ကန္တာရဝတီတိုင်း ( မ် )
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် နေထိုင်ခွင့်မပြုထားတဲ့ မြို့ပေါ် ရပ်ကွက်တချို့ကို ပြန်လည်နေထိုင်ခွင့်ပြုလာပြီးတဲ့နောက် နေအိမ်အတွင်းက ပစ္စည်းတွေ ခိုးယူခံရမှုတွေ ရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။
၁ လေးလုံးစစ်ဆင်ရေးအတွင်း မြို့ပေါ် တိုက်ပွဲတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ ရပ်ကွက်အများစုကို စစ်ကောင်စီက ပြန်လည်နေထိုင်ခွင့် ပြုနေတာ ဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဒေါဥခူ၊ ရွာတန်းရှည်၊ ပန်ကန်း၊ ချိကယ် စတဲ့ ရပ်ကွက်အတွင်း ယခုလပိုင်းအတွင်း စစ်ကောင်စီက သွားလာခွင့်ပြုထားတယ်လို့ သိရပါတယ်။
သို့ပေမယ့် နေအိမ်မပြန်ကြည့်ခင် မိုင်းရှင်းလင်းရေးအတွက် စာရင်းပေးသွင်းရပြီး အခကြေးငွေအဖြစ် ၅သောင်းကျပ် ပေးဆောင်ရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
“ပထမတော့ form ဖြည့်ရတယ်၊ ကိုယ့်အိမ်ဖြစ်ကြောင်းရယ်၊ မိသားစုစာရင်းရယ် ပေးရတယ်။ အဲဒီအချိန် အိမ်ပြန်ကြည့်တော့ ပစ္စည်းတွေကျန်သေးတယ်။ ၃ ရက်လောက်နေတော့ နေလို့ရပြီလည်းဆိုရော သူခိုးတွေက အရင်ဝင်ပြီး ခိုးကုန်တာ ထောင်ထားခဲ့တဲ့ တံမြက်စည်းတောင် မကျန်ဘူး၊ သူတို့ သေချာမကြပ်မတ်နိုင်ပါဘူး” လို့ ချိကယ်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ပြန်လည်နေထိုင်ခွင့်ပြုထားတဲ့ ရပ်ကွက်တွေမှာ ခိုးယူမှုတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုရှိတယ်လို့ ဆိုပါတယ်။
ဒေသခံအများစုကတော့ နေအိမ်မှာ အပြီးတိုင် ပြန်လည်နေထိုင်တာမျိုးမဟုတ်ဘဲ နေအိမ် သန့်ရှင်းရေးပြန်လုပ်တာ၊ မိုင်းရှင်းလင်းရေးအတွက် လုပ်ဆောင်တာတွေ ပြီးတဲ့နောက်မှာ နေအိမ်တွင်းကပစ္စည်းပျောက်ဆုံးတာတွေ အဖြစ်များနေကြတာပါ။
မိုင်းရှင်းလင်းရေးအတွက် အခကြေးငွေ ပေးထားပေမယ့် မြေမြှုပ်မိုင်းအန္တရာယ်ကိုတော့ စိုးရိမ်နေရဆဲပဲလို့ ဒေသခံတွေက ဆိုပါတယ်။
“မိုင်းရှင်းခ ၅၀,၀၀၀ ပေးရတယ်။ မိုင်းရှာစက်နဲ့ရှင်းတာတော့ မတွေ့ဘူး။ မြက်ရိတ်စက်နဲ့ ရှင်းပေးတာပဲ တွေ့တယ်။ နေရမှာတော့ လုံခြုံမှုရှိတယ်လို့ မခံစားရပါဘူး” လို့ ချိကယ်ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာလည်း လွိုင်ကော်မြို့တွင်းမှာ တခြားနီးစပ်ရာမြို့နယ်အသီးသီးမှာ စစ်ဘေးတိမ်းရှောင်ခဲ့ကြတဲ့ ပြည်သူအများအပြား ပြန်လာနေထိုင်လျက်ရှိပေမယ့် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် လူသေဆုံးမှု၊ ခြေလက်အင်္ဂါဆုံးရှုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ လွိုင်ကော်မြို့ပေါ်က ရပ်ကွက် ( ၁၀ ) ခုထက်မနည်းမှာ ဒေသခံတွေကို ပြန်လည်နေထိုင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။