spot_imgspot_imgspot_imgspot_img
Thursday, June 26, 2025
spot_imgspot_imgspot_imgspot_img

လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတဲ့ မော်ချီးမှာ အမျိုးသား ၇ ဦးသေဆုံးခဲ့ဟုဆို

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့က ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့ချိန်အတွင်း အမျိုးသား ၇ ဦးသေဆုံးခဲ့ကြောင်း ကနဦးသိရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်‌သူ ဆရာဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“လက်ရှိ ကနဦးကတော့ ၇ ဦးသေပြီး ၂၀ ကျော်ထိခိုက်တယ်လို့ သိရတယ်။ သေဆုံးသူ အားလုံးက အမျိုးသားတွေပဲ။ အသက်တော့ မသိရသေးဘူး။ အကုန်လုံးက လူငယ်ပိုင်းတွေပဲ။”လို့ ဆရာဗညားက ဆိုပါတယ်။

ထိခိုက်သူတွေထဲမှာလည်း ထပ်မံ သေဆုံးသူတွေရှိကြောင်း ကြားသိရပေမယ့် အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပဲ လို့ ဆရာဗညားက ဖြည့်စွက်ပြောဆိုထားပါတယ်။

ဇွန်လ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီ ဝန်းကျင်မှာ ဗုံးကြဲ ခဲ့တာဖြစ်ပြီး ဗုံးမကြဲခင်မှာတော့ ၁၅ မိနစ်ခန့် ကင်းထောက်လေယာဉ်ပျံဝဲတာကိုတွေ့ခဲ့ကြောင်း ဒေသခံတွေက ပြောဆိုကြပါတယ်။ ပြီးတဲ့နောက်မှာ ဗုံးတစ်လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဗုံးကြဲ တိုက်ခိုက်မှုအတွင်းမှာတော့ ခဲကျင်းထဲ ပိတ်မိတာတွေ မရှိခဲ့ဘူးလို့ ဒေသခံအမျိုးသမီး တစ်ဦးက အခုလိုပြောပါတယ်။

“မော်ချီးခဲကျင်းထဲမှာ ပိတ်မိသူတော့ မရှိခဲ့ဘူး။ လူတွေကျင်းထဲ ထွက်လာမှ ကျဲသွားတာ။”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မော်ချီးဒေသမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြုလုပ်တဲ့ အကြိမ်ရေဟာ လက်ရှိမှာ ၆ ကြိမ် ရှိနေပြီဖြစ်ပါတယ်။

spot_img
spot_img