spot_imgspot_imgspot_imgspot_img
Saturday, June 21, 2025
spot_imgspot_imgspot_imgspot_img

၂၀၂၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ (၁၅၀)နှစ်မြောက် ကရင်နီအမျိုးသားနေ့အတွက် ကရင်နီလူငယ်တွေရဲ့ စကားသံ

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့ဟာ ကရင်နီအမျိုးသားနေ့ ဖြစ်ပါတယ်။ ဗြိတိသျှအင်ပါယာနဲ့ မြန်မာဘုရင် တို့က ကရင်နီပြည်ရဲ့ သီးခြားလွတ်လပ်စွာ တည်ရှိမှုကို လက်ခံခဲ့ကြပြီး နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုခဲ့တဲ့ ၁၈၇၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ကို ကရင်နီအမျိုးသားနေ့အဖြစ် ဂုဏ်ပြုကျင်းပလာခဲ့တာ ဒီနေ့မှာ (၁၅၀) နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတိုက်ပွဲပြင်းထန်ခဲ့တဲ့ ကရင်နီမှာ ကရင်နီအမျိုးသားနေ့ကို ယခင်ကလို ကြီးကျယ်ခမ်းနားစွားမကျင်းနိုင်ကြတော့ပါဘူး။ ဒီလိုမကျင်းပနိုင်တဲ့အခါ လူငယ်တွေအတွက် ဘယ်လိုစိုးရိမ်မှုရှိလာနိုင်သလဲ ။ ကရင်နီလူငယ်တချို့ ကရင်နီအမျိုးသားနေ့အပေါ်ထားတဲ့ ခံယူချက်က ဘယ်လိုရှိလဲ။ ဘယ်လိုဖြစ်စေချင်သလဲ စတာတွေနဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်) မှ ကရင်နီလူငယ်တချို့ကို မေးမြန်းတင်ဆက်ထားပါတယ်။

မော်လူမြာ ( IEC လူငယ်ရေးရာဌာန၊ ဒုဌာနမှူး -၁ )

မော်လူမြာ ( IEC လူငယ်ရေးရာဌာန၊ ဒုဌာနမှူး -၁ )

