ကန္တာရ၀တီတိုင်း(မ်)
ရှမ်း – ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်း၊ ရီနွဲ့ကျေးရွာအုပ်စုထဲက စစ်ဘေးရှောင်စခန်း တစ်နေရာကို စစ်ကောင်စီက ဇူလိုင်လ ၇ရက်နေ့ ည ၁၁ နာရီမှာ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
စစ်ရှောင်စခန်းတစ်နေရာထဲကို ဒေသခံတွေရဲ့အဆိုအရ ပေါင် ၂၀၀ ပြင်အားရှိတဲ့ ဗုံးနဲ့ သုံးလုံးခန့် ကြဲချခဲ့တာပါ။
မိသားစုဝင် ၃ဦးနေထိုင်တဲ့ နေအိမ်ပေါ် တစ်လုံးကျရောက်ခဲ့ပြီး အသက် ၄ နှစ်အရွယ်သမီးငယ် Regina၊ အသက်၂၉နှစ်အရွယ် Julio (ခ) လှကွမ်း၊ အသက် ၂၇နှစ်အရွယ် မူထန်း တို့ ထိမှန်သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေဟာ မိသားစုဝင်တွေဖြစ်ကြပါတယ်။
“ချွေးမ၊ သား တစ်ရက်တည်း ဦးလေးကို ခွဲခွာသွားတော့ ဦးလေးတအားဝမ်းနည်းတယ်။ ဘယ်လိုဝမ်းနည်းမှန်းတောင် မပြောတတ်တော့ဘူး။”လို့ သား၊ ချွေးမ၊ မြေးမလေး သေဆုံးမှု နဲ့ သားသမီးတွေ ထိခိုက်ဒဏ်ရာရမှုအပေါ် ဖခင်ဖြစ်သူ ဦးလှဖရန်က ပြောပြလာပါတယ်။
ဗုံးစထိမှန်မှုကြောင့် အဲ့ဒီစစ်ရှောင်စခန်းက အသက် ၂နှစ်ဝန်းကျင်အရွယ် သမီးငယ်တစ်ဦး၊ အသက် ၁၃နှစ်ကျော် မိန်းကလေးငယ်တစ်ဦး၊ အသက် ၃၂ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး နဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးကုသမှုခံယူနေရပါတယ်။
အဲ့ဒီထဲမှာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။
အဲ့ဒီစစ်ရှောင်စခန်းဟာ ဖယ်ခုံအင်းအရှေ့ဖက်ကမ်း၊ နန်းပေါလုံ၊ ကုန်းပေါ၊ ဆောင်ကန်း၊ မိုးဗြဲ၊ ကုန်းသာ စတဲ့ ကျေးရွာအသီးသီးက လာရောက်စစ်ဘေးတိမ်းရှောင်ကြတာဖြစ်ပြီး အိမ်ခြေ ၈၀၊ လူဦးရေ ၃၀၀ ကျော် ရှိတယ်လို့ စစ်ရှောင်ကော်မတီစာရင်းအရ သိရှိရပါတယ်။
အလားတူညမှာပဲ အနီးအနားက တခြားစစ်ရှောင်စခန်းတစ်နေရာကိုလည်း စစ်ကောင်စီ ဗုံးနှစ်လုံးကြဲချခဲ့ပါတယ်။ တစ်လုံးပေါက်ကွဲပြီး တစ်လုံးကတော့ မပေါက်ကွဲသေးဘူးလို့ သိရပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းမှာလည်း အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဗုံးစထိမှန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဗုံးစထိမှန်မှုကြောင့် သေဆုံးခဲ့ရတဲ့ မိသားစုဝင် သုံးဦးကိုတော့ ဒီကနေ့ ဇူလိုင်လ ၈ ရက်နေ့မှာ မြေမြှုပ်သင်္ဂြိုလ်ခဲ့ပါတယ်။