ကေးဒူ/ကန္တာရဝတီတိုင်း(မ်)
“ဝင်ငွေ မရှိဘဲ တော်လှန်ရေးလုပ်လာတဲ့ ကာလတလျှောက်မှာက ပြဿနာတွေ အခက်အခဲတွေကတော့ အများကြီး ကြုံတွေ့ နေရတယ်။ အရင်က နိုင်ငံရေး ကောင်းသလိုမျိုး မိန်းကလေး ဆိုတော့လေ လှလှပပလေး ဝတ်စားတာတွေ ၊ ပြင်ဆင်တာတွေ ကြိုက်တယ်။ ဒါပေမဲ့ အခုက ရဲမေ ဘဝနဲ့ တောတောင်ထဲမှာပဲ ဖြစ်သလိုနေနေရတော့တယ်”
လူတိုင်း တန်ဖိုးထားမြတ်နိုးကြရတဲ့အလှအပတွေနဲ့ ပြင်ဆင်နေထိုင်ခြင်းတွေကို စွန့်လွတ်ပြီး တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ကာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး တော်လှန်ရေးလုပ်နေသူက အသက် ၂၀ ကျော် အရွယ် တော်လှန်ရေး ရဲမေ အမျိုးသမီးတဦးဖြစ်တဲ့ မီယာ ပါ။
တလလုံးနေမှ ဘာဝင်ငွေမှ မရှိတဲ့ ရဲမေ အမျိုးသမီးတွေ ဟာ သူ့တို့ ရဲ့ တကိုယ်ရေ သန့်ရှင်းရေး တွေ ၊ လစဉ်သုံးတွေ ၊ တခြားနေထိုင်မှု အသုံးစရိတ် စတာတွေအတွက် စိန်ခေါ်မှုကြီး နဲ့ ရင်ဆိုင်နေကြရတာပါ။
အများအကျိုးအတွက် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့တာဖြစ်လို့ သူတို့တွေမှာ ကိုယ်ပိုင် အလှအပတွေကို ပြင်ဆင်နိုင်ဖို့ အချိန်ရယ်လို့ ရှိမနေတော့ပါဘူး။ ဝတ်ကောင်းစားလှဘဝတွေကို စွန့်လွတ်ပြီး တောထဲမှာ ရဲဘော်တွေနဲ့အတူ ရင်ဘောင်တန်းကာ နေထိုင်စားသောက်ကြရပါတယ်။
အမျိုးသမီးတဦး ဖြစ်တာကြောင့်လည်း တခြားသော တော်လှန်ရေးရဲဘော် အမျိုးသားတွေလောက်တော့ မလွယ်ကူလှပါဘူး။ နေပူမရှောင် ၊ မိုးရွာမရှောင် ပုခုံးပေါ်မှာ ကျောပိုးအိတ်ကို လွယ်ပြီး တောတောင်တွေကို ကျော်ကာ ဖြတ်ခဲ့ရပါတယ်။
ရှေ့တန်း စစ်မျက်နှာပြင်မှာ ပင်ပန်းနေချိန် တခါတလေမှာ အရင်လို လှလှပပလေးနဲ့နေခဲ့ရတဲ့ အချိန်တွေကို ပြန်သတိရမိတာ ရှိပေမဲ့လည်း ကိုယ့်လိုမျိုးပဲ၊ ကိုယ့်ထက်ခက်ခဲကြမ်းတမ်းနေတဲ့ ပြည်သူတွေကို ပြန်ကြည့်ပြီး အားပြန်ယူရတဲ့ အကြောင်း အခုလို ပြောဆိုပါတယ်။

“တခါတလေ အရင်လို လှလှပလေး နေခဲ့ရတဲ့ အချိန်တွေကို အရမ်း သတိရတယ်။ ဒါပေမဲ့ တော်လှန်ရေးလုပ်ပြီး နောက်ပိုင်း ဝင်ငွေကလည်းမရှိဘူး ဆိုတော့လေ၊ ကိုယ့်ထက်ခက်ခဲပြီး စားဝတ်နေရေး အဆင်မပြေတဲ့သူတွေမှ အများကြီးရှိသေးတယ်။ စစ်ရှောင်ပြည်သူတွေလည်း အများကြီးခက်ခဲနေကြတယ် ။ သူတို့ကို ကြည့်ပြီးတော့မှ ကိုယ့်ကိုယ်ကို ဖြေသိမ့်ရတာပဲပေါ့” လို့ မီယာ က ပြောပါတယ်။
မီယာက ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း လမ်းပေါ်ထွက် ဆန္ဒပြရာကနေ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ဖို့ အထိ ဖြစ်လာခဲ့တာပါ။ သူမဟာ ၂၀၂၁ မတ်လပိုင်းမှာ ဖွင့်လှစ်တဲ့ လူငယ် အပတ်စဉ် (၄) သင်တန်းကို တက်ရောက်ခဲ့ဖူးသူ ဖြစ်သလို၊ ကရင်နီတပ်မတော် KA က ဖွင့်လှစ်တဲ့ အပတ်စဉ် (၇၅) မှာလည်း တက်ရောက်ခဲ့တဲ့အမျိုးသမီး ရဲမေ တဦး ဖြစ်ပါတယ်။
အခုချိန်မှာတော့ မီယာ ဟာ ကရင်နီပြည်တွင်း တနေရာမှာ ကျရာတာဝန်ကိုထမ်းဆောင်နေရင်း သူကြုံတွေ့ နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကြိုးစားနေဆဲပဲ ဖြစ်ပါတယ်။
