ကေးဒူ/ကန္တာရဝတီတိုင်း(မ်)
“မျိုးဆက်တွေ အကြောင်းဆိုရင်တော့ ပညာရေးနဲ့ ဦးဆုံး တည်ဆောက်ရမှာပါဘဲ။ အခုလိုအခြေအနေမျိုးမှာ အရည်အသွေးမီတယ်၊ မမီတယ် ဆိုတာထက်ကို ကျနော်တို့ ကလေးတိုင်း ပညာသင်ကြားခွင့် အခွင့်အရေး မဆုံးရှုံးရအောင်တော့ ဆရာရယ် ၊ မိဘရယ်၊ ကျောင်းသားရယ် ဘက်ညီညီသွားနိုင်မှ ရမှာပါ။ တချို့ကလေးတွေ ပညာသင်ကြားခွင့် အခွင့်အရေးဆုံးရှုံးနေကြရတယ်၊ အကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ သိပ်ဝမ်းနည်းဖို့ကောင်းပါတယ်”
ဒါကတော့ အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်မှုတွေပြင်းထန်နေတဲ့ ကရင်နီပြည်အတွင်းက ကျောင်းသားမိဘ တဦးရဲ့ ရင်တွင်းဖြစ်စကားသံပါ။
နိုင်ငံ တနိုင်ငံဖြစ်စေ ၊ ပြည်နယ် တပြည်နယ် ဖြစ်စေ တည်ဆောက်တဲ့နေရာမှာ “ပညာရေး” ဆိုတာ အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ပညာရေးက နိုင်ငံ တနိုင်ငံ ရဲ့ အခြေခံ အုတ်မြစ်လို့လည်း ဆိုနိုင်ပါတယ်။
ဒီလိုအရေးပါလှတဲ့ ပညာရေးအခန်းကဏ္ဍဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်ကျော်အတွင်း တဖြည်းဖြည်းဆုတ်ယုတ်လာနေပါတယ်။ အထူးသဖြင့် တော်လှန်ရေးအင်အားစုတွေ အားကောင်းပြီး စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်မှုတွေခံနေရတဲ့ ကရင်နီပြည်မှာတော့ မျိုးဆက်သစ်ကလေးတွေဟာ ပညာသင်ကြားခွင့် အခွင့်အလမ်းတွေကိုပါ ဆုံးရှုံးလာရပါတယ်။
ပညာသင်အခွင့်အလမ်းတွေ ဆုံးရှုံးလာကြတဲ့ ကရင်နီပြည်က ကလေးငယ်များ
အာဏာသိမ်းထားတဲ့ စစ်ကောင်စီတပ် နဲ့ ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တို့ နေ့စဉ် ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ အခြေခံပညာ ကျောင်းနေအရွယ်ကလေးတွေဟာ မိသားစု တွေနဲ့အတူ တောထဲ၊ တောင်ထဲမှာ သွားရောက်ခိုလှုံကာ ပညာရေးကို ရတဲ့နည်းနဲ့ ၊ အခွင့်ရှိသလို ဆက်လက် လေ့လာသင်ယူနေကြရပါတယ်။
