ကန္တာရဝတီတိုင်း(မ်)
စစ်ကောင်စီဟာ အရပ်သားတွေအပေါ်ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲမှုတွေကို ခပ်စိပ်စိပ်ပြုလုပ်လာနေပါတယ်။ ကရင်နီပြည်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မော်ချီးဒေသ၊ နဲ့ ဒီးမော့ဆိုမြို့နယ်က အရပ်သားနေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခနပြုလုပ်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလဲ ရှိနေပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ရှောင်တွေနဲ့ လူထုတွေသာနေထိုင်တဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ နေထိုင်ကြတဲ့ စစ်ရှောင်တွေနဲ့ ဒေသခံတွေရဲ့စကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။
မငဲ – ဈေးရောင်းသူ
“အဲ့လိုလာကြဲတော့ ကိုယ်ကကြောက်တယ်ပေါ့နော်။ ကြောက်တယ် ဒါပေမဲ့ ထွက်ပြေးဖို့နေရာလဲ မရှိတော့ဘူးကော ဘာလိုလဲဆို ဒီနေရာကနေ ပြောင်းမယ်ဆိုလဲ ပြောင်းဖို့နေရာကလဲမရှိဘူး။ အရင်တုန်းကလဲ စစ်ရှောင်တယ် အဲ့မှာ လေယာဉ်ကြဲလို့ ကိုယ်က ဒီဖက်ရောက်လာတယ်ပါတယ်ဆို “
ဦးမိုးရယ် – ဒေသခံ တောင်သူ
“ပြောချင်တာတော့ တအားရက်စက်တာပေါ့။ လူထုကို အလကားအနိုင်ကျင့်တာပေါ့။ မတရားတအားလုပ်တာပေါ့။ ပြည်သူကိုပဲ လျှောက်လုပ်တာ။ လယ်ထွန်တဲ့သူတွေကိုပဲ လိုက်ကြဲတာ။ အဲ့ဒါက မဟုတ်သေးဘူးလေနော်။ အိပ်တဲ့ချိန်လဲ ကြောက်လန့်ရတာပေါ့။ နေ့လည်နေ့ခင်းလဲ သတိနဲ့နေရတယ်ပေါ့။ လေယာဉ် သံကြားရင် လုံခြုံတဲ့နေရာမှာ ပုန်းနေရတာပေါ့”
မလိမာ – ဈေးသည်
“ကြောက်စိတ်နဲ့နေနေရတယ်ပေါ့နော်။ တိုက်ပွဲလဲ မဖြစ်ဘူးလေနော်။ အဲ့ဒါလာကြဲတော့ ဘာလုပ်ရမှန်းမသိတော့ဘူး အဲ့ကြောက်စိတ်တစ်ခုပဲ ဖြစ်တယ် တကယ်”
ဦးစာရီ – စစ်ရှောင်
“ဒါမျိုးလုပ်တာကတော့ မတရားရာ ကျတယ်။ တစ်နှစ်လဲမဟုတ် နှစ်နှစ်လဲမဟုတ် ပြီးခဲ့တဲ့နှစ်လဲ ကြဲပြီးသွားပြီ။ လက်နက်ကြီးကလဲ ကျနော်အိမ်ဘေးမှာကျတယ်။ စိုးရိမ်စရာတော့အများကြီးပဲ။ ကိုယ့်ကလေး၊ ကိုယ့်မိန်းမတွေအတွက်၊ ကိုယ့်မိဘတွေအတွက် စိုးရိမ်တယ်။ ပြောင်းမယ်ဆိုလဲ ဘယ်နေရာပြောင်းမလဲ။ ကိုယ်က စရိတ်လဲမရှိဘူးလေ”