ကန္တာရဝတီတိုင်း ( မ် )
ဩဂုတ်လ ( ၁၇ ) ရက်နေ့မှာ ကျရောက်တဲ့ ( ၇၇ ) နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့ အခမ်းအနားကို ကရင်နီပြည် တပ်မတော် ( KA ) ထိန်းချုပ်ရာ နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို တက်ရောက်လာကြတဲ့ ကရင်နီပြည်တပ်မတော် (KA) က တပ်ဖွဲ့ဝင်တချို့ နဲ့ ကျောင်းသူတချို့ရဲ့ ရင်တွင်းစကားသံတွေကို မေးမြန်းတင်ဆက်ထားပါတယ်။
မော်ဗျားမြာ (KA တပ်ရင်း ၃ ၊ ဆေးမှူး တစ်ဦး)
“ ပြောချင်တာကတော့ ဒီတော်လှန်ရေးပေါ့နော် ဒီတော်လှန်ရေး ဖြစ်လာတာ ၇၇ နှစ်ရှိပြီ။ ဒါပေမဲ့ ကျမတို့လူငယ်တွေက အခုမှ ဒီအာဏာပြန်သိမ်းတဲ့နောက်ပိုင်းမှာ ၄ နှစ်ကျော်ကာလအတွင်း ရဲဘော်ရဲဘက်တွေကော ပြည်သူ လူထုတွေကော ပြည်သူတွေက အိုးအိမ်တွေဆုံးရှုံးတယ်။ ရဲဘော်တွေလည်း ကိုယ်လက်အင်္ဂါဆုံးရှုံးရတဲ့ရဲဘော်တွေရှိတယ်။ အသက်တွေ ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေရှိတယ်ပေါ့နော်။ ကျမကတော့ ဒီတော်လှန်ရေးမှာ ဒီ ၂၀၂၄ စပြီး ပါဝင်လာဖြစ်တယ်။ အခုလက်ရှိလည်း တာဝန်ထမ်းဆောင်နေတုန်းပဲ ဖြစ်တယ်ပေါ့နော်။ ပြီးတော့ နောက်ပိုင်းမှာလည်း ဒီထက်ပိုပြီးတော့မှ တတ်နိုင်တဲ့ဖက်ကနေ ပြည်သူတွေအတွက်ကော ရဲဘော်တွေအတွက်ကော ပါဝင်အားဖြည့်သွားမယ်။ ပြီးတော့ အခုလည်း အကုန်လုံးက ပင်ပန်းနေကြမယ်လို့ ယုံကြည်တယ်။ ပြီးတော့ အားယူပြီး ရှေ့ဆက်မယ်လို့လည်း ယုံကြည်တယ်။ ”
ခူးနိုရယ် ( KA လေ့ကျင့်ရေးဌာန )
“ ပထမဦးဆုံးအနေနဲ့ ကျနော်တစ်ယောက်အနေနဲ့ ဒီ ၇၇ နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို တက်ရောက်ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီ ၇၇ နှစ်ဆိုတဲ့ အတိုင်းအတာက ဒီကနေ့ ထိ ရပ်တည်လာဖို့ဆိုတာ မလွယ်လောက်ပါဘူး ။ အဲ့တွက်ကြောင့်မလို့ ကျနော်တို့ရဲ့ရှေ့မှာ လမ်းပြဦးဆောင်ခဲ့ကြတဲ့ လူကြီးများ၊ အာဇာနည်သူရဲကောင်းများနှင့် ရဲဘော်ရဲဘက်များအားလုံး ပြီးတော့ ပြည်သူတွေကော ပြည်သူတွေရှိမှဘဲ ကျနော်တို့ ဒီနေ့ထိ ရပ်တည်လာနိုင်တဲ့အတွက် ဒီနေ့ထိ ပြည်သူတွေ ကျနော်တို့နဲ့အတူတကွ ရပ်တည်လာတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ ကျနော်တို့ တော်လှန်ရေးထဲမှာ ရဲဘော်ရဲဘက်များနှင့်အတူ ပြည်သူလူထုများနှင့်တကွ တော်လှန်ရေးအောင်တဲ့ထိ ကျနော်တို့ဆက်လက်ပြီးတော့ အတူတကွ အားကျိုးမာန်တက် အတူတကွ ပါဝင်ပြီးတော့ တော်လှန်ရေးကို မြန်မြန်ပြီး ပြီးတော့ ပြည်သူများလည်း မြန်မြန်အိမ်ပြန်နိုင်ဖို့အတွက် အကောင်းဆုံးရှေ့ဆက်ပြီးတော့ ရှေ့ဆက်ကြပါစို့လို့ ပြောချင်ပါတယ်။ ”
