spot_imgspot_imgspot_imgspot_img
Sunday, June 15, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ၊ နည်းပြဆရာဖြစ်သင်တန်းကို ပြုလုပ်

Author

Date

Category

ကန္တာရ၀တီတိုင်း ( မ် )

စစ်ကောင်စီထိန်းချုပ်တဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက် နည်းပြဆရာဖြစ်သင်တန်းကို ဇွန်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ နှစ်ရက်တာ ပြည်နယ်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့အီလက်ထရွန်နစ်မဲပေးစက် (EVM) အသုံးပြုနည်းကို အဓိက ထည့်သွင်းပြောဆိုသွားတယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းကို တက်ရောက်တဲ့သူတွေဟာ မဲပေးစက် အသုံးပြုနည်းတွေကို ပြည်သူတွေထံ ဆက်လက်မျှဝေ သင်ကြားပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

“ရွေးကောက်ပွဲက လုပ်ကိုလုပ်မယ်ထင်တာပဲ။ အခုက လွိုင်ကော်ထဲမှာ ပြည်သူ့စစ်တွေကော၊ ပြည်သူ့လုံခြုံရေးတွေကော သူတို့တွေ အင်အားလည်း ပြန်တောင့်နေတော့ သူတို့ လုပ်ကြမယ်ထင်တာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ လွိုင်ကော်မြို့အတွင်း နေရပ်ပြန်လာသူတွေ များပြားနေပေမယ့် မြေမြှုပ်မိုင်းအန္တရာယ်ရှိနေဆဲဖြစ်ပါတယ်။ မြို့အ၀င် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် CDM ဝန်ထမ်းတွေအနေဖြင့် နေရပ်ပြန်ဖို့ အခက်အခဲများစွာ ရင်ဆိုင်နေကြတာလည်း ရှိပါတယ်။

“အခုက ဘာပါတီတွေ ရှိနေမှန်းတောင် မသိတော့တာ ဘယ်လိုမဲပေးရမှာလဲ။ မပေးပြန်ရင်လည်း ဘယ်လိုတွေ ခြိမ်းခြောက်မယ် မပြောနိုင်ဘူး။ နေရာတကာ သေနတ်တွေနဲ့မို့ ကြောက်နေရတယ်” လို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) ကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့်ကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ခွင့်ပြုပေးထားပါတယ်။

အဲ့ဒီပါတီဟာ စစ်ကောင်စီလက်အောက်ခံ ပါတီတခုဖြစ်ပြီး စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်သွားမယ်လို့ ဒေသခံတွေက ယူဆထားကြပါတယ်။

စစ်ကောင်စီက ၂၀၂၅ခုနှစ် နှစ်ကုန်ပိုင်းမှာ တစ်နိုင်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ကရင်နီပြည်က စစ်ကောင်စီထိန်းချုပ်တဲ့ နေရာအနည်းစုမှာ ရွေးကောက်ပွဲ မဖြစ်မနေ ပြုလုပ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိပါတယ်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လူထုတွေအနေနဲ့ မပါဝင်ကြဖို့၊ ကန့်ကွက်ကြဖို့ တိုက်တွန်းနိုးဆော်ထားပါတယ်။

spot_img
spot_img

Recent posts