မူဖိလစ်စတာ/ ကန္တာရဝတီတိုင်း(မ်)
လူ ၁,၀၀၀ ကျော်ရှိတဲ့ တောထဲက စစ်ရှောင်စခန်းတစ်ခုရဲ့ မနက်ခင်းက ငြိမ်သက်လွန်းနေတယ်။ ဝါးနဲ့ဆောက်ထားတဲ့ တဲကလေးတွေကတော့ အပင်ကြီးကြီးတွေအောက်မှာ ပေါက်နေတဲ့ မှိုခင်းလိုပါပဲ။
ရာသီဥတုကလည်း သာယာနေတော့ မနက်ခင်း ၁၁ နာရီမှာ ဝါးတဲတွေအပေါ်က သစ်ပင်တွေမှာ ငှက်ကလေးတွေရဲ့အောက်သံက ညံနေတယ်။ မိုးရာသီဆိုတော့ သစ်ရွက်ပုတ်နံ့ ကလည်း တထောင်းထောင်းနဲ့ပေါ့။
“ခဝဲသီး၊ ခဝဲသီး လတ်လတ်ဆတ်ဆတ်လေး။ တစ်စီးမှ နှစ်ထောင် တန်မှတန်ပဲဟေ့” လို့ မာကျောပြီး ကြီးမားကျယ်လောင်တဲ့ အသံတစ်ခုက တိတ်ဆိတ်နေတဲ့ စခန်းရဲ့ ဧရိယာတစ်ဝက်လောက်ကို ကြားစေနိုင်ပါတယ်။
“အရှည်ကြီး လာပြီဟေ့” ဆိုတဲ့ တန်ပြန် စနောက်တဲ့ အော်သံတွေလည်း တဲအိမ်တွေထဲကနေ တစ်ပြိုင်တည်း ထွက်လာပါတယ်။
အသက် ၄၇ ဝန်းကျင်ရှိတဲ့ ဦးခွန်မောင်စိုးက အသီးအရွက်တွေ လိုက်ရောင်းနေတာပါ။ သူ့အရပ်ကလည်း ၅ ပေ ၉ လက်မ နီးနီး ရှိပါတယ်။
သူ့ခေါင်းပေါ်မှာရွက်ထားတဲ့ အနက်ရောင် ဇလုံကြီးထဲမှာ ပဲသီး၊ ငရုတ်သီးစိမ်း၊ သခွားသီး၊ ခဝဲသီး တို့ကို ဝါးနှီးနဲ့ သပ်သပ်ရပ်ရပ် စည်းထားပါတယ်။
လမ်းကြားတစ်ခုမကျန် တတဲဝင် တတဲထွက်ပြီး “ဝယ်မလားဟေ့။ ဝယ်မလားဟေ့” ပါးစပ်က တောက်လျှောက်ပြောသလို ခြေလှမ်းကလည်း ခပ်သွက်သွက်နဲ့ လျှောက်နေပါတယ်။
၁၅ မိနစ်လောက်လမ်းလျောက် နေတော့ ပင်ကိုယ်ကညိုနေတဲ့ ခွန်မောင်စိုးရဲ့ ပါးနှစ်ဖက်ကလည်း နီရဲလာပါတယ်။ စိုရွဲနေတဲ့ သူ့ဆံပင်ကြားက ချွေးတွေကလည်း မျက်နှာပေါ်အထိကို စီးကျနေတယ်။ အဲဒီနေ့က ညစ်နွမ်းနွမ်း တီရှပ်နဲ့ အစိမ်းပုတ်ရောင်ရှိတဲ့ပုဆိုးကို ဒူးအောက်ထိ သူ ဝတ်ထားပါတယ်။

“စျေးရောင်းတာကတော့ ဒါ သူများပစ္စည်းခိုးတာမှ မဟုတ်တာ။ ရှက်စရာမဟုတ်ဘူးလေး။ ခြံထဲကထွက်တဲ့ အသီးအနှံကလည်း အပြင်မှာ ဒီတိုင်းထားရင်ပုတ်ကုန်မှာ။ အဲတော့ စစ်ရှောင်ထဲမှာ မိသားစုတွေလည်း အဆင်ပြေအောင် ဆိုပြီးတော့ ကိုယ်ကတော့ အတတ်နိုင်ဆုံးစျေးနှုန်းလေးနဲ့ ကိုယ်ရလောက်လည်း ရပေါ့နော” လို့ ခွန်မောင်စိုး ကပြောပါတယ်။
ဒါပေမဲ့ အဲဒီနေ့က သူသိပ်မရောင်းရပါဘူး။ ဆယ်အိမ်မှာ တစ်အိမ်ပဲ သူ့ဆီက ငရုတ်သီးစိမ်းနဲ့ ပဲတောင့်ရှည်ကို ဝယ်စားကြတယ်။ ပါလာတဲ့ ခဝဲသီးကိုကျတော့ သူများတွေ မဝယ်ကြဘူး။
မဝယ်ဘူးဆိုတာကလည်း စခန်းထဲမှာက ဝင်ငွေကို ချွေတာနေကြရတာကြောင့်ပါ။ ဇွန်လ ကစတဲ့ ဖားဆောင်း စခန်းသိမ်း စစ်ဆင်ရေးကြောင့် သူတို့တစ်ယောက်မှ စခန်းအပြင်ထွက်ခွင့် မရှိကြတော့တာပါ။ အပြင်ထွက်ခွင့်မရှိတော့ အလုပ်ကမရှိ၊ အလုပ်မရှိတော့ ဝင်ငွေမရှိတော့ဘူးပေါ့။