ဒီလို အခက်အခဲတွေပေါင်းများစွာကြားက ပညာရေးကိုရှေ့ဆက်လေ့လာသင်ယူနေကြရတဲ့ ကလေးငယ်တွေမှာတော့ စိန်ခေါ်မှုတွေများစွာ ရှိနေပါတယ်။ တချို့ကလည်းမိသားစုရဲ့ စားဝတ်နေရေးချို့တဲ့မှုကြောင့် ကျောင်းမနေရတဲ့ကလေးတွေလည်း ရှိလာပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရဲ့ ခြိမ်းခြောက်မှုတွေ၊ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ စစ်ရှောင်ဘဝ စီးပွားရေးအဆင်မပြေမှုကြားမှာ တချို့ကလေးငယ်တွေဟာ စိတ်ဒဏ်ရာတွေအပြည့်နဲ့ပါ။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လ အတွင်းမှာ (၅) တန်းအရွယ် ကျောင်းသူလေး တဦးဟာ စိန်ခေါ်မှုတွေ နဲ့ ပြည့်နှက်တာကြောင့် ရှင်သန်နေရတဲ့ ဘဝကိုစွန့်လွတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်က လက်ရှိကရင်နီပြည်တွင်းမှာ ကြုံတွေ့နေကြရတဲ့ ပညာလိုလားသူ ကျောင်းသူကျောင်းသားတွေနဲ့ မိဘတွေရဲ့ အခက်အခဲကို မီးမောင်းထိုးပြခဲ့တဲ့ ဖြစ်စဉ်တခုပါ။
ဒါတွေတင်မကပါဘူး၊ တိုက်ပွဲတွေ ဖြစ်ပွားလို့ သေနတ်သံကြားရပြီဆိုရင် ကျောင်းမှာ ပညာသင်ယူနေကြတဲ့ ကလေးတွေ အပါအဝင် ဆရာ၊ ဆရာမတွေကအစ ထိတ်လန့် နေကြတာ ယခုထိတိုင်ပဲ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ လုံခြုံဖို့ အတွက် ပုန်းခိုကျင်းတွေ တူးထားကြပေမဲ့လည်း စစ်ကောင်စီ ရဲ့ ပေါင် (၅၀၀) ဗုံးဒဏ်ကိုတော့ ခံနိုင်ရည်အစွမ်း ရှိမှာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်း ဒေါဆီးအီ အလယ်တန်း စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အဆိုပါ ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား (၄) ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၂၉) ဦးအထိ ရှိခဲ့ပါတယ်။
စစ်ကောင်စီတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံနေရတဲ့ ကရင်နီပြည်တွင်းက စာသင်ကျောင်းတွေမှာတော့ ကလေးတွေရဲ့ လုံခြုံရေးကို စိုးရိမ်ပြီး စာသင်ကျောင်းတွေကို မကြာခဏ ဆိုသလို ပိတ်ထားရတာတွေလည်း ရှိနေပါတယ်။
ထူထဲတဲ့ အုတ်တွေ အစား ဝါးထရံတွေသုံး ၊ သွပ်တွေ အစား အမိုးလုံအောင် မိုးကာ တာလပတ် ကလေး အုပ်ကာ တောထဲ တနေရာမှာ တည်ဆောက်ထားတဲ့ အထက်တန်းကျောင်းလေး တကျောင်းမှာ ပညာသင်ယူနေတဲ့ မစိုးလင်းသွယ် ကတော့ သူရဲ့ အနာဂတ် အတွက် စိုးရိမ်ပူပန်မှုကို အခုလိုပဲ ပြောဆိုပါတယ်။
“ဒီအခြေအနေ အရဆိုရင် နောက်နှစ်တွေမှာလည်း ဒီဆရာ၊ ဆရာမတွေ ဆက်လက်တောင့်ခံ နိုင်ပါဦးမလား ဆိုတာ မသေချာဘူး။ ကျောင်းသား၊ကျောင်းသူတွေ အပါအဝင် ဆရာ၊ ဆရာမတွေ တွေကအစ လုံခြုံရေးအဆုံး အကုန်လုံးက စိန်ခေါ်မှုတွေချည်းပဲ ဖြစ်နေတယ်” လို့ မစိုးလင်းသွယ်က ပြောပါတယ်။
