ကေးဒူ/ကန္တာရဝတီတိုင်း(မ်)
“ကျနော် ရဲဘော်တွေနဲ့အတူ ရှေ့တန်းထိလိုက်တယ်၊ သေနတ်သာ ကိုင်ထားတယ် ရန်သူကို တခါမှ မပစ်ဖူးဘူး၊ ဖမ်းဆီးရမိတဲ့ ရန်သူကိုတောင်မှ ကျနော်ကိုယ်တိုင် ကုသပေးသေးတယ်။”
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သွေးထွက်သံယို ဖြစ်နေကြတဲ့ လူငယ်တွေကို ကယ်တင်ချင်တဲ့ စိတ်နဲ့ ဆေးမှူးအလုပ်ကို ရွေးချယ်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ကရင်နီပြည်တပ်မတော် KA ရဲ့ တပ်ဖွဲ့ဝင် ရဲဘော် ခူးစူးရယ် တယောက် သူ့ရဲ့ မိတ်ဆွေ၊ ရန်သူ အပေါ်ထားတဲ့ သူ့ရဲ့ ဂရုဏာ စိတ်ထားကို ဖော်ပြလာတာပါ။
ခူးစူးရယ်ဟာ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တပ်မတော်က ဖွင့်လှစ်တဲ့ အပတ်စဉ် (၇၁) အခြေခံ စစ်သင်တန်းကို တက်ရောက်ခဲ့ပြီး ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။
“ရှေ့တန်းမှာ ရဲဘော်တွေကို ကူညီချင်တဲ့ စိတ်က များတယ်။ အဲဒါကြောင့် ဒဏ်ရာရရဲဘော်တွေကို ကျနော် ကူညီမယ်၊ သူတို့အသက်ကို ကျနော် ရအောင်ကယ်မယ် ဆိုတဲ့စိတ်နဲ့ပဲ ဆေးမှူးအဖွဲ့ထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်တယ်” လို့ ဆေးမှူး ခူးစူးရယ် က သူ ဆေးမှူး ဖြစ်လာပုံကို ပြန်ပြောပြပါတယ်။
တကယ်တမ်းတော့ ခူးစူးရယ်ရဲ့ ဝါသနာဟာ လူငယ်တွေရဲ့ အသက်ကို ကယ်တင်ပေးတဲ့ ဆေးမှူး အလုပ် မဟုတ်ပဲ လူငယ်တွေကို ပညာတတ်အောင် သင်ကြားပေးတဲ့ ကျောင်းဆရာ တဦး ဖြစ်ချင်ခဲ့တာပါ။ သူဝါသနာပါတဲ့ လမ်းကို လျှောက်လှမ်းနိုင်ဖို့ ကြိုးစားနေစဉ်အတွင်းမှာပဲ စစ်တပ် အာဏာသိမ်းယူလိုက်တာကြောင့် လူငယ်တွေကို ပညာတတ်အောင် သင်ပေးချင်တဲ့ စိတ်ကနေ လူငယ်တွေကို အသက်ကယ်ပေးချင်တဲ့ စိတ်အဖြစ် မွေးဖွားလာစေခဲ့တာပါ။
အခုချိန်မှာတော့ ခူးစူးရယ်တယောက် ရဲဘော်တွေနဲ့ အတူ ရင်ဘောင်တန်းရင်း လူငယ်တွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့ ကြိုးစားနေပါတယ်။
ဆေးမှူး အနေနဲ့ သူဖြတ်သန်းလာခဲ့တဲ့ တော်လှန်ရေး ကာလ လေးနှစ်ဝန်းကျင်အတွင်းမှာ သူ့အတွက် မမေ့နိုင်တဲ့ အမှတ်တရတခုကိုလည်း အခုလိုပဲ ဝမ်းနည်းစွာ ရင်ဖွင့်လာပါတယ်။