ဒီစခန်းမှာရှိတဲ့ စစ်ဘေးရှောင်တွေက အလုပ်အတွက် တောင်ယာခင်တွေမှာ နေစား အလုပ်ကိုလုပ်နေကြတာပါ။
ခွန်မောင်စိုးလည်း ထိုနည်း၎င်းပါပဲ။ အပြင်ထွက်ခွင့်မရလို့သာ ဝယ်သူမရှိတဲ့ကြားထဲ စခန်းထဲမှာ ဗန်းလေးရွက်ပြီး စျေးလိုက်ပတ်ရောင်းနေတာပါ။
“ဦးလေးခြံထဲက ထွက်တဲ့ဟာ မော်ချီးသွားရောင်းရင် လေးသိန်း ငါးသိန်းဖိုးလောက်ရမယ့် ဟာက ဒီစစ်ရှောင်စခန်းထဲမှာ တစ်သိန်းတောင်မှာ မပြည့်ချင်ဘူး” လို့ သူကပြောပါတယ်။
ဦးခွန်မောင်စိုးက ကရင်နီပြည်ရဲ့ အရှေ့ဖက်အရပ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ဘေးရှောင်နေတာ နှစ်,နှစ် နီးပါးရှိနေပါပြီ။
စခန်းအနီးက ကျေးရွာဒေသခံတွေက တစ်ဧကလောက်ကျယ်တဲ့ ယာခင်းထဲမှာ ခွန်မောင်စိုးကို ခြံစိုက်ခွင့်ပေးလိုက်တော့ သူ့ဝမ်းရေးအတွက် အသက်ရှူ နဲနဲချောင်သွားတာပေါ့။
အဲဒီယာခင်းမှာ ခွန်မောင်စိုးနဲ့ သူငယ်ချင်း နှစ်ယောက်ပေါင်းပြီးတော့ ခရမ်းသီး၊ ပဲသီး၊ သခွားသီး၊ ဘူးသီးတို့လို အသီးအရွက်အမျိုး ၅ခုထက်မနည်းကို စိုက်ပျိုးထားကြပါတယ်။
တစ်ခါခူးရင် အချိန် ၅၀ ထွက်တဲ့ သူ့ခြံထဲက ခရမ်းသီးတွေလည်း ခြံထဲမှာပုံနေပါပြီ။ ဒါပေမဲ့ မျိုးစေ့ဖိုးပြန်ရအောင်တော့ အသီးတွေကို ဝယ်ယူသူနည်းတဲ့ ဒီစစ်ရှောင်စခန်းထဲမှာ သူကြိုးစားရောင်းနေပါတယ်။
“တစ်ချို့ကတော့ သူ့ဟာသူ စစ်ရှောင်မိသားစုတွေကို မျှဝေစားတာတွေရှိတယ်။ ဦးလေးပြောသလိုပေါ့ စျေးနှုန်းအဆင်ပြေအောင်ဆို မနက် ၁,၀၀၀ ည ၁,၀၀၀ ဆို မိသားစုတွေ အဆင်ပြေအောင်လို့ဆို ဦးလေးလိုက်ရောင်းပေးနေတာပေါ့နော။ အဲကြောင့် ဦးလေးကို ဝိုင်းစနေကြတာလေး” ရယ်ရယ်မောမောနဲ့ ဦးခွန်မောင်စိုးကပြောပြနေတယ်။

စားဖို့ဆန်ကိုတော့ လူမှုအဖွဲ့အစည်းတွေဆီကနေ သူရနေသေးတော့ တခြားလိုအပ်တဲ့ အသုံးစရိတ်အတွက်ကို သူရှာမှရမှာပါ။ ဒီလိုမှမဟုတ်ရင် ဆီမပါ၊ ဆားမပါ၊ ငရုတ်သီးမပါတဲ့ ဆန်ပြုတ်ပဲ နေ့တိုင်းစားနေရတော့မှာပါ။
သူတို့နေတဲ့ စစ်ရှောင်စခန်းမှာ စားဆီ တစ်လီတာ ဗူးတစ်ဗူးကို ၈,၀၀၀ ကျပ်နဲ့ပေးဝယ်ရပါတယ်။ ပြောရမယ်ဆိုရင် ဆီတဗူးက သူတို့အလုပ်လုပ်ပြီးရတဲ့ နေ့စားလုပ်အားခရဲ့ တဝက်လောက်ရှိတာပေါ့။
သူတို့စခန်းထဲက လူတွေက ကျေးရွာ ဒေသခံတွေရဲ့ ရာသီအလိုက် အသီးအနှံ စိုက်ပျိုး၊ ပေါင်းလိုက်၊ ရိတ်သိမ်းချိန်မျိုးတွေမှာ နေ့စားလိုက်ရင် ၁,၅၀၀၊ ၂,၀၀၀ အဲလိုတွေရကြတာပါ။
