ကန္တာရဝတီတိုင်း ( မ် )
ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုအတွင်းက မြင်းမထိတောင်သတ္တုတူးဖော်မှုကို နယ်မြေဒေသခံတွေ ဆန္ဒပြကန့်ကွက်မှုကြောင့် လတ်တလောမှာ လုပ်ငန်းရပ်ဆိုင်းထားတာကို တွေ့ရတယ်လို့ သပိတ်ဦးဆောင်ကော်မတီဝင် ကိုအောင်ဇေယျာထွန်းက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
“ကျနော်တို့ ဆန္ဒပြမှုမတိုင်ခင်တုန်းက သူတို့က စက်ယန္တရားကို ပြန်လည်ပြုပြင်မွမ်းမံနေတာမျိုးတော့ ရှိတယ်။ အခုလက်ရှိကတော့ ကျနော်တို့ကွင်းဆင်း သိရှိရသလောက်ကတော့ သူတို့လုပ်ငန်းတွေကို ရပ်ဆိုင်းထားတာတွေ့ရတယ်။ တချို့လုပ်သားတွေကလည်း ပြန်တဲ့သူက ပြန်ပြီ ဒါပေမဲ့ ရှိနေတဲ့လူကလည်း ဆက်ရှိနေသေးတယ်” လို့ ကိုအောင်ဇေယျာထွန်းက ပြောပါတယ်။
မြင်းမထိတောင်ပေါ်မှာ မစ္စတာဝမ်ကုမ္ပဏီက ချထားတဲ့ လုပ်သားဦးရေ မည်မျှရှိသည်ကိုတော့ မသိရှိရပါဘူး။ ဒေသခံတွေရဲ့ ဆန္ဒသဘောထားကို မရယူဘဲ မြင်းမထိ သတ္တုတူးဖော်မှုကို ဆက်တိုက်လုပ်ဆောင်နေတဲ့ မစ္စတာဝမ်ကုမ္ပဏီနဲ့ လေးပွင့်ကြယ်ကုမ္ပဏီကို မြင်းမထိနယ်မြေဒေသခံတွေက ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
ပရာဒေါင်းဆွေမျိုးစု နဲ့ကြယ်လေးပွင့်ကုမ္ပဏီ တို့ တွေ့ဆုံမှု ၃ ကြိမ်အတွင်း သဘောတူညီချက်တစ်စုံတစ်ရာ မရလာနိုင်တာကြောင့် သိကျိတ်ကျေးရွာအဝင်မှာ သတ္တုတူးဖော်မှုအတွက် ထပ်မံဝင်ရောက်လာတဲ့ စက်ယန္တရားတွေကို ဒေသခံတွေက တားမြစ်ထားခဲ့ပါတယ်။ အဲ့ဒီနောက် ဆန္ဒပြကန့်ကွက်မှုတွေလည်း လုပ်ဆောင်လာခဲ့တာပါ။
“ကျနော်တို့ ပြည်သူလူထုအနေနဲ့ရော လူထုကိုယ်စားပြုတဲ့ ကျနော်တို့ လူငယ်တွေ၊ ကော်မတီဝင်တွေအားလုံး ကတော့ ဒီလုပ်ကွက်နဲ့ပတ်သတ်ရင် အစကတည်းက ရှင်းရှင်းလင်းလင်းပြောထားတယ်။ ဒီသတ္တုတူးဖော်မှုကို လုံးဝလက်မခံနိုင်ဘူး” လို့ သပိတ်ဦးဆောင်ကော်မတီဝင် ကိုအောင်ဇေယျာထွန်းက ဆက်ပြောပါတယ်။

ယမန်နေ့ မေလ ၅ ရက်နေ့မှာ ကယန်းပြည်သစ်ပါတီ ( KNLP ) က မြင်းမထိသတ္တုတူးဖော်မှုနဲ့ သက်ဆိုင်တယ်လို့ ယူဆရတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်စာပါ နံပါတ် ၅ အချက်က “တရားဝင်မှုမရှိတဲ့ လူမှုအသင်းအဖွဲ့တစ်စုက မသိနားမလည်သေးတဲ့ လူငယ်တချို့ကို လှုံ့ဆော်လှည့်ဖျားပြီး ကျေးရွာပြည်သူလူထုအပေါ် ဗိုလ်ကျရမ်းကားမှုများပြုကာ ကယန်းဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်အန္တရာယ်ပြုနေတယ်” လို့ ပြောထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့်လည်း ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်ဦးဆောင်တဲ့ လေးပွင့်ကြယ်ကုမ္ပဏီက ဒေသခံတွေရဲ့ ကန့်ကွက်လှုပ်ရှားမှုကို တုံ့ပြန်လာတာလို့ သပိတ်ဦးဆောင်ကော်မတီဝင်လည်းဖြစ်၊ ပရာဒေါင်းဆွေမျိုးစု ကော်မတီဝင်လည်းဖြစ်တဲ့ ကိုအောင်ဇေယျာထွန်းက ကောက်ချက်ချပါတယ်။
ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုးကတော့ KNLP ရဲ့ ထုတ်ပြန်ချက်ကို မှတ်ချက်မပေးလိုဘူးလို့ ကန္တာရဝတီတိုင်း (မ်) ကို ဖြေကြားပါတယ်။
မြင်းမထိနယ်မြေဒေသခံတွေဖြစ်တဲ့ သိကျိတ်ကျေးရွာဒေသခံတွေက တရုတ်ကုမ္ပဏီဝင်ရောက်ပြီး ခဲသတ္တုတူးဖော်မှုကို မေလ ၁ ရက်၊ အလုပ်သမားနေ့မှာစတင်ကာ မေလ ၅ ရက်နေ့အထိ သိကျိတ်ကျေးရွာအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။