ဇွန်လ ၂၁ ရက်နေ့မှာကျရောက်တဲ့ ၁၅၀ နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ ကရင်နီပြည်သူလူထု တရပ်လုံးဘေးကင်းလုံခြုံပါစေကြောင်း အရင်ဆုံးဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ကရင်နီအမျိုးသားနေ့ဆိုတာက အားလုံးသိကြတဲ့အတိုင်ပဲပေါ့နော် ၊ဗြိတိသျှနဲ့ မြန်မာဘုရင်တို့ကနေပြီးတော့မှ ကရင်နီပြည်နယ်ကို သီးခြားလွတ်လပ်တဲ့ ပြည်နယ်အနေနဲ့ အသိအမှတ်ပြု လက်မှတ်ရေးထိုးတဲ့နေ့ဖြစ်တယ်ပေါ့နော်။ ဆို‌တော့အဲဒီနေ့ကို ကျမတို့က အခုချိန်အထိ အသိအမှတ်ပြုတယ်၊ ဂုဏ်လည်း ဂုဏ်ယူတယ်ပေါ့နော်။ လက်ရှိမှာက ကျမတို့က အရင်တုန်းကလိုမျိုး ကရင်နီအမျိုးသားနေ့အခမ်းအနားကို အကျယ်တဝင့် မလုပ်နိုင်ဘူး။ ကြီးကြီးကျယ်ကျယ်မလုပ်နိုင်ဘူးပေါ့နော်။ သို့ပေမယ့်လည်း ကရင်နီပြည်က တချိန်က သီးခြားလွတ်လပ်တဲ့ ပြည်နယ်တခုဖြစ်နေခဲ့တယ်ဆိုတဲ့ဟာကို ကျမတို့က စိတ်ထဲမှာအမြဲရှိတယ်။ သမိုင်းအစဉ်အလာအရနဲ့လည်း ရှိထားပြီးသားဖြစ်တဲ့အတွက် ကျမတို့က ဂုဏ်ယူစွာနဲ့ပဲပေါ့နော်။ ဒီဇွန်လ ၂၁ ရက်နေ့ဟာ ကရင်နီအမျိုးသားနေ့ဖြစ်တယ်ဆိုတာကို ဂုဏ်ယူစွာနဲ့ဖော်ပြချင်ပါတယ်။လက်ရှိ ကျမတို့ ပြည်နယ်မှာက အခက်အခဲအကြပ်အတည်းကာလနဲ့ ရင်ဆိုင်နေရတဲ့ ကာလဖြစ်တယ်ပေါ့နော်။ဆိုတော့ အခက်အခဲတွေ၊ အကြပ်အတည်းတွေကို ကြိုးစားပြီးတော့မှ ကျော်ဖြတ်နေကြရတယ်။ အထူးသဖြင့် လူထုတွေပေါ့နော်။ ဆို‌တော့ လူထုတွေက ပိုပြီးတော့မှ ဒုက္ခရောက်ကြရတယ်။ စားဝတ်နေရေးခက်ခဲကြတယ်။ အိုးအိမ်တွေပျက်စီးကြတယ်။ ထွက်ပြေးတိမ်းရှောင်ရတယ်ပေါ့နော်။ ဒါပေမယ့်လည်း သူတို့က အခက်အခဲကြားမှာ တော်လှန်ရေးကို အားဖြည့်ပေးကြတယ်။ ပါဝင်ပေးကြတယ်။ အဲဒီအတွက်လည်း ကျေးဇူးတယ်တယ်လို့ ပြေားကြားချင်တယ်။ ဆက်လက်ပြီးတော့မှ ဒီတော်လှန်ရေးမှာ ဆက်ပြီးပါဝင်ပေးဖို့ တောင်းဆိုချင်တယ်။ တော်လှန်ရေးလို့ ပြောတဲ့အခါမှာ တော်လှန်ရေးမှာပါဝင်နေတဲ့ သူတွေရဲ့ ၈၀ ရာခိုင်နှုန်းက လူငယ်တွေဖြစ်တယ်လေနော်။ လူငယ်တွေကတော့ အသက်တွေ ပေးဆပ်ကြရတယ်။ ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ကြရတယ်။ သို့ပေမယ့်လည်း သူတို့ရဲ့ တခုတည်းသော မျှော်လင့်ချက်က ပြည်နယ်ရဲ့ ဒီမိုကရေစီရရှိဖို့ ပြီးတော့မှ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိတဲ့ ပြည်နယ်တခုဖြစ်ပေါ်လာဖို့အတွက်ပေါ့ အဲဒါတွေက လူငယ်တွေရဲ့ အဓိကရည်မှန်းချက်ပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျမတို့မျှော်လင့်နေတဲ့ တော်လှန်ရေးရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိဖို့ရယ်။ ပြီးတော့မှ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးဖို့ပေါ့နော် ။ကောင်းမွန်တဲ့ စနစ်တခုရရှိဖို့ဆိုရင် ကျမတို့ဆက်ပြီးတော့မှ တိုက်ပွဲဝင်ဖို့လိုတယ်ဆိုတဲ့ဟာကို ကျမတိုက်တွန်းချင်ပါတယ်။

ဟင်နရီနျား (ဒီးမော့ဆိုဒေသခံ)

ဟင်နရီနျား (ဒီးမော့ဆိုဒေသခံ)

