spot_imgspot_imgspot_imgspot_img
Sunday, June 22, 2025
spot_imgspot_imgspot_imgspot_img

“ရှင်သန်ဖို့တောင့်တလျှက် ရုန်းကန်နေရတဲ့ တဦးတည်းမေမေများ”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မနက်စောစော ၅ နာရီအချိန်မှာ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မအိ (အမည်လွှဲ) တယောက်၊ မနက်စာအတွက် ဆန်ကို နို့ဆီဗူးနဲ့ နှစ်ဗူးအတိကို သေချာလေးတိုင်းပြီး ထမင်းအိုးထဲထည့်ပြီး ရေကိုလည်း ထမင်းပျက်မသွားအောင် အပိုအလိုမရှိ တိုင်းပြီး မီးဖိုပေါ် တင်လိုက်ပါတယ်။
မအိ တို့လို စစ်ရှောင်တွေအဖို့ တရက်စာတရက် အလေအလွင့်မရှိအောင် သေချာလေး စီမံကြရတာပါ။

မနက်စာပြင်ဆင်ချက်ပြုတ်နေတဲ့ သူမရဲ့လှုပ်ရှားမှုက သူမရဲ့ဘဝထဲမှာ အစားအစာဟာ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို စကားလုံးနဲ့ ဖော်ပြစရာတောင် မလိုတော့ပါဘူး။

မအိတယောက် မနက်စာအတွက် ဆန်ကို ဒီလိုတိတိကျကျတိုင်းတာပြီး ချက်ပြုတ်နေရတာ အချိန်ကာလတခုအထိ ရှိနေပါပြီ။ နေ့စဉ် အသက်ရှင်သန်ရေးနဲ့ ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားမှုတွေက သူမအတွက်တော့ နေ့တိုင်းတိုက်နေရတဲ့ တိုက်ပွဲတခုလိုပါပဲ။

အကြောင်းရင်းကတော့ မအိဟာ သားနဲ့သမီး ၂ ဦးအပေါ် မိခင်နေရာကနေကော ဖခင်နေရာကနေပါ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေရတဲ့ စင်ဂယ်မားသား(တဦးတည်းမေမေ) တဦးဖြစ်ပါတယ်။ သားသမီးတွေအရွယ်မရောက်သေးတာကြောင့်လည်း မိသားစုရဲ့ ဝန်တွေအကုန်လုံးကို မိခင်ဖြစ်တဲ့ မအိက ထမ်းနေရတာပါ။

လက်ရှိမအိဟာ သူမရဲ့သားနဲ့ သမီးနဲ့အတူ ဒီးမော့ဆိုအနောက်ဘက်ခြမ်း၊ စစ်ရှောင်စခန်းတခုမှာ နေထိုင် နေပါတယ်။ ၂၀၂၂ ခုနှစ်ကစပြီး စတင်စစ်ရှောင်ခဲ့တာဖြစ်ပါတယ်။ အခုနေထိုင်တဲ့ စစ်ရှောင်စခန်းဟာ မအိတို့ သားအမိ သုံးနေရာမြောက်စစ်ရှောင်ရင်း ရောက်ရှိလာတဲ့နေရာဖြစ်ပြီး ၆ လ ဝန်းကျင်ရှိနေပါပြီ။

မအိရဲ့ဇာတိကတော့ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲက ကျေးရွာကလေးတရွာမှာပါ။ စင်ဂယ်မားသား ဆိုပေမဲ့ စစ်မရှောင်ရသေးတဲ့အချိန်အထိ မအိတယောက် သူမရဲ့ သားနဲ့သမီးကို လိုလေသေးမရှိအောင် ထောက်ပံ့ပေးနိုင်ခဲ့တဲ့အပြင် မိခင်တာဝန်ကော ဖခင်တယောက်ပေးရမယ့် တာဝန်နဲ့ မေတ္တာတရားတွေကိုပါ ဖြည့်ဆည်းပေးနိုင်ခဲ့သူပါ။

ကိုယ်ပိုင်တောင်ယာအနည်းငယ်နဲ့ သူမရဲ့ မိဘပိုင် လယ်ကို သူမကိုယ်တိုင် ဦးဆောင် လုပ်ကိုင်နေခဲ့ပါတယ်။ ပြောင်းနဲ့ စပါးကို အဓိကစိုက်ပျိုးပြီး သူမစိုက်ခင်းတွေပြီးလို့ အားလပ်ချိန်တွေမှာလည်း နေ့စားအငှား လိုက်ပြီး အပိုဝင် ငွေရှာဖွေခဲ့ပါသေးတယ်။ သူမတို့သားအမိသုံးယောက်အတွက် တနှစ်စာဖူလုံရုံမက တခြားသော အသုံးစရိတ်အတွက် ပူပင်စရာလုံးဝ မရှိခဲ့ပါဘူး။