အလှတရားတွေကို တန်ဖိုးထားမြတ်နိုးတတ်ကြတာဟာ မီယာ တယောက်တည်းတော့ မဟုတ်ပါဘူး။ အမျိုးသမီးတိုင်း၊ အမျိုးသားတိုင်းက လိုချင်ကြတဲ့ အရာတခုပဲ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာတော့ မီယာ လိုမျိုး သူတို့ရဲ့ အခွင့်အရေးတွေကို စွန့်လွတ်ပြီး တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်သွားကြတဲ့ သူတွေ မနည်းလှပါဘူး။
မီယာ လိုပဲ ရှေ့တန်းရဲဘော်တွေနဲ့ အတူ ရင်ဘောင်တန်းပြီး တော်လှန်ရေး ခရီးစဉ် လျှောက်လှမ်းနေတဲ့ သူတွေထဲမှာ မော်ဒါးမြာလည်း ပါဝင်ပါတယ်။ မော်ဒါးမြာ ကလည်း တော်လှန်ရေးကာလတလျှောက် အမျိုးသမီးတဦးအနေနဲ့ သူမ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို အခုလိုပဲ ပြောဆိုပါတယ်။
“တောတောင်ထဲမှာနေပြီး ရဲဘော်တွေ စားသလို ၊ ရဲဘော်တွေနေသလိုပဲ လိုက်နေ၊ လိုက်စား ရတာပေါ့။ အမျိုးသမီးပဲ အလှပကို မြတ်နိုးတာပေါ့၊ ကြိုက်တာပေါ့၊ ဒါပေမဲ့ မဖြစ်နိုင်တော့ဘူးလေ။ အထူးသဖြင့် ကျမ တို့လို ရဲမေ အမျိုးသမီးတွေမှာက လစဉ်သုံးတွေ ၊ တကိုယ်ရေသုံးတွေက အရမ်းကို လိုအပ်နေပါတယ်” လို့ သူမက ပြောပါတယ်။
ဘာဝင်ငွေမှ မရှိတဲ့ ရဲမေအတွက် ရှေ့တန်းရောက်နေတဲ့အချိန်တွင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရင်ဖွင့်လာတာပဲ ဖြစ်ပါတယ်။ အခုလို အခက်အခဲတွေနဲ့အမြဲတစေ ကြုံတွေ့ လာရတဲ့အချိန်မှာတော့ အဆင်ပြေသလိုပဲ ကြိုးစားရုန်းကန်ပြီး ဖြေရှင်းနေကြရပါတယ်။
မော်ဒါးမြာဟာ ရှေ့တန်းမှာ ဒဏ်ရာရနေတဲ့ ရဲဘော်တွေကို ကုသပေးနေတဲ့ ဆေးတပ်သား ရဲမေ တဦး ဖြစ်ပါတယ်။ ရှေ့တန်း မထွက်ရတဲ့ အချိန်တွေမှာလည်း စစ်ရှောင်စခန်းကို သွားပြီး ပြည်သူတွေကို ဆေးကုသမှုတွေ ပေးနေတတ်သူ တဦးလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲ ပင်ပန်းခက်ခဲနေပါစေ မော်ဒါးမြာ တယောက် သူရွေးချယ်ခဲ့တဲ့ တော်လှန်ရေးခရီးကို လက်လျော့မှာ မဟုတ်သလို တော်လှန်ရေး ပြီးဆုံးသည်အထိ ပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ ခိုင်မာစွာ ဆုံးဖြတ်ထားသူ တဦးပါ။

မော်ဒါးမြာ ဟာ အမျိုးသားတွေလိုမျိုး ရှေ့တန်းမှာ စစ်မတိုက်နိုင်ပေမဲ့လည်း သူတတ်မြောက်ထားတဲ့ ဆေးပညာနဲ့ ရှေ့တန်းမှာ ဒဏ်ရာရနေတဲ့ ရဲဘော်တွေ ၊ ဝင်ငွေမရှိပဲ စစ်ရှောင်နေကြရတဲ့ ပြည်သူတွေကို အတတ်နိုင်ဆုံး စေတနာထားပြီး ဆေးကုသပေးတဲ့အကြောင်းကို သူက အခုလိုပဲ ပြောဆိုသွားပါတယ်။
“စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပညာရေးဘက်ကို ဆက်လက်မသင်ယူနိုင်တော့လို့ တော်လှန်ရေးထဲဝင်ပြီး ကျန်းမာရေး(ဆေးမှူးသင်တန်း ) လေ့လာခဲ့တယ်။ ခက်ခဲနေတဲ့ ပြည်သူတွေ၊ ရှေ့တန်းမှာ သွားနေကြတဲ့ရဲဘော်လေးတွေကို စေတနာထားပြီး အတတ်နိုင်ဆုံး ကူညီပေးချင်တယ်။ စစ်မတိုက်နိုင်ပေမဲ့လည်း ဆေးဘက်ကနေပီး အတတ်နိုင်ဆုံး လုပ်ဆောင်ပေးချင်တာ”လို့ မော်ဒါးမြာက ပြောဆိုသွားပါတယ်။
မီယာ နဲ့ မော်ဒါးမြာ တို့လိုပဲ နိုင်ရာဝန်ကို ထမ်းရွက်နေကြတဲ့ တော်လှန်ရေး ရဲမေတွေ များစွာရှိပါတယ်။ သူမတို့တတွေဟာ တန်ဖိုးထားမြတ်နိုးရာများကို စွန့်ခွာပြီး တော်လှန်ရေးခရီးမှာ အဆုံးထိ လျှောက်လှမ်းကြမယ့် တော်လှန်ရေးရဲမေများ ဖြစ်ကြပါတယ်။