သရိုက်၊ အပျက်အစီးတွေနဲ့ ကျန်နေတတ်ပါတယ်။ အဲလိုအချိန်ခါမျိုးမှာ မိမိရဲ့ နေအိမ်၊ ခြံဝန်း၊ လယ်ကွင်းစတဲ့နေရာတွေကို သန့်ရှင်းရေးပြန်လုပ်ဖို့အတွက် အရွယ်ရောက်လူကြီးကသာ သေချာစွာ စစ်ဆေးရပါမယ်။

မိမိတို့မိသားစုမှာ ကလေးတွေရှိခဲ့မယ်ဆိုရင် အမှိုက်သရိုက်၊ အပျက်အစီးတွေနဲ့ ဝေးဝေးနေခိုင်းထားရ ပါမယ်။ ဒါတွေအပြင် တခြားမိသားစုဝင် တစုံတဦးမျှ ဝင်ရောက်ခြင်းမပြုလုပ်သင့်ပါဘူး။ မိမိရဲ့ နေအိမ်၊ ခြံဝန်း၊ လယ်ကွင်းစတဲ့နေရာတွေမှာ သံသယဖြစ်ဖွယ် စစ်ကျန်လက်နက်တွေ့ခဲ့မယ်ဆိုရင် သက်ဆိုင်ရာသို့ ချက်ခြင်း အကြောင်းကြားရမှာဖြစ်ပါတယ်။

spot_img

Recent posts