“ကျနော့် ရဲဘော်က ရှေ့မှာ သုံးယောက် ရှိနေတယ်။ အဲဒါကို ၆၀ မမ က အလယ်တည့်တည့်မှာ လာကျတော့ သုံးယောက်လုံး ထိသွားတာပေါ့နော်။ တယောက်ကတော့ နဖူး မှာ အစသေးတယ်၊ သူအသက်ရှင်ခဲ့တယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ခေါင်းတယောက်ထိတယ်၊ ကျန်တဲ့ တယောက်ကတော့ ခန္ဓာကိုယ် တခုလုံးထိတယ်ပေါ့နော်၊ ကျနော် ကိုယ်တိုင် CPR လုပ်ပေးခဲ့တယ်၊ ဒါပေမယ့် မတတ်နိုင်တော့ဘူးလေနော်။ ဘယ်လောက်ပဲ လုပ်ပေးလုပ်ပေး အဆင်မပြေခဲ့ဘူး။ ကျနော် ထမင်းတောင် စားမဝင်တာ သုံးရက်လောက်ရှိတယ်” လို့ ဆေးမှူး ခူးစူးရယ်က ပြန်ပြောင်းပြောပြပါတယ်။
သူ့ရဲ့အမှတ်တရလေးကကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေကို ခူးစူးရယ်တို့လို ဆေးမှူးတွေဟာ ဒီကနေ့အထိ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ စစ်မြေပြင်မှာ သက်တူရွယ်တူ လူငယ်လေးတွေ ထိခိုက်မိရင် အသက်ရှင်စေလိုတဲ့ စိတ်တခုတည်းသာ သူတို့မှာ ရှိပေမဲ့ တချို့သော အခြေအနေတွေဟာလည်း ကံကြောင့်လား၊ ခေတ်ကြောင့်လား မသိတော့ပဲ မလွန်ဆန်နိုင်ပဲ လက်ခံလိုက်ရတဲ့ အခုလို အမှတ်တရများစွာတွေ ရှိနေကြပါတယ်။
လူငယ်တွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အတွက် ရည်ရွယ်ချက်နဲ့ ဆေးမှူးအလုပ် ရွေးချယ်လိုက်တဲ့ အချိန်မှာတော့ တတ်စွမ်းသမျှ ကြိုစားကုသပေးခဲ့ပေမဲ့လည်း၊ အသက်တချောင်းကို မကယ်တင်လိုက်နိုင်တဲ့ အချိန်တွေဟာ သူ့အတွက် အင်မတန် ကြေကွဲ ဝမ်းနည်း ရသလို တော်လှန်ရေးအပေါ်မှာလည်း ပိုမို စိတ်အားထက်သန်စေလာခဲ့တာပါ။
ရှေ့တန်းမထွက်ရလို့ နောက်တန်းမှာ ပြန်လည် အနားယူနေတဲ့ အချိန်မှာတော့ ခူးစူးရယ် တယောက် အနီးအနားမှာ ရှိတဲ့ ဒေသခံတွေ ၊ စစ်ရှောင် စခန်းတွေဆီကို သွားရောက်ပြီး လူနာတွေကို ဆေးကုသပေးနေတာတွေ ရှိပါတယ်။
“ကျနော် နောက်တန်းမှာဆိုရင် ဆေးကုပေးနေတာတွေ ရှိတယ်။ ဒီက ဆေးခန်းဆရာမတွေနဲ့ ပြန်လိုက်ဖြစ်တယ်၊ ကွင်းဆင်းတယ်၊ စစ်ရှောင်တွေကို ဆေးလိုက်ကုပေးတယ်။ အဲ့လိုမျိုး ကျနော်သွားကူခဲ့တာတွေ ရှိတယ်။” လို့ ဆေးမှူး ခူးစူးရယ်က သူ့ရဲ့ နောက်တန်းက အချိန်တွေ အသုံးချပုံကို ပြောပြပါတယ်။
ဝင်ငွေ မရှိကြတဲ့ တော်လှန်ရေး ရဲဘော်တွေ ၊ ဆေးမှူးတွေ အတွက် အခုလို ပြင်ပလူနာတွေကို သွားရောက် ကုသပေးနေကြတဲ့ အချိန်မှာတော့ သွားလာစရိတ်တွေက အစ ခူးစူးရယ်အပြင် တခြားသော ဆေးမှူးတွေမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
