spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့အတွင်း ပြည်သူ့စစ်နဲ့ ယာဥ်ထိန်းရဲတွေ ပူးပေါင်းပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် နဲ့ ယာဉ်ထိန်းရဲတွေ ပူးပေါင်းပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

ဇွန်လ ၁ ရက်နေ့ကစပြီး ဖမ်းဆီးတာ၊ စစ်ဆေးတာတွေကို လုပ်ဆောင်နေပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တချို့ သိမ်းဆည်းခံရတယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။ သိမ်းဆည်းခံရတဲ့ ယာဉ်တွေကို ငွေကြေးနဲ့ပြန်ရွေးခိုင်းတာလည်း ရှိနေပြီး တချို့ကတော့ ပြန်မရတော့ဘူးလို့ မြို့ခံတချို့က ပြောဆိုကြပါတယ်။

” အဓိက ကားတွေကို ဖမ်းတာပြောပေမယ့် ဆိုင်ကယ်တွေလည်း ဖမ်းတာရှိတယ်လို့ ပြောကြတယ်။ တကယ် ဖမ်းမယ်ဆိုရင်တော့ တစ်မြို့လုံးက ကားတွေ (လိုင်စင်မဲ့)တွေ ကြီးပဲလေ။”လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

မြို့တွင်း လိုင်စင်မဲ့ယာဉ်ကားတွေကို စစ်ဆေးဖမ်းဆီးရာမှာ ပြည်သူ့စစ်၊ ယာဉ်ထိန်းရဲအပြင် မီးသတ်တပ်ဖွဲ့ဝင်တချို့လည်း ပါဝင်တာကို တွေ့ရှိရတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

“စစ်သားတွေ မပါဘူး။ ပြည်သူ့စစ်တွေနဲ့ ပေါင်းဖမ်းတာ။ ဖမ်းတဲ့အချိန်တွေက ညနေတွေများတယ်။” လို့ နောက်ထပ် လွိုင်ကော်မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

လိုင်စင်မဲ့ယာဉ် ရှောင်တခင်စစ်ဆေးခြင်းကို သီရိမင်္ဂလာ(တောင်ဈေး) အနီး၊ မြို့နမ်စေတီရှေ့၊ ဒေါနိုးကူးရပ်ကွက်တွင်း၊ မြို့လယ်မီးပွိုင့် စတဲ့နေရာတွေမှာ စစ်ဆေးမှုအများဆုံးရှိတယ်လို့ သိရပါတယ်။

အိမ်တိုင်ရာရောက် လိုင်စင်မဲ့ယာဉ်တွေကို စစ်ဆေးတွေ့ရှိပါက သိမ်းယူမယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းစကားတွေကြောင့်လည်း ပြည်သူတွေဟာ စိုးရိမ်မှုရှိနေကြတယ်လို့ ဆိုပါတယ်။

အခုလို လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုကို ရှမ်းပြည်နယ် တောင်ပိုင်းက မြို့နယ်မှာလည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ စစ်ဆေးရေးအဖွဲ့က ခပ်စိတ်စိတ် လုပ်ဆောင်လျက်ရှိနေပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေလည်း သိမ်းဆည်းခံရမှု များတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရှိရပါတယ်။

spot_img

Recent posts