spot_imgspot_imgspot_imgspot_img
Wednesday, August 20, 2025
spot_imgspot_imgspot_imgspot_img

“သူမပြောတဲ့ ၃ လပိုင်း ၂၃ ရက်နေ့ … သို့မဟုတ် ဆုတောင်းကို ခြေတဖက်နဲ့ လဲရသူ ဒေါ်တင်လှ..”

Author

Date

Category

မော်ဦးမြာ / ကန္တာရဝတီတိုင်း(မ်)

“သမီးရေ ပြေး…ပြေး အမေ့ခြေထောက်မရှိတော့ဘူး ပြေး…လို့။ တော်သေးတယ် ကျမ သမီးက ဆက်ပြေးတာ မိုင်းလည်း မနင်းမိဘူး။ အန္တရာယ်ကြားထဲမှာ ကျမတို့ ဒုက္ခအမျိုးမျိုးရောက်တယ်။”

၃ လပိုင်း ၂၃ ရက်ဆိုတဲ့နေ့ဟာ အားလုံးအတွက်တော့ သာမန်နေ့တနေ့လိုပဲ ဖြတ်သန်းခဲ့ရမှာပါ။ ဒေါ်တင်လှအတွက်တော့ အဲ့ဒီနေ့ကအိပ်မက်ကို ဒီကနေ့အထိ စွဲစွဲမြဲမြဲ မက်နေရစေတဲ့နေ့ပါပဲ။ ဒေါ်တင်လှ စွဲစွဲမြဲမြဲ မက်နေရတဲ့ အိပ်မက်ကြီးက ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။

အဲ့ဒီနေ့ရဲ့ မနက်ခင်းမှာ ခြေတဖက် ဆုံးရှုံးလိုက်ရသူကတော့ ဒေါ်တင်လှပါပဲ။ အဲ့ဒီနှစ်က ၂၀၂၄ ခုနှစ်ပါ။ ဒီအိပ်မက်ဆိုးကြီးကို ဒေါ်တင်လှတယောက် စွဲစွဲမြဲမြဲ မက်နေရတာ အခုဆိုရင် တနှစ်ကျော် ကြာသွားပါပြီ။

ဒေါ်တင်လှ ဟာ ဖားဆောင်းမြို့ဇာတိဖြစ်ပြီး မြို့ပေါ်က ကွက်သစ်ရပ်ကွက် မှာ နေထိုင်သူပါ။ ဒေါ်တင်လှတို့ဟာ ဖားဆောင်းမြို့တွင်း တိုက်ပွဲစတင်ဖြစ်ပွားချိန်မှာ နေအိမ်ကနေ ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းကို သွားရောက်စုဝေးခိုလှုံခဲ့ကြတာပါ။ တလဝန်းကျင် ခိုလှုံနေရင်းနဲ့ စားနပ်ရိက္ခာ၊ သောက်သုံးရေ စတာတွေ ပြတ်လပ်လာတာမို့လို့ သူတို့ကို ကူညီကယ်ဆယ်မယ့်သူတွေ ရောက်လာဖို့ နေ့ညမပြတ် မျှော်လင့်လျှက် ဆုတောင်းနေခဲ့ကြတယ်လို့ သူမက ပြန်ပြောင်းပြောပြပါတယ်။

ဒေါ်တင်လှတယောက် ကယ်ဆယ်ရေးအလာကို စောင့်မျှော်ခဲ့တဲ့ဆုလေး ပြည့်ခဲ့ပေမယ့် အဲဒီနေ့ရဲ့ မနက်ခင်းမှာပဲ ပြန်မရနိုင်တော့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတခုကို ပေးဆပ်လိုက်ရပါတယ်။ ကူညီကယ်ဆယ်ရေးသမားတွေကတော့ ဒေါ်တင်လှတို့ကို သေနတ်ပစ်ခတ်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားက ကယ်ထုတ်ခဲ့ကြတာဖြစ်လို့ ပြေးလွှားရင်း ဒေါ်တင်လှတယောက် မြေမြှုပ်မိုင်း နင်းမိသွားတာပါ။

ဘုန်းကြီးကျောင်းပေါ်ကနေ ဆင်းပြေးနေရင်း ဆယ်မိနစ်အတွင်းမှာ သူမဟာ ခြေတဖက်ကို ပေးဆပ်လိုက်ရပါတယ်။