တဖက်မှာလည်းပညာရေးအတွက် လိုအပ်တဲ့သင်ထောက်ကူပစ္စည်း လိုအပ်ချက်တွေကလည်း စာသင်ကျောင်းတိုင်းမှာ မြင့်မားနေပါတယ်။ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေအများစု ဖြစ်တာကြောင့်လည်း လိုအပ်ချက်ကိုမဖြည့်ဆည်းနိုင်ကြပါဘူး။
“ကျနော် တွေ့မြင်ခဲ့ရတဲ့ ကျောင်းတော်တော်များများက ကိုယ်ထူကိုယ်ထနဲ့ သွားနေကြရတာ များတယ်ပေါ့နော်။ သင်ကြားရေးပိုင်းဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေ လုံလောက်မှု မရှိတာတွေလည်းတွေ့ရတယ်။ ပြီးတော့ ကျောင်းဆရာ၊ဆရာမ တွေ လုံလောက်တဲ့ အရင်းအမြစ်တွေ မရှိတာတွေ အပါအဝင်ပေါ့။ ကိုယ်ထူကိုယ်ထနဲ့ သွားရတဲ့ ကျောင်းတွေမှာ ကျောင်းပညာရေးကတော့ လိုအပ်ချက်တွေ ရှိမှာပါပဲ ။”လို့ အထက်တန်းအောင်မြင်ထားတဲ့ ကျောင်းသားတဦးက ပြောပါတယ်။
အထက်တန်းကို အောင်မြင်စွာပြီးမြောက်သွားတဲ့ ကျောင်းသားတဦးကတော့ စာသင်ကျောင်း အများစုမှာတော့ ကိုယ်ထူကိုယ်ထ သွားရတယ်ဆိုပေမဲ့လည်း စစ်မှန်တဲ့ အရည်အသွေး ပြည့်မီတဲ့ ဆရာ၊ ဆရာမတွေ အများကြီးရှိနေတာကြောင့် နောင် တချိန်မှာ အရည်အသွေး ပြည့်မီတဲ့ အနာဂတ် ကြယ်ပွင့်လေးတွေကို မွေးထုတ်ပေးနိုင်လိမ့်မယ်ဆိုတာကို သူယုံကြည်တဲ့အကြောင်း အခုလိုပဲ ပြောဆိုပါတယ်။

စစ်မြေပြင်မှာ ဆရာ၊ ဆရာမ တွေ ဘယ်လို သင်ကြားနေကြရပါသလဲ ။
သင်ကြားရေးပိုင်းမှာတော့ သင်ထောက်ကူပစ္စည်းတွေနဲ့ ၊ အလုံအလောက် သင်ကြားရတယ်ဆိုလို့ တကျောင်းမှ ရှိမနေသေးပါဘူး။ တော်လှန် ဆရာ၊ ဆရာမတွေဟာ ရတဲ့ နည်းလမ်းမျိုးစုံကို သုံးပြီး တတ်စွမ်းသမျှပညာကို ဆရာစား မချန် သုံးကာ ကြိုးစားရုန်းကန်သင်ကြားပေးနေကြရတာပါ။ CDM ဆရာ၊ ဆရာမတွေနဲ့ မလုံလောက်နိုင်တဲ့ အခြေအနေတခုမှာတော့ စေတနာ့ဝန်ထမ်းတွေများစွာ ပါဝင်လာပါတယ်။
တချို့စေတနာ့ ဝန်ထမ်းတွေမှာတော့ တကယ်ကို အရည်အသွေး ပြည့်မီတဲ့ စေတနာ့ ဝန်ထမ်းတွေ ရှိသလို တချို့တွေမှာလည်း လုပ်ငန်းခွင်ကနေ အတွေ့အကြုံတွေနဲ့ ပြန်လည် မျှဝေ သင်ကြားပေးနေကြတာပဲ ဖြစ်ပါတယ်။