ဂျူလျားနာ (KA – စက်ချုပ်ဌာန)
“ ရဲဘော်တွေကို အားလုံး အားတင်းထားကြပါလို့ ။ ကျမတို့လည်း နောက်မှာ တတ်နိုင်သလောက်တော့ ကြိုးစားကူညီပေးပါမယ်လို့။ ဒီကနေ့ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် ကရင်နီတပ်မတော်နေ့ကို အထူးဝမ်းသာပါတယ်။ ရဲဘော်တွေလည်း အခက်ခဲကနေ အကုန်လုံးဖြတ်သန်း နိုင်ကြပါစေ။ ဆက်လက်ပြီး အားတင်းကြပါလို့။ ”
အောင်စိုး ( KA လေ့ကျင့်ရေးဌာန )
“ ဒီကနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် ကရင်နီတပ်မတော်နေ့မှာ ပြောချင်တာက ဒီ ရှေ့တန်းမှာသွားနေတဲ့ ရဲဘော်ရဲဘက်များနဲ့ သူငယ်ချင်းရဲဘော်များလည်း ဒီထက်မက ကရုစိုက်ကြပါလို့။ ပြီးတော့ နောက်နှစ်တွေမှာလည်း ဒီလိုမျိုး တပ်မတော်နေ့မှာ ဒီထက် ခမ်းခမ်းနားနား ကျင်းပနိုင်ပါစေ လို့ ကျနော်ပြောချင်ပါတယ်။ ”
မော်ဗျားမြာ ( ရဲမေတစ်ဦး )
“ ၇၇ကြိမ်မြောက် ကျရောက်တဲ့ တပ်မတော်နေ့မှာ ရဲဘော်အကုန်လုံးကို ပြောချင်ပါတယ်။ အကုန်လုံး အားတင်းထားကြပါလို့။ လွယ်လွယ်နဲ့ ဇွဲမလျှော့နဲ့ပေါ့နော်။ ဘယ်လိုပဲ ဖြစ်ဖြစ် အစကတည်းက အခက်ခဲတွေ ကြုံလာရပြီး ကြိုးစားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဆက်ပြီး ကြိုးစားပေးပါဦးလို့။ ”
စိုးမြတ်သဇင်နိုင် (ကျောင်းသူတစ်ဦး)
“ ပထမဆုံးအနေနဲ့ ဒီ ၇၇ ကြိမ်မြောက် ကရင်နီ Army day ကို ဂုဏ်ပြုလိုက်ပါတယ်။ ပြီးတော့မှ ဒီကျဆုံးလေပြီးတဲ့ရဲဘော်တွေကော ဒီ တခြားရဲဘော်ရဲဘက်ကို အကုန်လုံးကိုလည်း အလေးပြု ဂုဏ်ပြုလိုက်ပါတယ်။ ပြီးတော့ ဒီအားပေးစကားပြောချင်တာတော့ ဒီရှေ့ဆက်ရမယ့် တော်လှန်ရေးမှာ ဆက်ပြီးတော့မှာ အားတင်းပေးထားကြပါ အခက်ခဲတွေကိုလဲ ကျော်လွှားနိုင်ကြပါစေ ။ ဘေးကင်းအန္တရာယ်ကင်းနိုင်ကြပါစေ။ ပြီးတော့မှ ဒီကျမတို့ ပြည်သူလူထုတစ်ယောက်အနေနဲ့လဲ ဒီတတ်နိုင်တဲ့ဖက်ကနေ ဝိုင်းဝန်းကူညီပေးပါမယ်။ အတတ်နိုင်ဆုံးဆက်ပြီးတော့မှ အားတင်းထားဖို့ ပြောချင်ပါတယ်။ ”