“ဆယ်မိနစ်တောင် မရှိဘူး ပြေးတာ။ သွားနင်းမိတာ ဘုန်းကြီးကျောင်းဝိုင်းထဲမှာပဲ။ သူများပစ်ခတ်နေတဲ့ကြားထဲကနေ ပြေးထွက်လာရတာဆိုတော့ ကြောက်အားလန့်အားနဲ့ ပြေးတော့ ကျမ က မိုင်းသွားနင်းမိတာ။” လို့ ဒေါ်တင်လှ က သူမ မိုင်းနင်းမိခဲ့ချိန်ကို ပြန်ပြောင်းပြောပြပါတယ်။

လမ်းလျှောက်နိုင်ဖို့အတွက် ခြေတု တပ်ရန်ပြင်ဆင်နေသော ဒေါ်တင်လှ အား တွေ့ရစဉ်

ဒေါ်တင်လှ နင်းမိတဲ့မိုင်းကြောင့် အတူထွက်ပြေးတိမ်းရှောင်လာတဲ့ ဦးဇင်းတပါးလည်း ထိခိုက်ဒဏ်ရာ ရရှိထားပါတယ်။ ဒေါ်တင်လှအပါအဝင် လူ နှစ်ရာကျော်ကို တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ ခုနှစ် ၃ လပိုင်း ၂၃ ရက်နေ့ စနေနေ့မနက်ပိုင်းမှာ လာရောက်ကယ်ထုတ်ခဲ့ကြတာပါ။

မိုင်းနင်းမိခဲ့တဲ့ ဒေါ်တင်လှဟာ ကယ်ဆယ်ရေးသမားတွေရဲ့ အကူအညီနဲ့ ကုန်းကြောင်း၊ ရေကြောင်း ဖြတ်ပြီး ကားလမ်းမကြီးပေါ်ရောက်တဲ့အချိန်မှာ ဆေးမှူးတွေရဲ့ ကူညီကုသမှုနဲ့ လုံခြုံတဲ့နေရာမှာ ဆေးကုသခွင့် ရရှိခဲ့ပါတယ်။

သူမကို ကယ်ဆယ်ရေးသမားတွေက အလှည့်ကျစီ ကျောပိုးပြီး ကျည်ဆံကြား၊ ဘယ်အချိန်မှာ ဗုံးတွေချမယ်မှန်းမသိ တဝီဝီနဲ့ ပျံသန်းနေတဲ့ လေယာဉ်သံတွေကြားကနေ သစ်ပင်တွေ၊ ကျောက်တုံးတွေရဲ့ အကာအကွယ်ကို ယူပြီး ပြေးလွှားခဲ့ရပါသေးတယ်။ မိုင်းထိပြီး တန်းလန်းဖြစ်ကာ သွေးထွက်နေတဲ့ သူမရဲ့ ခြေထောက်တွေကို ကြည့်ရင်း သူမ နာကျင်နေရပေမဲ့ တဦးတည်းရှိတဲ့ သမီးရဲ့မျက်နှာက သူမကို ဆက်ပြီးရှင်သန်နိုင်စေတဲ့ တခုတည်းသောအကြောင်းရင်းဘဲ ဖြစ်ပါတယ်။

ဒေါ်တင်လှဟာ အသက် ၅၄ နှစ်ရှိပါပြီ။ သား နှစ်ဦး နဲ့ သမီး တဦး ရှိပါတယ်။ သားတွေကတော့ ကိုယ်စီ မိသားစုဘဝလေး ထူထောင်နေကြပါပြီ။ သမီးကတော့ သူမနဲ့အတူ နေနေပါတယ်။ အခုတော့ ဒေါ်တင်လှတို့ မိသားစုဟာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေပါတယ်။ ဒေါ်တင်လှ တယောက် သူမရဲ့ ခင်ပွန်း၊ အသက် ၂၀ ကျော်အရွယ်သမီးဖြစ်သူတို့နဲ့အတူ နေထိုင်ပါတယ်။

အခုတော့ ဒေါ်တင်လှနဲ့ မိသားစုဟာ စစ်ရှောင်စခန်းရဲ့ တဲအိမ်ငယ်လေးထဲမှာ အသိမိတ်ဆွေတွေရဲ့ အကူအညီနဲ့ စျေးဆိုင်ငယ်လေး ဖွင့်ထားပါတယ်။ သမီးဖြစ်သူကတော့ ကျောင်းဖွင့်ချိန်မှာ စေတနာ့ဝန်ထမ်းအဖြစ် စာသင်ကြားပေးနေပြီး မိခင်ဖြစ်သူက စျေးဆိုင်စောင့်တာပါ။

ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့်ရယ်၊ အရင်းအနှီးမရှိပဲ အကူအညီနဲ့ ရောင်းနေရတာကြောင့်ရယ်၊ အမြတ်အစွန်းတော့ သိပ်မရပေမဲ့ အခုလို သွားလာလှုပ်ရှားလို့ မရနိုင်တဲ့အခါ ကူညီပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ရတယ်လို့ ဒေါ်တင်လှက ရင်ဖွင့်ပြောပြပါတယ်။

အခုတော့ ဒေါ်တင်လှဟာ အကူအညီပေးသူများရဲ့ အကူအညီနဲ့ ခြေတုတပ်ဆင်နိုင်ပါပြီ။ သို့ပေမဲ့ အရင်လို သန်မာတဲ့ဘဝလိုတော့ သွားလာနိုင်တာမျိုး မရှိတော့ပါဘူး။ မိုင်းနင်းမိတဲ့အချိန်မှာ ခြေ နှစ်ဖက်လုံး ထိခိုက်ထားပေမဲ့၊ ခြေတဖက်ဖြတ်လိုက်ရပြီး ကျန်တဖက်ကတော့ ထိခိုက်ဒဏ်ရာ အမာရွတ်တွေနဲ့ပါ။

ဒေါ်တင်လှ ခြေတုတပ်ပြီး လမ်းလျှောက်နိုင်ဖို့ သူမ အသုံးပြုရသော ခြေအိတ်များ

သေးသွယ်တဲ့ ခြေထောက်အတွက် တနေ့တနေ့ ခြေတုတပ်ပြီး လမ်းလျှောက်နိုင်ဖို့ ခြေအိတ် အပါးကို ဆယ်ထပ် ထပ်မှသာ သူမအတွက် လမ်းလျှောက်လို့ အဆင်ပြေနိုင်ပါတယ်။

ခြေအိတ်အပါး တစုံကို မြန်မာငွေ ခန့်မှန်းခြေ သုံးထောင်ငါးရာကျပ် ပေးဝယ်ရတာကြောင့် သူမ လမ်းတခါလျှောက်ဖို့ အသုံးပြုရတဲ့ငွေပမာဏ ဟာ မြန်မာငွေ တသောင်းခုနှစ်ထောင့်ငါးရာ ကျပ် ကုန်ကျပါတယ်။ လက်ရှိမှာတော့ သူမ မှာ ခြေတုတပ်ပြီး လမ်းလျှောက်နိုင်ဖို့ ခြေအိတ် နှစ်စုံ သာ ရှိပါတယ်။ မိုးတွင်းဖြစ်တာကြောင့် တစုံလျှော်ရင် ခြောက်နိုင်ဖို့ အချိန်ယူရတယ်လို့ ဆိုပါတယ်။ သူမ ပိုင်ဆိုင်ထားတဲ့ ခြေအိတ် နှစ်စုံဟာလည်း တဖြည်းဖြည်း ပါးလို့လာနေပါပြီ။

ဒေါ်တင်လှဟာ ၃ လပိုင်း ၂၃ ရက်နေ့အကြောင်းကို ပြန်ပြောင်းပြောပြတဲ့အခါ မျက်ရည်ကျပြီးတလှည့်၊ ပြုံးပြီးတလှည့်နဲ့ပါ။ အဲ့ဒီနေ့က ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာ တခုချင်းစီကို လက်အမူအယာကို သုံးပြီးပြောပြလိုက်၊ စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ပြီးတလှည့် မရှိတော့တဲ့ ခြေတဖက်အစား ခြေတုကို မျက်ဝန်းတွေထဲ မျက်ရည်စအပြည့်နဲ့ ကြည့်ရင်း ပြောပြလိုက်နဲ့၊ အရပ်သားတွေဟာ စစ်ကြောင့် မြေစာပင်ဖြစ်ရပုံကို ထင်ဟပ်ပေါ်လွင်စေလိုတဲ့ ဆန္ဒတခုတည်းနဲ့ စာရေးသူ ကျမကို ပြန်ပြောင်းပြောပြနေခဲ့တာပါ။

