spot_imgspot_imgspot_imgspot_img
Wednesday, August 20, 2025
spot_imgspot_imgspot_imgspot_img

“အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာပြောတဲ့ ကရင်နီပြည်က လူငယ်တချို့ရဲ့ စကားသံများ”

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဩဂုတ်လ ၁၂ ရက်နေ့ဟာ “အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့” ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂရဲ့ (၅၄) ကြိမ်မြောက် အထွေထွေညီလာခံမှာ သတ်မှတ်အတည်ပြုခဲ့တာဖြစ်ပြီး ဒီနေ့ဟာ လူငယ်တွေရဲ့ အရေးအခင်းတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေအနေတွေမှာ သူတို့ရဲ့အသံ ထင်ဟပ်စေဖို့အတွက် ကမ္ဘာတဝှမ်းက နှစ်စဉ် ကျင်းပကြတဲ့နေ့ရက် ဖြစ်ပါတယ်။ “အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့”ကို လူငယ်တွေရဲ့ ခိုင်မာသန်စွမ်းတဲ့ စိတ်ဓာတ်၊ တီထွင်ဖန်တီးနိုင်စွမ်း၊ ဦးဆောင်မှုတွေကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်နေ့လို့လည်း ဆိုနိုင်ပါတယ်။

လက်ရှိပဋိပက္ခကာလမှာ ကရင်နီပြည်က လူငယ်တွေဟာ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေကြရသလဲ၊ ဘယ်လိုစိန်ခေါ်မှုရှိနေသလဲ ဆိုတာတွေကို ဒီကနေ့ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့”မှာ လူငယ်တချို့ရဲ့ စကားသံကို ကန္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်းတင်ဆက်ထားပါတယ်။

Ann (စေတနာ့ဝန်ထမ်း)

၂၀၂၅ ခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ လူငယ်တယောက်အနေနဲ့ ဖြစ်တည်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီကာလမှာတော့ အခက်အခဲ၊ စိန်ခေါ်မှုတွေ ကြုံတွေ့နေရတာက ကျမတဦးတယောက်တည်းတော့ မဟုတ်နေပါဘူး။ ကိုယ့်နဲ့ သက်တူရွယ်တူ လူငယ်တွေအများစုက ဒီတိုင်းပြည်အခြေအနေ မကောင်းလို့ ကိုယ့်ရဲ့အိပ်မက်ကို ဆုံးရှုံးရတာ၊ ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ရဲ့အခွင့်အလမ်းတွေ ဆုံးရှုံးရတာ၊ ကိုယ့်ရဲ့ဝါသနာတွေကို လက်လွှတ်လိုက်ရတာတွေ အများကြီး ရှိတယ်။ ကျမတို့ ၂၁ ရာစု လူငယ်တွေအတွက်က စိန်ခေါ်မှုတွေ အရမ်းများတယ်။ ဒါကြောင့် အားပေးချင်တာက ကျန်းမာရေးမကောင်းနေတဲ့ ကိုယ့်ရဲ့နိုင်ငံ၊ ကိုယ့်ရဲ့ကမ္ဘာမြေကြီးမှာ တည်ရှိနေတဲ့ လူငယ်တွေအားလုံး အမြဲတမ်း ကျန်းမာဘေးကင်းကြပါစေ။ ပြီး ကိုယ်ကျရာ တာဝန်ကဏ္ဍမှာလည်း ကျေပွန်အောင် ထမ်းဆောင်နိုင်ကြပါစေလို့ ကျမကနေ ဆန္ဒပြုပါတယ်။ လူငယ်ဘဝဆိုတာ နှစ်ခါပြန်မရနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်မှာရှိနေတဲ့ ကိုယ်အကောင်အထည်ဖော်ချင်တဲ့ အိပ်မက်တွေကို ပြည့်အောင်လုပ်ဆောင်နိုင်ကြပါစေ၊ အကောင်အထည်ဖော်နိုင်ကြပါစေလို့ ပြောကြားလိုပါတယ်။

ကျဝ့်ခလိန်း (ကရင်နီပြည်က ကျောင်းတခုမှာ ပညာရပ်ပိုင်းဆိုင်ရာ မျှဝေပေးနေသူ)