ဘိုးဘွားခေတ်အဆက်ဆက်ကတည်းက ထိန်းသိမ်းလာတဲ့ ဒီကရင်နီအမျိုးသားနေ့ပေါ့နော် အခုတော့ (၁၅၀) နှစ်မြောက် ရောက်လာခဲ့ပြီ။ အဲဒီနေ့ကို ကျနော် ဂုဏ်ပြုပါတယ်။ ပြည်သားတယောက်အနေနဲ့လည်း အရမ်းဂုဏ်ယူပါတယ်။ နှောင်နှစ်တွေမှာလည်း ဒီလိုနေ့ရက်မျိုးကို ဆက်လက်ထိန်းသိမ်းကျင်းပနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ အခက်အခဲအမျိုးမျိုးကြောင့်ရယ်၊ နိုင်ငံရေးအခြေအနေကြောင့် အမျိုးသားနေ့ကို ပြည်တွင်းမှာ ခမ်းခမ်းနားနား မကျင်းပနိုင်တော့တာတော့ တော်တော်လေး ဝမ်းနည်းမိတယ်။ ဒါပေမဲ့ လူထုတွေရဲ့ ရင်ထဲမှာတော့ အမျိုးသားနေ့က အမြဲတမ်း အမှတ်ရနေမယ်လို့တော့ ကျနော်ယုံကြည်တယ်။ အခုလက်ရှိ နိုင်ငံရေးနဲ့ လူမျိုးပေါင်းစုံက လာပြီးတော့ တိုက်ကူနေကြတော့လေး နောင်တချိန် ဒီကရင်နီပြည် လွတ်မြောက်သွားခဲ့ရင် သူတို့တွေရှင်းတမ်း ရှင်းကြတဲ့အခါ အဲဒီအမျိုးသားနေ့ကို သူတို့အသိအမှတ်မပြုတော့မှာ စိုးတယ်။ ပြီးတော့ အဲဒီအမျိုးသားနေ့ကို ဆက်လက်ထိန်းသိမ်းပေးဖို့လည်း ပြည်သူတယောက်အနေနဲ့ ကျနော်တောင်းဆိုချင်ပါတယ်။ စစ်ရှောင်နေတဲ့ လူထုတွေအနေနဲ့က ဆက်ပြီးတော့ အားတင်းထားပေးပါလို့ ပြောချင်ပါတယ်။ ဒီနေ့က အင်္ဂလိပ်နဲ့ ဗမာဘုရင်တို့က သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်အဖြစ် သတ်မှတ်ပေးထားတဲ့ နေ့ဖြစ်တယ်။ ဒါကြောင့် အဲဒီလိုနေ့မျိုးပြန်ရဖို့ ဆက်လက်တည်မြဲနိုင်ဖို့အတွက်တော့ ရဲဘော်တွေနဲ့အတူ ဆင်းရဲပင်ပန်းခံပြီး အတူတိုက်ပွဲဝင်ပေးဖို့ ပြောချင်ပါတယ်။

မော်ထျှိုးမြာ (ကျန်းမာရေးCDM)

မော်ထျှိုးမြာ (ကျန်းမာရေးCDM)