စေတနာ့ ဝန်ထမ်းတွေကို ပိုမို ပြည့်စုံတဲ့ အရည်အသွေး ရှိတဲ့ ဆရာ၊ ဆရာမတွေအဖြစ် ပေါ်ထွန်းလာနိုင်အောင် မြေပြင်မှာ သင်တန်းတွေပေးပြီး ပညာရေး အာမခံ ချက်ရှိလာအောင် ကြိုးစားဆောင်ရွက်နေတဲ့ အကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဌာန အခြေခံပညာဌာနခွဲ ညွှန်ကြားရေးမှူး စိုးလှိုင်ဝင်း က အခုလိုပဲ ပြောဆိုပါတယ်။
“အထူးသဖြင့် ပညာရေးဒီဂရီကောလိပ် မြေပြင်မှာ ပြန်လည်ဖွင့်လှစ်ထားတာတွေ၊ သင်တန်းတွေ ဖွင့်လှစ်တာတွေကနေ ဆရာ၊ ဆရာမ အရည်အသွေးပိုင်းတွေ ပိုပြီးမြှင့်တင်လာနိုင်အောင် ဆောင်ရွက်နေတာတွေရှိပါတယ်။ အနာဂတ်မှာတော့ ပညာရေးမှာ အရည်အသွေးပိုင်း အာမခံချက်ရရှိရေးကို အဓိက မြှင့်တင်နိုင်ဖို့ ဆောင်ရွက်နေကြတာဖြစ်လို့ ပိုပြီး တိုးတက်လာဖို့ရှိပါတယ်” လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဌာန အခြေခံပညာဌာနခွဲ ညွှန်ကြားရေးမှူး စိုးလှိုင်ဝင်း က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ်ထူကိုယ်ထ စနစ်တွေနဲ့ အထက်တန်းအထိ ဖွင့်လှစ်ထားတဲ့ ဒီးမော့ဆို မြို့နယ်တွင်းက စာသင်ကျောင်းတကျောင်းမှာတော့ ဆရာ၊ ဆရာမ ဦးရေ (၁၄) ဦးနဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၀) ကျော်ကို သင်ကြားပေးနေရတာပဲ ဖြစ်ပါတယ်။ အဆိုပါ ဆရာ၊ ဆရာမ (၁၄) ယောက်ထဲမှာမှ CDM ပြုလုပ်ထားတဲ့ ဆရာ၊ ဆရာမ ဦးရေ (၃) ဦးသာ ပါဝင်တယ်လို့ ဆိုပါတယ်။
ကျန်တဲ့ (၁၁) ယောက်မှာတော့ စေတနာ့ ဝန်ထမ်းတွေသာ ဖြစ်ပြီး သက်ဆိုင်ရာက ပို့ချပေးတဲ့ သင်တန်းကို (၁) ဦးသာ တက်ရောက်ခဲ့ဖူးသေးတယ်လို့ ကျောင်းတာဝန်ခံ ဆရာမ တဦးကပြောပါတယ်။
စာသင်ကျောင်းအများစုမှာတော့ CDM ဆရာ၊ ဆရာမ အင်အားနဲ့မလုံလောက်တဲ့အတွက် စေတနာ့ (Volunteer) ဆရာ၊ ဆရာမတွေ ခေါ်ယူအသုံးပြုနေကြပါတယ်။
ယခင်သင်ကြားရေး အတွေ့အကြုံရှိထားပြီးသား CDM ဆရာ၊ ဆရာမတွေကိုပဲ ရွေးချယ်ပြီးတော့ ခန့်အပ်မယ်ဆိုရင်တော့ သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေ လုံလောက်မှာမဟုတ်ဘူးလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ ပညာရေး ဌာန ၊ ဖေစိုးလေးမြို့နယ် (ရှားတော မြို့နယ်) ပညာရေးမှူးက အခုလိုပဲ ပြောပါတယ်။