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ ကျနော်ပြောချင်တာကတော့ ဒီတော်လှန်ရေးကာလမှာ ကျနော်တို့လူငယ်တွေက ကိုယ်ကျွမ်းကျင်ရာ၊ တတ်မြောက်ရာ ပညာတွေနဲ့ ကဏ္ဍအသီးသီးကနေ ကိုယ့်အနာဂတ်အတွက် ပါဝင်လုပ်ဆောင်နေကြတာတွေ ရှိတယ်။ အဲ့ထဲကနေ စိန်ခေါ်မှု၊ အခက်အခဲတွေကြားထဲက ရရာနည်းလမ်းနဲ့ ပါဝင်နေကြတယ်။ အဲထဲမှာ အသက်ခန္ဓာတွေ ပေးဆပ်ရတဲ့အထိ ပါဝင်လုပ်ဆောင်နေကြတာတွေ တွေ့ရမှာဖြစ်တယ်။ ကျနော်တို့လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ ဒီကာလမှာ တော်တော်ကို အရေးကြီးတယ်လို့ မြင်တယ်။ အရင်လိုမဟုတ်ဘဲ အခုဆိုရင် ဦးဆောင်မှုပိုင်းမှာ အတွေးအမြင်ကောင်းတွေနဲ့ ပုံဖော်တာ၊ လုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေ အများကြီးရှိကြတယ်။ အဓိက လူငယ်တွေကို နေရာပေးတတ်ဖို့ လိုတယ်။ အဲဒီနေရာပေးလိုက်မယ်ဆိုရင် လုပ်ဆောင်နိုင်ဖို့ ဒီထက်ဖွင့်ပေးမယ်ဆိုလို့ရှိရင် ဒီထက်ကောင်းမွန်တဲ့ အခင်းအကျင်း အများကြီး ရှိလာမယ်လို့ မြင်တယ်။ နောက်တခုမှာ ဒီကာလမှာ ကျနော်တို့လူငယ်တွေက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါ စိန်ခေါ်မှုတွေ အများကြီးနဲ့ ကြုံတွေ့ရတယ်။ ဥပမာအားဖြင့် အနာဂါတ် မရေမရာဖြစ်နေတာမျိုးတွေ၊ ကြောက်တာတွေ၊ စိတ်ဓာတ်ကျတာတွေ မကြာခဏ ဖြစ်တတ်တယ်။ ဒီအပေါ်မှာလည်း ကျော်လွှားနိုင်ဖို့ဆိုရင်တော့ အပြန်အလှန် အချင်းချင်း ထောက်ပံ့ကူညီပေးကြတာတွေ ရှိတယ်။ လူငယ်တွေအနေနဲ့ ပညာရပ်ပိုင်းမှာဆိုရင်လည်း ဒီတိုင်းရပ်တန့်မနေဘဲ ဆက်လက်ပြီးတော့ သင်ယူလို့ရအောင် လုပ်ဆောင်ပေးနေကြတာတွေ ရှိတယ်။ လူငယ်တွေအတွက် လူငယ်တွေကပဲ ဦးဆောင်ပြီးတော့ ပညာရေးအတွက် အများကြီးလုပ်ဆောင်နေကြတာတွေ ရှိတယ်။ ပြီးတော့ ကျနော့်အနေနဲ့လည်း ကိုယ်တတ်ထားတဲ့ပညာတွေကို ပြန်အသုံးချပြီးတော့မှ လူငယ်တွေကို ပြန်ပြီးတော့မှ မျှဝေပေးရတာတွေ၊ ပြည်သူတွေကို ပြန်ပြီးတော့မှ အကျိုးပြုခွင့်ရနေတဲ့အတွက် ကျေးဇူးတင်တယ်။ ဆက်ပြီးတော့လည်း ကိုယ်တတ်နိုင်တဲ့ဖက်ကနေပြီး ကျရာကဏ္ဍမှာ အဆုံးထိ ပါဝင်လုပ်ဆောင်သွားပါအုံးမယ်။ ကျနော်တို့အနာဂတ်ဟာ ကျနော်တို့လက်ထဲမှာပဲ ရှိတယ်။ ကိုယ်တိုင်ဖန်တီးမယ်၊ ပုံဖော်မယ်၊ ရှေ့ဆက်သွားကြမယ်လို့‌ ပြောချင်ပါတယ်။