အခုကျရောက်တဲ့ ၁၅၀ နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒီလိုနေ့ထူးနေ့မြတ်တွေ အမျိုးသားရေးကိစ္စတွေဆိုတာ အရင်တို့က ကျမတို့က သိရကောင်းမှန်း မသိခဲ့ကြဘူး။ အဓိကကတော့ ဒီလိုအခွင့်အရေးတွေ လုပ်ဆောင်လို့ မရအောင် ပိတ်ပင်ခံထားရတာတွေ ရှိတယ်ပေါ့နော်။ ရိုက်သွင်းခံထားရတဲ့အပိုင်းတွေ ရှိတယ်။ အဲဒါကြောင့်မို့လို့လည်း ပါတယ်ပေါ့နော်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာက လူထုတွေဟာ ဒီအခွင့်အရေးတွေကို သူတို့စွဲကိုင်တတ်လာကြပြီ။ ပိုပြီးတော့ ပါဝင်လာကြပြီ၊ လေ့လာမှုအားကောင်းလာကြတယ်ပေါ့နော်။ ဒါပေမဲ့လည်း ဒီအာဏာပြန်သိမ်းလိုက်တော့ အဓိက ကျမတို့ရဲ့ အမျိုးသားနေ့ပဲဖြစ်ဖြစ်၊ နေ့ထူးနေ့မြတ်ပဲဖြစ်ဖြစ် ပြည်တွင်းမှာက ကြီးကျယ်ခမ်းနားစွာ ကျင်းပလို့က မရတော့ပြန်ဘူးပေါ့နော်။ ဒါပေမဲ့ လူထုတွေရဲ့ အသိစိတ်ထဲမှာ ဒီလိုနေ့ရက်တွေကို အသိအမှတ်ပြုတတ်လာကြပြီပေါ့နော်။ အဲဒါအပြင် တချို့နေရာဒေသတွေမှာ အခက်အခဲတွေ၊ အန္တရာယ်တွေ အများကြီး ရှိရင်တောင်မှ ဒီလိုမျိုးနေ့ထူးနေ့မြတ်ကို ရအောင်ကြိုဆိုနိုင်တဲ့ အရာတွေရှိတယ်။ အဲဒီအတွက်လည်း အများကြီးဂုဏ်ယူရပါတယ်။ ကျမတို့ဟာ လွတ်လပ်စွာ ပြုလုပ်ခွင့်မရရင်တောင် ကျမတို့ရဲ့ အသိစိတ်ထဲမှာ ဂုဏ်ယူတတ်နေဖို့ လိုတယ်။ နောက်တခုက ဒီစစ်ကောင်စီ အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ ကျမတို့ပြည်နယ်မှာ လူထုတွေက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်ပေါ့နော်။ ဒီပြည်နယ်သူ၊ ပြည်နယ်သားမှ မဟုတ်ဘူး၊ တခြားနေရာဒေသက လူတွေက ရှောင်လာကြတဲ့အထိပေါ့နော်။ ဒီလိုအချိန်ကာလကြာလာတော့ လမ်းပျောက်နေသလိုမျိုး၊ ဝေဝါးလာသလိုမျိုးတွေ ရှိသလို တဖက်မှာလည်း ကျမတို့ အခုလိုမျိုး ရင်ဆိုင်နေရတယ်၊ ကြိုးစားနေရတယ်၊ လုပ်ဆောင်နေရတယ်ဆိုတာဟာ ဒီတချိန် ကျမတို့နောင်မျိုးဆက်တွေ ကျမတို့လို မဖြစ်အောင် သူတို့အခွင့်အရေး၊ သူတို့ လွတ်လပ်မှုတွေရရှိအောင် ကျမတို့ ရင်ဆိုင်နေရတာပါ။ ကျမတို့ဒီလူထုတွေ အခုချိန်ထိ ကြံ့ကြံ့ခိုင်အောင် ရင်ဆိုင်ရပ်တည်ပေးနေတဲ့အတွက်လည်း အားလည်းနာတယ်၊ ကျေးဇူးလည်းတင်ပါတယ်။ ပြီးရင် ကျမတို့ပြည်နယ်မှာက မျိုးနွယ်စုတွေ၊ လူမျိုးစုတွေ အများကြီးရှိတယ်။ အဲဒီအပေါ်မှာ ကျမတို့ သွေးဝမ်းမကွဲဘဲနဲ့ ညီညွှတ်စွာ သွားတယ်။ ပြီးရင် ကျမတို့ ပြစ်တင်ဝေဖန်မှုတွေ လျော့ချပြီးတော့ ကိုယ်တိုင်ပါဝင်လာမယ်ဆိုရင် ကျမတို့အရွေ့တခု၊ ကျမတို့ လိုချင်တဲ့ပန်းတိုင်က ကျမတို့လက်ထဲကို ရောက်လာမှာ ဖြစ်ပါတယ်။ အထူးမှာချင်တာကတော့ လုံခြုံအောင်နေပါဆိုရင်လည်း ဒီချိန်မျိုး ဘယ်နေရာမှ မလုံခြုံဘူးပေါ့နော်။ ဒါမဲ့ အဓိက ကျမတို့ရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးကတော့ ကျန်းမာနေဖို့လိုတယ်ဆိုတာ မှာချင်ပါတယ်။