ခူးစူးရယ်မှာတော့ လူနာတွေအပေါ် ထားတဲ့ သူ့ရဲ့ မေတ္တာတရားကြောင့် လူနာက ဝေးသည် ဖြစ်စေ ၊ နီးသည် ဖြစ်စေ သွားလာစရိတ် ခက်ခဲတဲ့ကြားက အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့တာတွေကိုလည်း အခုလိုပဲ မျှဝေလာပါတယ်။
“တခါတလေ လူနာတွေဆို ကျနော့်ကို လာခေါ်တာ ရှိတယ်ပေါ့နော်။ ကိုယ့်စရိတ်နဲ့ ကိုယ်သွားရတယ်။ တခါတလေ သုံးလ တခါလောက်မှ လူကြီးတွေဆီကနေတော့ မုန့်ဖိုးတွေတော့ ရပါတယ်။ လူနာက ဝေးလည်း သွားရတယ်။ နီးလည်း သွားရတယ်။ ဒါပေမဲ့ ကျနော်တို့ အများအားဖြင့် ကိုယ့် အိတ်ကပ်ထဲကနေ ကိုယ်ထုတ်ပြီးတော့ လူနာတွေကို လိုက်ကြည့်ပေးရတာပေါ့” ဆေးမှူး ခူးစူးရယ်က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေကို ဘိုးဘွား လက်ထဲမှာ ကတည်းက ပြည်သူတွေ ကြုံတွေ့ ခံစားလာခဲ့ရတဲ့အကြောင်း ကြားသိ၊ မြင်တွေ့ ခဲ့ရတဲ့ ခူးစူးရယ်အဖို့ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် အခုလိုပင်ပန်းဆင်းရဲခံနေရတာပါ။

ဒီတော်လှန်ရေး လမ်းခရီးဟာ သူ့အတွက် ဘယ်လောက်ပဲ ခက်ခဲပင်ပန်းနေပါစေ အရှုံးမပေးပဲ ဆုံးခန်းတိုင်အထိ သူရွေးချယ်ထားတဲ့လမ်းကို ဆက်လျှောက်ဖို့အတွက် ခိုင်မာစွာ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။
“ဒီတော်လှန်ရေး ပြီးတဲ့အထိ ဒီဆေးမှူး အလုပ်ကို ဆက်လက်ပြီးတော့ တာဝန်ယူ ဆောင်ရွက်သွားမယ်။ ရဲဘော်တွေကို ကျနော် တတ်နိုင်သမျှ ကူညီမယ်။ တခါတလေ မိသားစုတွေကိုလည်း ပြန်ကူညီချင်တယ်” လို့ ဆေးမှူး ခူးစူးရယ် က ပြောပါတယ်။
ဆေးမှူး ရဲဘော် ခူးစူးရယ် လိုပဲ ရှေ့တန်းစစ်မြေပြင်မှာ သူတို့လို လူငယ်တွေစစ်တိုက်ရင်း ထိခိုက်သွားသူတွေကို ကယ်ဆယ်ဖို့ တတ်တဲ့ပညာ၊ ရှိတဲ့အစွမ်းအစတွေကို အသုံးပြုပြီး ကြိုးစားနေကြတဲ့ ဆေးမှူး အမျိုးသား၊ အမျိုးသမီးတွေ မြောက်များစွာ ရှိပါတယ်။ အဲ့ဒီအထဲမှာမှ လူနာအသက်ကို ကယ်ဖို့ ကြိုးစားရင်း ကိုယ်တိုင် အသက်စွန့်ခဲ့ရသူတွေလည်း ရှိပါတယ်။
အခုတော့ ဆေးမှူး ခူးစူးရယ်အပါအဝင် အဆိုပါ ဆေးမှူးတွေဟာ မိမိ ကျရာတာဝန်ဖြစ်တဲ့ ရှေ့တန်းစစ်မြေပြင် နေရာအသီးသီးကို ရောက်ရှိနေပြီး လူငယ်ရဲဘော်တွေရဲ့ အသက်ကို အတတ်နိုင်ဆုံး ကြိုးစားကုသပေးဆဲပဲ ဖြစ်ပါတယ်။