ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ စစ်ကောင်စီထိန်းချုပ်တဲ့ လွိုင်ကော်မြို့တွင်းမှာ မီတာခ ပေးဆောင်ခြင်း မပြုပါက မီတာဘောက်တွေကို ဖြုတ်ယူသိမ်းဆည်းမယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (EPC) က ခြိမ်းခြောက်ပြောဆိုတာကြောင့် လွိုင်ကော်မြို့က ပြည်သူတွေ အခက်တွေ့တယ်လို့ ပြောပါတယ်။
လွိုင်ကော်မြို့တွင်းမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစပြီး လက်ရှိအချိန်အထိ EPC ကနေ မီတာလာရောက်စစ်ဆေးခြင်းနဲ့ ပြေစာထုတ်ပေးခြင်းတို့ကို ပုံမှန်ပြုလုပ်ခြင်းမရှိဘဲ မီတာခ ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ရှောင်ကနေ ပြန်လာတဲ့သူတွေကို ခုလို ခြိမ်းခြောက်သလို ပြောတာတော့ မကောင်းဘူးလေ။ မီတာက သူတို့ လာဖတ်တာလဲ မဟုတ်ဘဲ ရမ်းသန်းရေးထားတဲ့ စာရင်းကို ဆောင်ရမယ်ဆိုတော့ အဆင်မပြေတော့ဘူး”လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကတည်းက ကောက်ခံတဲ့ မီတာခတွေကို အရစ်ကျပေးဆောင်နိုင်ကြောင်း သိရပေမယ့် EPC ဝန်ထမ်းနဲ့ ပြည်သူတချို့အကြား အချင်းများမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
“မီတာခက ဘယ်နှစ်နှစ်စာတွေမှန်းမသိတော့ဘူး။ သိန်းဂဏန်းတွေကြီးပဲမို့ ရန်တွေပါဖြစ်နေရတယ်။ နောက် ဒီကောင်တွေ စကားပြောတာက လည်း အထက်စီးဆန်သေးတယ်”လို့ အခြားဒေသခံတစ်ဦးကလည်း ပြောကြားသည်။
လက်ရှိမှာတော့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က နေထိုင်ခွင့်ပြုထားတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ လစဉ် မီတာခကို ကောက်ခံနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။
EPC အနေဖြင့် မီတာခ ပေးဆောင်ခြင်းမရှိသူတွေ၊ ပြန်လည်နေထိုင်ခြင်းမရှိတဲ့ နေအိမ်က မီတာဘောက်ကို ဖြုတ်သိမ်းမယ်လို့ ခြိမ်းခြောက်ပြောဆိုမှုလည်း ရှိနေပါတာပါ။ လွိုင်ကော်မြို့တွင်းမှာတော့ မီတာခအပြင် ကြွေးကျန် ရေခွန်၊ မြေခွန် နဲ့ အခြားအခွန်အခတွေကိုလည်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကနေ လိုက်လံကောက်ခံနေကြောင်း ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရှိရပါတယ်။
လွိုင်ကော်မြို့မှာတော့ တစ်လေးလုံးစစ်ဆင်ရေးစတင်ပြီးနောက် မြို့ခံအများစုက နီးစပ်ရာမြို့နယ်တွေမှာ တိမ်းရှောင်ခဲ့ကြပြီး လက်ရှိမှာတော့ မြို့တွင်း ပြန်လည်နေထိုင်သူ များလာတယ်လို့ သိရပါတယ်။