ကန္တာရဝတီတိုင်း (မ်)
ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအနီးရှိ မြင်းမထိတောင် သတ္တုတွင်းမှာ စက်ယန္တရားအသုံးပြုပြီး လုပ်ငန်းဆောင်ရွက်နေတာကို ခွင့်မပြုတော့ဘူးလို့ ဒေသခံပရာဒေါင်းဆွေမျိုးစုက ပြောပါတယ်။
“အလတ်စားလုပ်ငန်းတစ်ချို့တွေ သုံးကြတယ်။ စက်ယန္တရား (ဘက်ဖိုး) သုံးပြီး လုပ်တဲ့ လုပ်ငန်းမျိုးပဲ ဆိုလိုတာပါ။ အခြားဂူဖောက် ဂူဝင်တာတို့က အကုန်လက်ခံတယ်။ စက်ယန္တရားက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု အရမ်းများတယ်။ လက်ရှိ ဖြစ်နိုင်ရင် ကျနော်တို့က သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနည်းတဲ့ လုပ်ငန်းမျိုးပဲ လုပ်ခိုင်းစေချင်တာ။” လို့ ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုးက ပြောပါတယ်။
အဆိုပါသဘောတူညီချက်ကို ပရာဒေါင်းဆွေမျိုးစုကော်မတီ၊ ဆွေမျိုးစု လူငယ်ကော်မတီနဲ့ ကျေးရွာအုပ်ချုပ်ရေး ကော်မတီကိုယ်စားလှယ် စုစုပေါင်းလူဦးရေ ( ၆၀) ကျော်ပါဝင်တက်ရောက်တဲ့ ဇွန်လ ၁၆ ရက်နေ့ တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီချက်ရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ မြင်းမထိတောင်မှာ လေးပွင့်ကြယ်ကုမ္ပဏီနဲ့ ဒေသခံတွေရဲ့ လုပ်ကွက်ပေါင်း ၁၀ ခုထက်မနည်းရှိနေပြီး စက်ယန္တရားအသုံးပြုတူးဖော်တာတွေလည်း ရှိနေတာပါ။
စက်ယန္တရားအသုံးပြုမှု ပိတ်ပင်ရာမှာလည်း မြင်းမထိသတ္တုတွင်းရဲ့ လက်ရှိ လုပ်ငန်းရှင်တွေရဲ့ သဘောထားပါဝင်ခြင်း မရှိဘူးလို့ဆိုပါတယ်။
“လုပ်ငန်းရှင်တွေထက် လူထုတွေရဲ့ သဘောထားက အဓိကပဲလေး” လို့ ခွန်းအောင်နိုင်စိုးကပြောပါတယ်။
မြင်းမထိတောင်မှာ အကြီးစားသတ္တုတူးဖော်မှုအတွက် လေးပွင့်ကြယ်ကုမ္ပဏီနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုထားတဲ့ တရုတ်မစ္စတာဝမ် ကုမ္ပဏီရဲ့ လုပ်ငန်းသုံး စက်ယန္တရားပို့ဆောင်မှုတွေကတော့ ရပ်တန့်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။