မောရစ် (ကော်ယော်၊မိုနုမနော တိုင်းရင်းသား)

မောရစ် (ကော်ယော်၊မိုနုမနော တိုင်းရင်းသား)

ဒီနေ့ ဇွန်လ (၂၁) ရက်နေ့မှာ ကျရောက်တဲ့ ၁၅၀ နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ ကရင်နီပြည်သူတွေအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေ၊ ဘေးအန္တာရာယ်အပေါင်းမှလည်း ကင်းဝေးကြပါစေလို့ ကျနော်လူငယ်တယောက်အနေနဲ့ ပထမဦးဆုံး ဆုတောင်းပေးလိုက်ပါတယ်။ ကျနော်တို့ ကရင်နီအမျိုးသားနေ့ကို အခုချိန်ထိ မမေ့မလျော့ပဲ ကျင်းပလာကြတာ ဒီနေ့နဲ့ဆို ၁၅၀ ကြိမ်မြောက်ခဲ့ပြီ။ အဲဒီအပေါ်မှာလည်း ကျနော်ဝမ်းသာမိပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ကရင်နီအမျိုးသားနေ့ကို အရင်ကလိုမျိုး လုံခြုံရေးအရ စည်စည်ကားကား ခမ်းခမ်းနားနား မကျင်းပနိုင်တဲ့အပေါ်မှာ ကျနော်အနည်းငယ် ဝမ်းနည်းမိတယ်ပေါ့နော်။ ဒါပေမယ့်လည်း ကရင်နီဒေသမှာ ရှိတဲ့ နေရာဒေသအချို့မှာ ကရင်နီပြည်သူလူထုတွေက ဒီကရင်နီအမျိုးသားနေ့ အခမ်းအနားကို ကျင်းပကြမယ်လို့ ကျနော်ထင်ပါတယ်။ ပြီး ကရင်နီလူငယ်တွေလည်း Social media ပေါ်မှာ Collaborationပြုလုပ်ကြမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ၁၅၀ နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ စစ်ဘေးရှောင်ပြည်သူလူထုတွေကို စိတ်အားမငယ်ကြဖို့၊ အပြန်အလှန်ဖေးမ ကူညီကြဖို့ ပြီးရင် ကျနော်တို့ မျှော်လင့်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီလည်း အမြန်ဆုံး ရရှိနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ကရင်နီပြည်မှာ ရှိတဲ့ လူမျိုးစု တစုနဲ့တစု၊ အင်အားစုတစုနဲ့တစုလည်း တော်လှန်ရေးမှာ အတူတူလက်တွဲလုပ်ကိုင်သွားဖို့၊ တဖွဲ့နဲ့တဖွဲ့ နားလည်မှုတွေ ရှိကြဖို့၊ ပြီးရင် စစ်အာဏာရှင်တော်လှန်ရေးကို တစိုက်မတ်မတ် လုပ်သွားဖို့လည်း ကျနော်မျှော်လင့်ပါတယ်။

ပိုပိုလေး (ဂေဘားတိုင်းရင်းသူ )

ပိုပိုလေး (ဂေဘားတိုင်းရင်းသူ )