ဒေါ်တင်လှတယောက် ရွာမှာနေတုန်းကဆိုရင် အိမ်ရှင်မပီပီ မနားမနေပဲ ခြံအလုပ်ကို လုပ်နေခဲ့သူပါ။ ယခင်က သွက်သွက်လက်လက်ရှိခဲ့တဲ့သူမကတော့ အခု ခြေထောက်တဖက်မရှိတော့တဲ့အခါမှာတော့ အေးဆေးတည်ငြိမ်သူတယောက်အဖြစ်ကို ပြောင်းလဲသွားစေခဲ့ပါပြီ။ အခုတော့ သူမဟာ သွားလာနိုင်ပြီဖြစ်ပေမဲ့ ခြေတုကြောင့်သာဖြစ်လို့ လှုပ်ရှားနိုင်ဖို့ အင်မတန် ခက်ခဲနေတာပါ။

ဒေါ်တင်လှဟာ သူမရဲ့ အသက် ၅၄ နှစ် သက်တမ်းအတွင်း ပထမဦးဆုံး စစ်ဘေးတိမ်းရှောင်ဖူးတာပါ။ သူမ ငယ်စဉ်က တိုက်ပွဲဖြစ်ပွားတယ်ဆိုတာကို နားနဲ့ပဲ ကြားခဲ့ရပြီး မြင်လည်းမမြင်ဖူးပါဘူး။ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖားဆောင်မြို့သိမ်းတိုက်ပွဲ စတင်တော့ သူမတို့ဟာ အချိန်တခဏအတွင်း ပြီးမြောက်သွားမယ်လို့ မျှော်လင့်နေခဲ့ပါတယ်။ ဒါပေမဲ့ ပြတ်လပ်လာတဲ့ စားနပ်ရိက္ခာ၊ သောက်သုံးရေတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း အခုဆိုရင် တနှစ်ကျော် ကြာသွားပါပြီ။ ဘုန်းကြီးကျောင်းဝန်းထဲ တလနီးပါး ခိုလှုံခဲ့ရတာကြောင့် စုဆောင်းထားတဲ့ စားနပ်ရိက္ခာတွေအားလုံးဟာ အဲ့ဒီမှာတင် ကုန်သွားပါတယ်။

ကယ်ဆယ်ရေးတွေရဲ့ အကူအညီနဲ့ ထွက်လာရတဲ့နေ့မှာ အဝတ်တထည် ကိုယ်တခုသာ ကျန်တော့တာမို့ အလှူရှင်တွေကိုသာ မျှော်ကိုးပြီး ဖြတ်သန်းနေရပါတယ်။ အထူးသဖြင့် ဒေါ်တင်လှ လို သွားလာလှုပ်ရှားဖို့ ခက်ခဲတဲ့သူတွေနဲ့ ကျန်းမာရေး ချို့ယွင်းသူတွေဟာ အလှူရှင်တွေရဲ့ အကူအညီကိုသာ စောင့်မျှော်ရင်း ဆုတောင်းရင်း ဖြတ်သန်းနေကြတယ်လို့ ဒေါ်တင်လှက ပြောပြပါတယ်။

စစ်ရှောင်စခန်းက တဲအိမ်ကြားလေးထဲ လမ်းလျှောက်နေသော ဒေါ်တင်လှအား တွေ့ရစဉ်

စစ်ရှောင်စခန်းထဲက အိမ်ရှင်မတွေ ရဲ့ သွားလာလှုပ်ရှားမှုတွေ၊ အထူးသဖြင့် မိသားစုအတွက် ရုန်းကန်ရင်း ခြံလုပ်ကိုင်နေတဲ့ အိမ်ရှင်မတွေကိုမြင်ရင် ဒေါ်တင်လှတယောက် မိုင်း ကို မုန်းတီးပြီး ကြောက်ရွံ့စွာ ရှင်သန်နေရပါတယ်။

“မုန်းတာပေါ့ ဆရာမ ရယ် ခြေထောက် တဖက်လုံး ပေးရတော့ တအားနဲ့ ကြောက်တယ်။ သူ့အဖေ သွားလည်း၊ အလုပ်သွားလုပ်လည်း၊ သူတခုခု ဖြစ်လာမှာ တအားစိုးရိမ်တယ်။ ဘယ်မှ မသွားရဲဘူး။ လမ်းဘေးဆို မနင်းနဲ့ ဘာညာပေါ့။ ထပ်ဖြစ်သွားရင် ဒုက္ခိတ ဘဝ ရောက်တယ်လေ။” လို့ အမျိုးသားဖြစ်သူ အပြင်သွားရင် စိုးရိမ်မှုနဲ့ ပြန်အလာကို မျှော်နေရတဲ့အကြောင်း ဒေါ်တင်လှက ပြောပြတာပါ။

spot_img

Recent posts