ဒါပေမဲ့ မအိတို့ မိသားစု စစ်ရှောင်ရတဲ့အခါမှာ လုံးဝကွဲပြားသွားခဲ့ပါပြီ။ သူမတို့ စစ်ရှောင်ရတဲ့ နေရာကလည်း နေ့စားအငှားလိုက်ဖို့ မရှိသလောက်ရှားပါးနေပြီး အပိုဝင်ငွေဆိုတာ မရှိတော့သလို အဓိက လိုအပ်နေတဲ့ မီးဖိုချောင်စရိတ်တောင် လိုသလောက်မရတော့တဲ့အခါ ထမင်းတောင်နပ်မမှန်တော့ပါဘူး။

သူမတို့နေထိုင်တဲ့ တဲကလေးရှေ့မှာ သားငယ်လေးနဲ့အတူ တွေ့ရတဲ့မနှင်း။

“အရင်လိုကိုယ့်ရပ်ကိုယ့်ရွာမှာနေသလို စားလို့မရတော့ဘူးလေနော။ ကလေးတွေကို ဝအောင် အရင်ကျွေးပြီးမှ အကျန်တွေစား၊ တခါတလေ အသားဟင်းဝယ်နိုင်တယ်ဆိုရင် သူတို့အတွက်ဘဲ သပ်သပ်ဖယ်ပေးလိုက်တယ်။ ကိုယ်ကရှိတာနဲ့ဘဲစားအဲ့လိုမျိုးပေါ့နော်” လို့ မအိက ချွေတာစားသောက်နေရတဲ့ အကြောင်းကို ပြောပြပါတယ်။

အာဏာမသိမ်းခင်အထိ တနေ့ကို ဆန် နို့ဆီဗူး ၄ လုံး ကုန်တဲ့ မအိတို့သားအမိသုံးယောက်ဟာ လက်ရှိမှာတော့ တနေကုန်စားဖို့ ထမင်းကို နို့ဆီဗူး ၂ လုံးပဲ ချက်နိုင်ပါတော့တယ်။ သူမရဲ့ သားသမီးတွေကို တနေ့သုံးနှပ်ကျွေးပြီး သူမကတော့ သားသမီးရဲ့အကျန်ကို စားရသလို တနေ့ကို ထမင်းတနပ်စာ လျှော့စားလေ့ရှိပါတယ်။

“ သားအမိသုံးယောက်ဆို နှစ်ဗူး မနက်၊ နေ့လယ်ပေါ့။ အဲ့တာက ညနေဆိုရင်တော့ တခါ တလေမကုန်ရင် အဲ့တာနဲ့ပဲပြန်စားတယ်” လို့ မအိက ပြောပါတယ်။

လက်ရှိမအိတို့စားနေတဲ့ ဆန်တွေကတော့ အလှူရှင်တွေထောက်ပံ့ကူညီမှုနဲ့ နပ်မှန်နေတယ်ဆိုပေမဲ့ ရေရှည်အတွက် စိတ်မအေးရပါဘူး။ ဟင်းဆိုရင်လည်း အသားဟင်းကို ၁ လ တကြိမ်တောင် ဝယ်မစားနိုင်တဲ့ အနေအထားပါ။

ဒါတွေအပြင် ကျောင်းဖွင့်ရာသီဖြစ်တာကြောင့် သားနဲ့ သမီးပညာရေးအတွက် စိတ်မအေးရပြန်ပါဘူး။ ဖတ်စာအုပ်တွေ မဝယ်ပေးနိုင်တဲ့အခါမျိုးမှာ အရင်နှစ်က ကျောင်းသားတွေဆီ စာအုပ်အဟောင်းကိုပဲ ပြန်တောင်းပေးနေရပါတယ်။

မအိလိုပဲ ၁၀ နှစ်အရွယ် သားလေးကို တကိုယ်တော် ပြုစုပျိုးထောင်ရသူကတော့ အသက် (၃၀) အရွယ် မနှင်း (အမည်လွှဲ)ပါ။ သူမကလည်း မအိနဲ့ စစ်ရှောင်စခန်းတခုတည်းမှာ နေထိုင်နေပါတယ်။

မနှင်းကတော ဘောလခဲဇာတိဖြစ်ပြီး စစ်ရှောင်ကာလ ၄ နှစ်ရှိနေပါပြီ။ လက်ရှိနေထိုင်တဲ့ စစ်ရှောင်စခန်းမှာတော့ ၄ နေရာမြောက်ပါ။ မအိလိုပဲ မနှင်းဟာလည်း စားဝတ်နေရေး ကျပ်တည်းသူဖြစ်ပါတယ်။

“သားလေးဂျီတိုက်ပြီး မုန့်တောင်းစားရင်သိပ်စိတ်ညစ်တာပဲ။” လို့ မနှင်းက ပြောပါတယ်။

တနေရာပြီးတနေရာ စစ်ရှောင်နေရတဲ့ မနှင်းကတော့ လက်ရှိအချိန်မှာ စုဆောင်းမိတဲ့ ပိုက်ဆံဆိုတာ လုံးဝကို လက်ထဲမရှိတော့တာပါ။