တကယ်တော့ ကရင်နီအမျိုးသားနေ့ဖြစ်ပေါ်လာတဲ့ နောက်ခံသမိုင်းအကြောင်းက အင်မတန်ကြီးမြတ်တယ်ပေါ့နော်။ ဒီနေ့က ကရင်နီပြည်နယ်ထဲမှာရှိတဲ့ လူမျိုးစုများအားလုံး အမှတ်ရကြပြီးတော့ ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပရမယ့်နေ့တနေ့ဖြစ်တယ်ပေါ့လေ။ ဒါပေမယ့်ကျမတို့အားလုံးသိကြတဲ့အတိုင်းပဲ အခုလက်ရှိပြည်တွင်းမှာဆိုရင် စစ်ရေးပဋိပက္ခကြောင့်ပေါ့ ဒီအမျိုးသားနေ့ပွဲကို ကရင်နီပြည်နယ်မှာရှိတဲ့ ကျမတို့လူမျိုးစုများအားလုံး စုပေါင်းပြီးတော့ ကျင်းပနိုင်တဲ့အခြေအနေလုံးဝမရကြတဲ့အပေါ်မှာ များစွာ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ ပြည်ပမှာရှိနေတဲ့ ကျမတို့ကရင်နီအဖွဲ့အစည်းတွေက ကြိုးစားပြီးတော့ နိုင်ငံအလိုက် ကျင်းပကြတာလည်းရှိတယ်ပေါ့လေ။ သူတို့ဒီလိုကျင်းပတာဟာလည်း ပျော်ပွဲရွင်ပွဲအတွက် မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့နေ့ထူးနေ့မြတ်ပြန်လည်ပြီးတော့ အမှတ်ရကြဖို့နဲ့ ကိုယ့်ရဲ့ ကရင်နီအမျိုးသားရေး၊ စိတ်ဓာတ်ရေးရာတွေမှာပေါ့နော် ပြန်လည်နိုးကြားဖို့အတွက် ပြန်လည်ပြီး စုစည်းနိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီးတော့ ကျင်းပကြတာဖြစ်တယ်။ ပြည်တွင်းမှာရှိတဲ့ ညီအကိုမောင်နှမတွေလည်း အချိန်အတိုင်းအတာ တခုအထိပေါ့လေ တော်လှန်ရေးအောင်မြင်တဲ့ တနေ့ကျရင်တော့ ကျမတို့အားလုံးစုပေါင်းပြီးတော့ ပြည်တွင်းမှာ စည်စည်ကားကားနဲ့ ပြန်လည်ကျင်းပနိုင်တဲ့ အခွင့်အခါကို အမြဲတမ်းစောင့်မျှော်နေပါတယ်ရှင်။ အားလုံးနဲ့ တွေ့ဆုံနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒေးဗစ် (လွိုင်ကော်ဒေသခံ)

ကရင်နီအတွက် အသက်ပေးသွားတဲ့သူတွေ၊ ကရင်နီအတွက် ပေးဆပ်နေတဲ့သူ အယောက်စီတိုင်းကို ဂုဏ်ပြုကြောင်း ဒီနေ့ ကရင်နီအမျိုးသားနေ့မှာ ပြောချင်ပါတယ်။ ပြီးတော့ ကျနော်တို့ ကရင်နီအမျိုးသားနေ့ကို အရင်ကလို စည်စည်ကားကား မကျင်းပနိုင်ပေမယ့် ကျနော်တို့စိတ်ထဲမှာတော့ ဒီအမျိုးသားနေ့ဟာ တန်ဖိုးမလျော့သွားပါဘူး။ ပြီး မေ့လည်းမမေ့ပါဘူး။ စစ်ရှောင်လူထုတွေအနေနဲ့လည်း ကျနော်တို့တွေ အခက်အခဲတွေ အများကြီး ဖြတ်ကျော်လာခဲ့ပြီးပြီ၊ တောင့်ခံလာခဲ့ပြီးပြီ ဆိုတော့ ဆက်ပြီးတော့ တောင့်ခံပေးကြဖို့၊ စိတ်ဓာတ်မကျဖို့ ပြောချင်ပါတယ်။⁩

spot_img
spot_img