တီမိုး (တော်လှန်ရေးရဲမေ)

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကို ဝမ်းမြောက်ကြိုဆိုပါတယ်။ နိုင်ငံတဝှမ်းမှာ အကြောင်းအမျိုးမျိုးကြောင့် လူငယ်ဖြစ်ပေမယ့် လူငယ်တွေရဲ့အခွင့်အရေးတွေဖြစ်တဲ့ ပညာရေး၊ တက်လှမ်းတွေ အလိုလိုဆုံးရှုံးနေရတာ အများကြီးပဲပေါ့နော်။ အထူးသဖြင့် ကျမတို့မြန်မာပြည်က လူငယ်တွေ အခုမျက်မြင်ကြုံတွေ့နေရတဲ့အရာဖြစ်တဲ့ ဒီလိုအဖြစ်အပျက်တွေကို သိသာထင်ရှားစေချင်တဲ့အတွက် UN ကနေပြီး IYD (International Youth Day) အဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်တယ်။ ဒီနေ့ဟာ လူငယ်တွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ထင်ဟပ်စေသလို ပညာရေး၊ နိုင်ငံတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ မတူညီတဲ့ လူမှုစီမံကိန်းတွေမှာ တက်ကြွစွာပါဝင်ပေးနေတဲ့ လူငယ်တွေရဲ့ အစွမ်းအစနဲ့တန်ဖိုးကို မြင်သာလာစေဖို့လည်း ရည်ရွယ်တာဖြစ်တယ်။ နိုင်ငံတကာမှာဆိုရင်တော့ ဒီလိုနေ့မှာ ဟောပြောပွဲတွေ၊ ပြိုင်ပွဲတွေ၊ ဂီတစသဖြင့် အမျိုးမျိုးကြိုဆိုဂုဏ်ပြုကြတယ်။ အခုလို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ ကျမနဲ့အတူ တော်လှန်ရေးကာလမှာ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ပါဝင်တော်လှန်နေကြတဲ့ ရဲဘော်တွေ၊ ကျောင်းသားကျောင်းသူတွေ၊ ပြည်သူတွေက အဓိကအနေနဲ့ စိတ်ဓာတ်ပြတ်သားစွာ ပါဝင်နေကြတဲ့ လူငယ်တွေကို ဂုဏ်ပြုကြောင်း အလေးအနက် ပြောဆိုချင်ပါတယ်။ ကျမတို့လူငယ်တွေဖြစ်နေတဲ့အတွက်ကြောင့်မို့ လူငယ်ဆိုတာ အနာဂတ်ရဲ့ အဓိက အင်အားဖြစ်တယ်။ ကျမတို့ မျှော်မှန်းချက်တွေ၊ အိပ်မက်တွေကို စိန်ခေါ်မှုကြားမှာပဲ တည်ဆောက်နေကြရတဲ့အတွက်ကြောင့်မို့ အခက်အခဲတွေ မျိုးစုံရှိတယ်ပေါ့နော်။ လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းနည်းပါးတာ၊ နေရာလုံခြုံမှုမရှိတာတွေ ပြီးရင် စစ်ရေး၊ နိုင်ငံရေး မတည်ငြိမ်မှုဖြစ်တဲ့အတွက်ကြောင့်မို့ ဒါတွေက စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေဖြစ်တယ်ပေါ့။ နောက်တချက်ကတော့ ကျမအနေနဲ့ မိသားစုနဲ့ဝေးကွာနေတဲ့အချိန်မှာ အခက်အခဲတွေ အများကြီး ကြုံရတယ်။ ကိုယ့်မိဘတွေရဲ့ လုံခြုံရေးကို စိတ်ပူပေးနေရတာမျိုးတွေ ရှိတယ်။ ကျမလိုမျိုး လူငယ်တွေဖြစ်နေတဲ့ တော်လှန်ရေးရဲဘော်တွေကော၊ မိဘပြည်သူတွေကိုကော ပြောချင်တာတခုကတော့ ကျမတို့တွေဟာ ရှင်သန်နေသရွေ့ လေ့လာနေရမှာ ဖြစ်တယ်။ တနေ့ထက်တနေ့ တိုးတက်ကောင်းမွန်တဲ့လူငယ်တွေအဖြစ် ပြောင်းလဲဖို့ဆိုရင် အစဉ်အမြဲ လေ့လာသင်ယူကြရမှာ ဖြစ်တယ်။ ဘဝရှင်သန်အောင်မြင်ရေးအတွက် ရေရှည်ပန်းတိုင်ကို မျှော်မှန်းပြီးတော့ အချိန်ရှိခိုက် လုံ့လစိုက်ရမှာ ဖြစ်တယ်။ ဘယ်ကျောင်းကနေ ဘယ်ဘွဲ့ ဘယ်လိုမျိုးပဲ ရနေပါစေ ဒီမှာပဲ ရပ်တန့်နေမယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ဘဝရှင်သန်အောင်မြင်ရေးကလည်း ဒီလောက်ပဲပေါ့နော်။ လူငယ်တွေ ကိုယ့်အိပ်မက်နောက်ကို လိုက်တဲ့အချိန်မှာဆိုရင် စိတ်ဓာတ်ကျစရာတွေ၊ ဝမ်းနည်းစရာတွေ၊ ပြိုလဲမှုတွေ၊ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ ဒီလိုအချိန်မျိုးတွေမှာ စိတ်ဓာတ်မကျပါနဲ့၊ အရှုံးမပေးပါနဲ့လို့ ကိုယ့်ရဲ့ရည်မှန်းချက်ကို အရောက်လှမ်းနိုင်ကြတဲ့ လူငယ်တွေဖြစ်ပါစေ။ လူငယ်တွေကတော့ တဇွတ်တိုး လုပ်တတ်တဲ့သူတွေ ဖြစ်တာကြောင့်မို့ ကိုယ့်ကိုပျက်စီးစေနိုင်မယ့် မူးယစ်ဆေးဝါးကနေပြီးမှ ရှောင်ရှားနိုင်ကြပါစေလို့ ပြောချင်ပါတယ်။