အနီးအနားက ကျေးရွာတွေမှာ နေ့စားတနေ့လိုက်ရင် တနေ့ကို မနှင်းတို့ ၁၂၀၀၀ ကျပ် ရပါတယ်။ အဲဒီရတဲ့ငွေတွေကို သားလေးကျောင်းလခနဲ့ စာအုပ်ဖိုးအတွက် သီးသန့်ချန်ပြီး စားရေးသောက်ရေးနဲ့ သားလေး မုန့်ဖိုးအတွက် သုံးစွဲရပါတယ်။
နေ့စားအလုပ်ကလည်း နေ့တိုင်းမရှိတာကြောင့် တချို့ရက်တွေမှာ ဝင်ငွေဆိုတာ လုံးဝဥဿုံပါပဲ။

“စားဝတ်နေရေး အခက်အခဲ တော်တော်ဖြစ်တယ်။ တခါတလေ ကျန်းမာရေးမကောင်းရင် ပိုဆိုးတယ်။ စားဝတ်နေရေး၊ ဟင်းဖိုး ၊ ကလေးမုန့်ဖိုး တော်တော်လိုအပ်တယ်။ ခက်ခဲနေတဲ့ချိန်ဆိုရင် ဟင်းရည်တခွက်နဲ့ဆိုလည်း အဲ့မျိုးပဲ။ အသီးအရွက်ခူးစား အဲ့လိုမျိုး။” လို့ မျက်ဝန်းထဲ မျက်ရည် အပြည့်နဲ့ မနှင်းပြောပြနေပါတယ်။

ယခင်အာဏာမသိမ်းခင်ကာလတုန်းကတော့ မနှင်းတို့သားအမိနှစ်ယောက်ဟာ တောင်ယာအလုပ်ကို လုပ်ကိုင်ရင်း စားဝတ်နေရေးအတွက် တစိုးတမိမျှ ပူပင်စရာမရှိခဲ့သလို သားလေးကိုလည်း ကောင်းမွန်စွာ ပညာသင်ကြားပေးနိုင်ခဲ့ပါတယ်။

“နိုင်ငံ‌ရေးကြောင့်မလို့သာ တော်တော်လေး ဒုက္ခနဲ့ ကြုံရတာပေါ့နော်။ မဟုတ်ရင် ကိုယ့်အိမ်၊ကိုယ့်ယာ နဲ့လုပ်စားလို့အဆင်ပြေတာပေါ့” လို့ လက်ရှိအကျပ်အတည်းကို မနှင်းတယောက် ညည်းညူနေပါတယ်။

မအိနှင့် ကန္တာရဝတီတိုင်း(မ်) မှ တွေ့ဆုံစဉ်။

စစ်ရှောင်ကြာလာတာနဲ့အမျှ သာမန်မိသားစုတွေတောင် ခက်ခဲလာတဲ့ ဒီလိုအချိန်မှာ အိမ်ထောင် တာဝန်ကို အမျိုးသမီးတယောက်တည်း ထမ်းရတဲ့ မအိနဲ့ မနှင်းတို့နှစ်ယောက်အတွက်တော့ ခက်ခဲမှုတွေက စကားလုံးနဲ့တောင် ဖော်ပြစရာမလိုတော့ပါဘူး။

အိမ်ထောင်ကွဲခဲ့တဲ့ အမျိုးသားတွေဆီကနေ ကလေးတွေအတွက် တစုံတရာထောက်ပံ့မှုလည်း မအိ နဲ့ မနှင်းနှစ်ယောက်စလုံးမရရှိကြပါဘူး။ ဒါပေမဲ့လည်း မိသားစုကို ဦးဆောင်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ကြတဲ့ မအိနဲ့ မနှင်းတို့ရဲ့ စိတ်ဓါတ်တွေဟာ လေးစားအတုယူစရာပါ။

“သားလေးကြောင့်လို့ပဲ ပြောရမှာပေါ့။ သူများထားနိုင်သလို ကိုယ်လည်းထားနိုင်ရမယ်။ သူများနေနိုင်သလို ကိုယ်လည်းနေနိုင်စေရမယ်ဆိုတဲ့ ဟာနဲ့ရှေ့ဆက်မယ်။” လို့ မနှင်းက ပြောပါတယ်။

မအိတို့ သားအမိသုံးယောက်နေထိုင်တဲ့ မိုင်းဖြတ်ကျေးရွာနဲ့ မနှင်းတို့သားအမိ နေထိုင်တဲ့ ဘောလခဲမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် သူမတို့ရဲ့ နေအိမ်တွေလည်း ကျန်နေသေးလားဆိုတာ မသေချာ နေပါဘူး။

ဒါပေမဲ့ နိုင်ငံရေးကို အမြန်ဆုံးအေးချမ်းချင်ပြီး သူမတို့ရဲ့ ကိုယ်ပိုင်အိမ်လေးမှာပဲ သားသမီးရဲ့ အနာဂတ်ကို လှလှပပနဲ့ ကြီးပြင်းစေချင်တဲ့ တူညီဆန္ဒရှိနေကြပါတယ်။

spot_img
spot_img

Recent posts