spot_imgspot_imgspot_imgspot_img
Wednesday, August 20, 2025
spot_imgspot_imgspot_imgspot_img

လေကြောင်းတိုက်ခိုက်ခံရတဲ့ မော်ချီး ၊ လိုခါးလိုကျေးရွာမှာ အမျိုးသားတစ်ဦး ထိမှန်သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

စစ်ကော်မရှင်တပ်က ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ ကို သြဂုတ်လ ၂၀ရက်နေ့ မနက် ၆ နာရီ ၂၀ မိနစ်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ‌အရပ်သား အမျိုးသား တစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

၂၅ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးပြီး ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦး နဲ့ ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်မှုကလည်း စစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲအတွက် ဗျူဟာမြောက်တဲ့လုပ်ငန်းစဥ်တစ်ခုဖြစ်တယ်လို့ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။

“စစ်ကောင်စီရဲ့ဖြတ်လေးဖြတ် ဗျူဟာလို့လည်း ပြောလို့ရသလို လူထုတွေကို အကြောက်တရားအောက်မှာ လူထုတွေကိုဆွဲသွင်းပြီး စစ်ကော်မရှင်အုပ်ချုပ်တဲ့ နယ်ပယ်ထဲကိုဝင်လာနေအောင် လုပ်တဲ့ဗျူဟာတစ်ခု။ တစ်ချိန်ထဲမှာပဲ ရွှေးကောက်ပွဲအတွက် နယ်မြေချဲ့ထွင် ထိန်းချုပ်လိုတဲ့ လုပ်ရပ်တစ်ခုပေါ့” လို့ ဦးဗညားကပြောပါတယ်။

စစ်မကောင်ရှင်တပ်က Y 12 လေယာဥ်နဲ့ မော်ချီးဒေသက လိုခါးလိုကျေးရွာကို ဗုံး ခြောက်လုံး ကြဲချခဲ့တာဖြစ်တယ်လို့ လည်းပြောပါတယ်။ လိုခါးလို ကျေးရွာကို စစ်ကော်မရှင်တပ် ဗုံးကြဲတာ ယခုတစ်ကြိမ်အပါအဝင် သုံးကြိမ်ခန့် ရှိနေပြီဖြစ်ပါတယ်။

“လေယာဉ်ကြဲတာက မနေ့ကလည်းအဲ့နေရာဘဲ ဒီနေ့လည်းအဲ့နေရာဘဲ။ မနေ့ကအိမ်မထိဘူး ဒီရက်က အိမ်ထိတော့ တစ်ယောက်သေ နှစ်ယောက်ဒဏ်ရာရတယ်။ ဆုံးသွားတဲ့သူက အရပ်သား အလုပ်သမားပါ။ ခုတော့ တစ်နေရာပြီး တစ်နေရာ ထပ်ရှောင်ရတယ် ဒီတစ်ကြိမ်အပါအဝင်ဆို ၃ ကြိမ်မြောက်ရှိပြီ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်က ရွေ့ပြောင်းလုပ်သားတွေအများဆုံးနေထိုင်တဲ့ မော်ချီးဒေသကို ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ၃ ရက်အတွင်း သေဆုံးသူ ၃၃ ဦးရှိနေပြီး ဒဏ်ရာရသူ ၁၀ ဦးရှိနေပါတယ်။ မော်ချီးဒေသအတွင်းက အရပ်သားတွေလည်း ပြောင်းရွေ့နေထိုင်ကြသူတွေ များပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ တစ်ရက်တည်းမှာပဲ ကရင်နီပြည် ၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက တစ်နေရာကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ သီးခြားမပြုနိုင်သေးပါဘူး။

spot_img

Recent posts