Kho Kho (တော်လှန်ရေးရဲဘော်)

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ ကမ္ဘာတဝှမ်းက လူငယ်မောင်မယ်တွေအားလုံး အနာဂါတ်ကမ္ဘာကြီးအတွက် အလင်းဖြစ်စေမယ့်လူငယ်တွေ ဖြစ်နိုင်ကြပါစေလို့ ကျနော့်အနေနဲ့ ဆန္ဒပြုပါတယ်။ ကုန်လွန်ခဲ့သော နှစ်၊လ၊ရက်တွေထဲက လူငယ်တွေ တနည်းအားဖြင့် အခု လူကြီးဖြစ်သွားတဲ့ လူပုဂ္ဂိုလ်တွေကို လေးစားတယ်၊ ကျေးဇူးတင်မိပါတယ်။ လက်ရှိလူငယ်တွေကို လမ်းပြပေးခဲ့ကြတယ်။ လက်ရှိလူငယ်တွေက ရှေ့လူငယ်တွေရဲ့ နမူနာကို ကြည့်ပြီးတော့မှ ခရီးဆက်စေလိုတယ်။ လူငယ်တွေဟာ ကမ္ဘာကြီးအတွက်၊ တိုင်းပြည်အတွက် အလင်းဖြစ်နိုင်တယ်၊ လမ်းပြနိုင်တယ်၊ ကာကွယ်နိုင်တယ်၊ ဦးဆောင်နိုင်တယ်။ ဒါတွေက လူငယ်တွေရဲ့ တာဝန်တခုလို့လည်း ယူဆမိတယ်။ ဖြစ်အောင်လည်း ကြိုးစားကြဖို့ တိုက်တွန်းလိုတယ်။ ဒီကာလမျိုးမှာ လူငယ်တွေအတွက် မျိုးစုံသောအခက်အခဲတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ ထပ်တူကြုံတွေ့ခံစားနေကြရတယ်။ ဒွိဟဖြစ်စေတဲ့ ရွေးချယ်မှုတွေနဲ့ ကြုံရတယ်၊ လူငယ်မပီပြင်တဲ့ ငယ်ရွယ်မှုလို့လည်း ယူဆမိတယ်။ ဒါပေမယ့် လူငယ်တွေ လမ်းတဝက်နဲ့တင် မရပ်တန့်လိုက်ကြဖို့၊ ရည်မှန်းချက် ရည်ရွယ်ချက် ခံယူချက်တွေနဲ့ ရှေ့ဆက်ကြမယ်။ လက်ရှိ ကျနော်တို့လို လူငယ်တွေက အခွင့်အလမ်းတွေ ဆုံးရှုံးနေကြတယ်ဆိုပေမယ့် နောက်မျိုးဆက်သစ်လူငယ်တွေအနေနဲ့ လက်ရှိလူငယ်တွေကို အခွင့်အလမ်းတွေ မဆုံးရှုံးရလေအောင် ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ယူဆမိတယ်။ လူငယ်တွေဟာ မတူကွဲပြားမှုတွေကို လက်ခံလာနိုင်ကြတယ်။ ကျနော့်အနေနဲ့ လူငယ်တွေဟာ ကော်ရည်နဲ့ အလားသဏ္ဍာန်တူတယ်လို့ ထင်တယ်၊ ယူဆမိတယ်။ ကော်ရည်ဟာ ကိရိယာတခုနဲ့တခုကို ပြန်ဆက်ပေးနိုင်တယ်။ အလားတူပဲ လူငယ်တွေဟာ ဖွံ့ဖြိုးမှုအတွက် အားတခုဖြစ်တယ်ဆိုတာ ယုံကြည်စေချင်တယ်။ အခုလိုကာလမှာ လက်လွှတ်ဆုံးရှုံးသွားတဲ့ အခွင့်အလမ်းတွေအတွက် လက်ရှိလူငယ်တွေဟာ ဘာလုပ်ခဲ့လဲ၊ ဘာကြောင့်လက်လွှတ်ဆုံးရှုံးခဲ့ရတာလဲဆိုတာ သမိုင်းတွင်ကျန်ရစ်မယ်လို့လည်း ယူဆတယ်။ လူပုဂ္ဂိုလ်တိုင်း၊ မျိုးဆက်တိုင်း သမိုင်းတွင်ချင်တိုင်းတွင်လို့မရသလို လက်ရှိမျိုးဆက်ရဲ့ အနစ်နာခံမှု၊ ပေးဆပ်မှု၊ စွန့်လွှတ်မှု၊ စွန့်စားမှုတွေကြောင့် သမိုင်းတွင်ကျန်ရစ်မယ့် မျိုးဆက်ဖြစ်ကြောင်း အားပေးစကားပြောချင်ပါတယ်။

နော်သီတာဦး (စစ်ရှောင်လူငယ်)