” လက်ရှိမြင်တွေ့နေရတာက မိဘတွေက ကျောင်းတွေဖွင့်ခိုင်းတယ်။ အရည်အချင်းရှိတဲ့ ဆရာ၊ ဆရာမ တွေတော့ လိုချင်ကြတယ်။ သို့ပေမဲ့ ကျောင်းမှာဘာလိုအပ်လဲ၊ ဘာတွေကူညီပေးနိုင်မလဲ၊ ဆရာ၊ ဆရာမတွေကို ဘယ်လိုခွန်အားပေးရမလဲဆိုတာတော့ မလုပ်ကြတာများတယ်ပေါ့နော်။ အဲ့လိုတွေနဲ့ပဲ စေတနာ့ဝန်ထမ်းတွေက တနှစ်သင်ပြီးရင်ထွက်၊ ပြီးရင် အသစ်ပြန်ခေါ်နဲ့ သံသရာလည်နေတော့ အရည်အချင်းက တိုးတက်မှုမရှိလာနိုင်တော့ဘူး။ အကယ်၍ ဆရာ၊ ဆရာမတွေကို ခွန်အားပေးတာတွေ၊ ကျောင်းအတွက်လိုအပ်တဲ့နေရာတွေမှာ ပိုမို ပါဝင်ကူညီမယ်ဆိုရင် ဆရာ၊ ဆရာမ တွေအနေနဲ့ ပိုမိုကြိုးစားချင်စိတ်ရှိလာမယ်၊ ဆရာ၊ ဆရာမတွေတည်မြဲလာမယ်။ အဲ့လိုတွေနဲ့ သင်ကြားရေး အတွေ့အကြုံတွေ ရှိလာမယ်ဆိုရင် သူတို့လိုချင်တဲ့ အရည်အချင်းပြည့်မီတဲ့ ဆရာ၊ ဆရာမတွေ ရရှိလာမယ်လို့ထင်ပါတယ်”လို့ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ ပညာရေး ဌာန ၊ ဖေစိုးလေးမြို့နယ် (ရှားတော မြို့နယ်) ပညာရေးမှူးက ပြောပါတယ်။

အနာဂတ်မှာ မိဘတွေရဲ့ စိုးရိမ်မှုတွေ ၊ မျှော်လင့်ချက်တွေ ဘယ်လို ရှိနေပါသလဲ။
လက်ရှိကရင်နီပြည်ရဲ့ အနေအထားအရ ကျောင်းနေအရွယ်ကလေးတွေကို စာသင်ကြားခွင့်မဆုံးရှုံးအောင် တတ်နိုင်သလောက်ဦးစားပေး လုပ်ဆောင်နေကြရတာပါ။ တချို့သော ကျောင်းသား မိဘတွေတော့ အရည်အသွေးပြည့်မီတဲ့ ပညာရေးစနစ်တခု ဖြစ်လာဖို့ ကိုလည်း မျှော်လင့်နေပါတယ်။
ဒါပေမဲ့ ကလေးငယ်တွေရဲ့ ပညာအရည်အချင်းတွေ၊ အရည်အသွေးတွေ ပြည့်မီခြင်း ၊ မမီခြင်းဆိုတာက လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အပေါ်မှာ အများကြီး မူတည်နေပါတယ်။
မိဘတွေအနေနဲ့ကတော့ ကလေးငယ်တွေမှာ ပညာရေးအခြေခံ ကောင်းကောင်းမရခဲ့ရင် အနာဂတ်မှာ အခက်အခဲတွေဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
“အဓိက က အခြေခံပဲလေ ။ အခြေခံမကောင်းရင်တော့ နောင် တချိန်အတွက် အနာဂတ်မှာ ဆိုတာမျိုးကိုကျတော့ ကျနော်ပြောရမှာ အလွန်စိုးရိမ်တယ်။ သက်ဆိုင်ရာ တာဝန်ယူထားကြတဲ့ လူကြီးတွေ အခုကာလမှာ အကောင်းဆုံးဖြစ်အောင် လုပ်ပေးနေကြပြီ ဆိုပေမဲ့လည်း အခုထက်ပိုကောင်းအောင် ပိုပြီးပြည့်ဝအောင်နဲ့ ကလေးတွေအားလုံးပညာသင်ကြားခွင့် ရနိုင်အောင် ကြိုးစားဆောင်ရွက်ပေးနိုင်ဖို့ကို ကျနော်မှမဟုတ်ဘူး ကလေးမိဘတွေတိုင်းက မျှော်လင့်ကြမှာပါ” လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