လက်ရှိအခြေအနေအရ အပြင်ကိုထွက်ခွင့်မရကြတာကြောင့် စခန်းထဲမှာ ငိုင်တိုင်တိုင်နဲ့ ရှိနေကြတဲ့ လူတွေကို ခွန်မောင်စိုးရဲ့ လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ စားချင်စဖွယ်အသီးအရွက်တွေကတောင် မဆွဲဆောင်နိုင်တော့ပါဘူး။
စခန်းထဲက တစ်ဦးတည်းသော စျေးသည် ခွန်မောင်စိုးကို တခြားအမျိုးသားတွေက ဝိုင်းစလေ့ရှိပါတယ်။
“ဦးလေးက ၁,၀၀၀ နဲ့ရောင်းပေး ကာကျတော့ ၁,၀၀၀ သည် လာပြီ။ ဘာညာ နဲ့ စကြတယ်” လို့ ခွန်မောင်စိုးကပြောပါတယ်။
ဦးခွန်မောင်စိုးကတော့ “သူတို့ကအပျော်သဘောနဲ့ စတာပါ” လို့ပဲပြောပေမယ့်လည်း စျေးရောင်းရမှ ဝမ်းရေးအတွက်အဆင်ပြေမှာပါ။
စခန်းတွင်းမှာ စျေးရောင်းဖို့အပြင် သိပ်မကြာခင်မှာပဲ စခန်းအပြင်ထွက်ပြီး စျေးရောင်းခွင့်ပြန်ရဖို့ကိုလည်း သူမျှော်လင့်နေပါတယ်။
ခွန်မောင်စိုးမှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိပါတယ်။ ပညာရေးအတွက် သားနဲ့ သမီးကို ၁၂ တန်း တက်ခိုင်းနေတော့ ကျောင်းစရိတ်အဖို့ သူငွေရှာဖို့လိုပါတယ်။
“ကိုယ့်ခြံထဲမှာတင်မဟုတ်ဘူး။ ဘေးနားမှာ စိုက်တဲ့ သူတွေကလည်း အများကြီးကို။ အများကြီးဆိုတော့ သူတို့လည်း ဘယ်မှမရောင်းတဲ့ခါကျတော့ သူတို့နားက ကိုယ်တတ်နိုင်သလောက်ပေါ့။ သူတို့နားက တတ်နိုင်သလောက် ဖောက်သည်ယူပြီး စစ်ရှောင်ထဲမှာ ၁၀၀၀ , ၂၀၀၀ နဲ့ပဲ ယူရောင်းတယ်” လို့ ဦးမောင်စိုးက ပြောပါတယ်။
ခွန်မောင်စိုးနဲ့ သူ့ဇနီးက အလုပ်တွေကို ခွဲထားကြပါတယ်။ အိမ်မှုကိစ္စကို ဇနီးက လုပ်၊ ခွန်မောင်စိုးကတော့ စျေးရောင်းထွက်ပါတယ်။ သူ့လက်ချောင်းကြားမှာတော့ ၅၀၀ တန်၊ ၁,၀၀၀ တန် ကျပ်ငွေတွေကို နှစ်ချိုးခေါက်ပြီးညှပ်ထားပါတယ်။ တစ်ဖက်ကတော့ ခေါင်းပေါ်က စျေးဗန်းကိုကိုင်ထားပါတယ်။

ဦးခွန်မောင်စိုးက အာဏာမသိမ်းခင်ကတည်းက စျေးရောင်းတဲ့ အလုပ်ကိုလုပ်လာခဲ့တာပါ။ တိုက်ပွဲအကျိုးဆက် အတားအဆီးတွေမရှိရင်တော့ သူ့ရဲ့ စားဝတ်နေရေး စရိတ်စက ပိုသက်သာပါလိမ့်မယ်။
စစ်ပွဲမရှိတော့တဲ့တနေ့၊ ငြိမ်းချမ်းသွားမဲ့ ကတော့ မသေချာသေးပေမယ့် ဦးခွန်မောင်စိုးလိုပဲ စားဝတ်နေရေးအတွက် ရုန်းကန်ဖို့ ခက်ခဲကြတဲ့ သိန်းနဲ့ချီတဲ့ ကရင်နီပြည်က စစ်ဘေးဒုက္ခသည်တွေကတော့ ဒီအချိန်ကိုမျှော်နေရုံကလွဲပြီး မတတ်နိုင်ကြပါဘူး။
ဒါပေမဲ့ ဒီမှန်းမဆနိုင်တဲ့ စစ်ပွဲမှာ လူတွေအငတ်ဘေးမဆိုက်ဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရဖို့လိုလာပါပြီ။