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဟာ ကျမအနေနဲ့ လူငယ်တွေရဲ့ စွမ်းအားတွေ၊ အရည်အချင်းတွေနဲ့ တာဝန်ယူမှုတွေကို အသိအမှတ်ပြုတဲ့ အထိမ်းအမှတ်နေ့တနေ့ ဖြစ်တယ်။ ပြီးတော့မှ လူငယ်ဖြစ်တယ်ဆိုတဲ့နေရာမှာ အိပ်မက်တွေနဲ့ ပြည့်နှက်နေတဲ့သူတွေ၊ ဖန်တီးနိုင်စွမ်း၊ စွမ်းအင်တွေနဲ့ ပြည့်စုံနေတာဆိုပြီး ဆိုလိုတာဖြစ်တယ်။ ဒါပေမယ့် ဒီလိုကောင်းကြီးတွေ ရရှိဖို့အတွက် ကျမတို့က တယောက်နဲ့တယောက်ဆီကနေ အပြန်အလှန် သင်ယူတာတွေ၊ အပြန်အလှန် ဦးဆောင်တာတွေ၊ ပြီးတော့မှ အပြန်အလှန်ထောက်ပံ့တာတွေကို လိုအပ်တယ်ပေါ့နော်။ ဒီနေ့ခေတ်ကိုကြည့်မယ်ဆိုရင် လူငယ်တွေက သူတို့အတွက် ပညာရေးအကန့်အသတ်တွေရယ်၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတာတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် စိန်ခေါ်မှုမြောက်မြားစွာကို ကြုံတွေ့နေကြရတယ်။ နိုင်ငံရေးကနေဖြစ်လာခဲ့တဲ့ ပြဿနာတွေဟာဆိုရင် လူငယ်သာမက လူတဦးချင်းစီတိုင်းအပေါ်မှာ သက်ရောက်မှုကြီးတယ်။ လူငယ်တွေအနေနဲ့ကြည့်မယ်ဆိုရင် ပထမဦးဆုံးတခုအနေနဲ့ နိုင်ငံရေးပြဿနာဖြစ်တယ်။ အဲဒီနိုင်ငံရေးပြဿနာ အကျိုးဆက်အနေနဲ့ပေါ့နော် ကျမတို့ ပညာရေးအခွင့်အလမ်း နည်းပါးမှုတွေကို ကြုံရတယ်။ ဥပမာအနေနဲ့ဆို ကျမတို့က နိုင်ငံရေးကြောင့် ကျောင်းပိတ်ရတာတွေ၊ ဒီအခက်အခဲတွေကြားမှာဆို သင်ရိုးညွှန်းတမ်း ပြောင်းလိုက်တာတို့၊ အဟောင်းပြန်သင်လိုက်၊ အသစ်ပြန်သင်လိုက်နဲ့ သင်ရိုးသစ်ပြောင်းလဲလိုက်တာတို့၊ ပြီးတော့မှ ပညာသင်ကြားမှု အရည်အသွေးတွေ ကျဆင်းလာတာတွေ စသဖြင့် ဒီပညာရေးနဲ့ပတ်သက်ပြီး အခွင့်အလမ်းနည်းပါးမှုတွေ၊ အခွင့်အလမ်းကျဆုံးမှုတွေကို အများကြီးကြုံတွေ့ရတယ်ပေါ့နော်။ နောက်တခုအနေနဲ့က စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ လူမှုဖိအားတွေလည်း ကြုံတွေ့ရတယ်။ ဘာဖြစ်လဲဆိုတော့ နိုင်ငံရေး အကြမ်းဖက်မှုတွေ၊ စစ်ဘေးကြောင့် စိတ်ဖိစီးမှုတွေ၊ ပညာရေးအဆင်မပြေမှုတွေ၊ မိသားစုစီးပွားရေးကြောင့်လား၊ လူငယ်တွေဟာ သူတို့ရဲ့ဆန္ဒကို မထုတ်ဖော်နိုင်တာတွေလည်း ကြုံနေရတယ်။ တနည်းအားဖြင့် ဒီလိုအခက်အခဲတွေက ကျမအပြင် တခြားသောလူငယ်တွေလည်း ဒီလိုကာလမှာ ကြုံတွေ့နေကြရမယ်လို့ ထင်မြင်မိတယ်။ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ မှာ ကျမတို့လူငယ်တွေကို အားပေးချင်တာကတော့ လူငယ်ဘဝက အခက်အခဲ စိန်ခေါ်မှုတွေ ပြောင်းလဲမှုတွေနဲ့ ပြည့်နေတတ်တယ်။ ဒီလိုအခြေအနေကြားမှာ ကျမတို့ မျှော်လင့်ချက်တခုခုတော့ ရှိထားဖို့လိုတယ်။ အဲဒီမျှော်လင့်ချက်က ကျမတို့ကြုံရတာတွေကို ရင်ဆိုင်ကြံ့ခိုင်စေဖို့၊ တိုးတက်အောင် ကြိုးစားနိုင်ဖို့အတွက် ဒီမျှော်လင့်ချက်က အဓိကစွမ်းအားဖြစ်ရတယ်။ နောက်ထပ်အရေးကြီးတာက ကိုယ့်ကိုယ်ကို ယုံကြည်ဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ ပြည့်တဲ့လူငယ်တွေဖြစ်မှသာ ကျမတို့လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်မှာ ဖြစ်တယ်။ အကယ်၍ လူငယ်တွေ လက်မလျှော့ဘဲနဲ့ ရဲရဲဝံ့ဝံ့ ကြိုးစားသွားမယ်ဆိုရင် ကျမတို့လိုချင်တဲ့ပန်းတိုင် အားလုံးလိုချင်နေတဲ့ အိပ်မက်ဟာ မကြာခင်မှာ ရောက်ရှိလာလိမ့်မယ်ဆိုတာကို ဒီကနေ လူငယ်တွေကို‌ ခွန်အားပေးချင်ပါတယ်။

spot_img