စာတွေကို သင်ကြားရတဲ့ အချိန်တွေမှာလည်း တောထဲ၊ တောင်ထဲမှာပဲဖြစ်လို့ ကျန်းမာရေး ရှု့ထောင့် ဖြစ်စေ ၊ လုံခြုံရေးပိုင်းကဖြစ်စေ စိုးရိမ်ပူပန်မှုတွေ၊ ထိတ်လန့်မှုတွေက အဟန့်အတား တခုလို ဖြစ်နေခဲ့တာ ယနေ့ထိ တိုင်ပါပဲ။
စစ်ရေး ပဋိပက္ခအတွင်း ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ စာသင်ကျောင်းတွေ မကြာခဏ ရှိနေတာကြောင့် ဘေးကင်း လုံခြုံဖို့ စာသင်ကျောင်းတွေကိုလည်း ပိတ် ထားရပြန်ပါတယ်။ စာသင်ကျောင်းတွေကို မကြာခဏ ဆိုသလို ပိတ်ထားရာမှာလည်း ကလေးတွေဟာ ကျောင်းစာ အပေါ်မှာ စိတ်ဝင်စားမှု အားနည်းလာစေပါတယ်။
တချို့ ကလေးတွေမှာတော့ တနေရာကနေ၊ တနေရာကို ရွေ့ပြောင်းရင်း ကျောင်းစာသင်နှစ်တွေ မပြီးဆုံးလိုက်ရတာတွေ ရှိနေတာကြောင့် အသက်အရွယ်ကြီးရင့်ပြီး ကျောင်းမတက်ချင်တော့တာတွေ ဖြစ်နေတတ်ပါတယ်။
ဒီလို ပညာသင်ကြားဖို့ အခွင့်အရေး ဆုံးရှုံးနေကြတဲ့ ကလေးတွေ ကို အတန်းတင်လို့ ရအောင် ဖြတ်လမ်းနည်းနဲ့ အသုံးပြုပြီး သင်ကြားနေတာတွေကလည်း ကလေးတွေ စာပိုပြီး မလိုက်နိုင်တာ တွေဖြစ်စေပြီး အနာဂတ် ပညာရေးကို ထိခိုက်လာမှာကိုလည်း စိုးရိမ်တယ်လို့ ကျောင်းသား မိဘ တဦးက အခုလို ပြောဆိုပါတယ်။

“စစ်ရှောင်ရင်း ကလေးတွေ အသက်ကြီးလာလို့ အတန်းတင်လို့ရအောင်ဆိုပြီး (၆) လတဖြတ် (၂) လတဖြတ် အစီအစဉ်တွေနဲ့သွားတာရှိတော့ ကလေးတွေ စာပိုပြီးမလိုက်နိုင်ဘူး ။ ကျောင်းမှာ ဆရာတွေအတွက် မုန့်ဖိုးမလုံလောက်တာရှိတယ်။ သင်ထောက်ကူပစ္စည်းတွေမလုံလောက်တာရှိတယ်။ ကျောင်းဖတ်စာအုပ်လည်း မလုံလောက်တာရှိတယ်။ အဲ့ဒါကြောင့် ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက် ထိခိုက်လာမှာစိုးရိမ်ရပါတယ်”
ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံပညာရေးစာသင်ကျောင်း စုစုပေါင်း ၆၀၀ နီးပါးလောက်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အခုလက်ရှိအချိန်မှာတော့ ကရင်နီပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့စစ်ရေးအရ အခြေခံ စာသင်ကျောင်းအားလုံးကို ပိတ်ထား လိုက်ရပါတယ်။ အခုလို စာသင်ကျောင်းတွေကိုလုံခြုံရေးအရ မကြာခဏ ပိတ်ထားရတာတွေ ရှိနေတာကြောင့် ကလေးတွေရဲ့ အနာဂတ်ပညာရေးမှာ မိဘတွေရဲ့ စိုးရိမ်ပူပန်မှုကို ပိုမို မြင့်မားလာစေခဲ့ပါတယ်။