spot_imgspot_imgspot_imgspot_img
Saturday, June 21, 2025
spot_imgspot_imgspot_imgspot_img

အာဏာသိမ်း ၅ နှစ်တာကာလအတွင်း ကရင်နီမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၃၀၀ ကျော်ရှိ

ကန္တာရဝတီတိုင်း (မ်)

စစ်အာဏာသိမ်း ၅ နှစ်တာ ကာလအတွင်း ကရင်နီပြည်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၃၆၅ မှုရှိတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ရဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစာတမ်းပါ အချက်အလက်အရ သိရပါတယ်။

အဆိုပါစာတမ်းကို ဇွန်လ ၁၈ ရက်နေ့က ကကျင်းပပြုလုပ်ခဲ့တဲ့ ပဋိပက္ခဆက်နွယ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်ရေးနေ့ အထိန်းအမှတ် စကားဝိုင်းမှာ WLB -political initiative အဖွဲ့ဝင် နော်ဆဲဆဲက မိတ်ဆက်ပြောကြားသွားခဲ့တာပါ။

နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုမရှိတော့တာကြောင့် အမှုကိုကျူးလွန်တဲ့ တရားခံတွေက အပြစ်မှကင်းလွတ်ခွင့်ကိုရရှိနေကြဆဲဖြစ်သလို အမှုတွေကို လွယ်လွယ်ကူကူထပ်ကျူးလွန်နိုင်အောင် တွန်းအားပေးစေသလို ဖြစ်နေတယ်လို့လည်း နော်ဆဲဆဲက ပြောသွားပါတယ်။

“ကျူးလွန်နေတဲ့ တရားခံတွေကိုယ်တိုင်ကလည်း ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေကို မဖော်ထုတ်နိုင်အောင် သူတို့ဘဝကို ကန့်သတ်တာတို့ ၊ လုံခြုံရေးကို ခြိမ်းခြောက်တာတို့လုပ်ဆောင်နေတဲ့ အနေအထားကို လည်းကျမတို့တွေ့ရတယ်” လို့ နော်ဆဲဆဲက ပြောပါတယ်။

စာတမ်းမှာ WLB ရဲ့ စာရင်းကောက်ခံမှုအရ နိုင်ငံတစ်ဝှမ်း ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စုစုပေါင်း ၉၆၃ မှုရှိပြီး ကရင်နီပြည်က ကျူးလွန်မှု အများဆုံးရှိတဲ့ ပြည်တစ်ခုအဖြစ် ရပ်တည်နေတာပါ။

WLB ရဲ့ တွေ့ရှိချက်အရ နိုင်ငံတစ်ဝှမ်းရှိ အမျိုးသမီး၊ မိန်းကလေးငယ်၊ LGBTQIA+, သက်ကြီးရွယ်အို စတဲ့ ထိလွယ်ရှလွယ်အဖွဲ့တွေက ပြစ်မှတ်ထား ကျူးလွန်ခံနေရတာကို ပိုမိုတွေ့ရှိရတယ်လို့လည်းဆိုပါတယ်။

အဆိုပါကျူးလွန်မှုတွေကိုလည်း မြန်မာစစ်တပ်အပြင် တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့တွေကြားမှာလည်း ဖြစ်ပေါ်နေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုတွေ အများဆုံးဖြစ်နေတဲ့ ကရင်နီပြည်မှာလည်း တရားဥပဒေစိုးမိုးရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်ဆောင်ရွက်နေပေမဲ့ ပဋိပက္ခကာလဖြစ်တာကြောင့် အရေးယူဆောင်ရွက်မှုအတွက် စိန်ခေါ်မှုတွေရှိနေဆဲဖြစ်တယ်လို့လည်း ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တရားရေးဌာနက ပြောပါတယ်။

အစိုးရ လူ့အရင်းမြစ်နည်းပါးမှု၊ ဥပဒေအရင်းအမြစ်နည်းပါးမှုတွေကြောင့်လည်း ထိထိရောက်ရောက်မကိုင်တွယ်နိုင်ပေမဲ့ တရားရုံးကို ရောက်လာတဲ့ အမှုကိုတော့ တရားဥပဒေအရ ကိုင်တွယ်ဖြေရှင်းလျက်ရှိတယ်လို့ ပြည်နယ်ဥပဒေအရာရှိ ခွန်းဂျက်စတင်းက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

“တချို့အမှုတွေက ရဲ အရေးပိုင်တဲ့အမှုတွေဖြစ်တယ်ပေါ့နော။ အိမ်တွင်း အကြမ်းဖက်မှုတွေ အမျိုးသမီးပေါ်အကြမ်းဖက်မှုတွေ၊ လိင်အကြမ်းဖက်မှုတွေက ရဲအရေးပိုင်တဲ့ ပုဒ်မတွေဖြစ်သော်ငှားလည်း ရဲအရေးပိုင်တဲ့အမှုတွေဆို သူတို့ဟာသူတို့ ကြေအေးလို့မရဘူး။ ရဲကသွားဖမ်းရမယ်။ ပြီးတော့ သူတို့ကြေအေးလည်း ရဲကသွားဖမ်းပြီးတော့ တရားစွဲရမယ်ပေါ့နော။ ဒါပေမဲ့ ဒီအခြေနေမှာက သူတို့ပြီးပြီလို့ ယူဆထားတဲ့ အမှုတွေကို ရဲတွေက သွားဖမ်း၊ သွားရှုပ်တဲ့ ဟာမျိုးလည်း သူတို့လည်းမဖြစ်စေချင်ဘူးပေါ့နော။ တချို့တွေလည်း မကြိုက်တာမျိုးတွေရှိတော့ အဲလိုမျိုးတွေလည်းမလုပ်နိုင်တာမျိုးရှိတယ်ပေါ့နော” လို့ ခွန်းဂျက်စတင်းက ပြောပါတယ်။

ပဋိပက္ခဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက လည်း ၂၀၁၅ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်ကြား ဗျူဟာကျကျ ကျူးလွန်မှုတွေ ပိုမိုပေါ်ပေါက်လာတာကိုတွေ့နေရတယ်လို့လည်း သူက ပြောပါတယ်။

WLB ရဲ့ စာတမ်းအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝှမ်း ပဋိပက္ခနဲ့ဆက်နွယ်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းမှုက ကရင်နီမှာ ၃၆၅ ခု၊ စစ်ကိုင်းတိုင်းမှာ ၃၄၉ ခု၊ ရှမ်းပြည်နယ်မှာ ၁၀၂ ခု၊ ကချင်ပြည်နယ်မှာ ၄၀ခု၊ တနင်္သာရီတိုင်းမှာ ၂၇ ခု၊ ချင်းပြည်နယ်မှာ ၁၉ ခုနဲ့ တခြားတိုင်းနဲ့ ပြည်တွေမှာတော့ တစ်ဆယ်မကျော်တဲ့ အရေအတွက်နဲ့ အသီးသီး ရှိနေကြပါတယ်။

spot_img
spot_img