spot_img
Sunday, January 29, 2023
spot_img

ဘာတဲ့ ၇၂၅ မဲပိုင် ဦးအယ်လ်ဖောင်းရှို

spot_imgspot_imgspot_imgspot_img
ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှို

ခူးကြူးဖဲကေး(ကရင်နီအမျိုးသား) ရေးသားသည်။

ကယား(ကရင်နီ) ပြည်နယ်ရဲ့ မယ်စဲ့ မဲဆန္ဒနယ် (၂)က မဲ ၇၂၅ မဲရလို့ လူဦးရေ သုံးသိန်းကျော်ရှိတဲ့ ပြည်နယ်မှာ ဝန်ကြီးချုပ် ဖြစ်လာတဲ့ ဦးအယ်လ်ဖောင်းရှိုဟာ ပြည်နယ်တစ်ခုရဲ့ သမိုင်း၊ ဖြစ်တည်မှု နဲ့ မတူကွဲပြားမှုကို အလေးထားတဲ့ အနေအထားမတွေ့ရတဲ့အပြင် တိုင်းရင်းသားနိုင်ငံရေးမဟာမိတ်တွေနဲ့ကိုပင် ပြေလည်အောင် ရှင်းလင်းနိုင်တဲ့ အနေအထားမတွေ့ရပါဘူး။

ဇွန်လိုင်လ (၁၆) ရက်နေ့၊ ၂၀၁၈ ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ အမျိုးသားယဉ်ကျေးမှုရေးရာကော်မတီများကို တွေ့ဆုံးဆွေးနွေးတဲ့အချိန်မှာ ဗိုလ်ချုပ်ကြေးရုပ်မထားရှိရေး အကြောင်းပြပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဆူပူမှုတွေလုပ်လာရင် ကိုင်တွယ်ဖို့ တပ်မတော်ကို တာဝန်ပေးအပ်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်စကား ပြောကြားခဲ့တယ်။

ဆွေးနွေးညိုနှိုင်းပြီး အဖြေရှာတဲ့ နိုင်ငံရေးဆိုင်ရာယဉ်ကျေးမှုတစ်ရပ်ကို ကောင်းမွန်စွာနားမလည်တဲ့ ဝန်ကြီးချုပ်ဟာ စစ်တပ်အာဏာနဲ့ ပြည်သူလူထုတရပ်လုံးကို ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ ဒီဖြစ်ရပ်ဟာ ကယား (ကရင်နီ) ပြည်နယ်ရဲ့ နိုင်ငံရေးအသိုင်းအဝိုင်းတစ်ခုလုံးအပြင် ဗမာပြည်နိုင်ငံရေးအသိုင်းအဝိုင်းတစ်ခုလုံးကို ခြိမ်းခြောက်လိုက်တဲ့ သဘောဖြစ်သွားပါပြီ။

ဒီအကြောင်းအရာကို ထောက်ရှု့ခြင်းအားဖြင့် ဝန်ကြီးချုပ်ကိုယ်တိုင်က ဒီမိုကရေစီရဲ့ အနှစ်သာရ၊ ဖက်ဒရယ်ရဲ့ အနစ်သာရကို ကောင်းမွန်စွာသဘောပေါက်နားလည်ထားခြင်းမရှိတာကို တွေ့ရမှာပဲဖြစ်ပါတယ်။

ဒါကို အနီးစပ်ဆုံးသက်သေပြရမယ်ဆိုရင် ဇူလိုင်လ (၇) ရက်နေ့၊ ၂၀၁၈ ခုနှစ်မှာ ပြည်နယ်အစိုးရရဲ့ တွေ့ဆုံပွဲကို ရည်သန်းပြောပြလို့ရပါတယ်။ ဝန်ကြီးချုပ်က ဒီမိုကရေစီဆိုတာ လူများစုရဲ့ သဘောဆန္ဒကို လိုက်နာရမယ်ဆိုတဲ့ အသွင်သဏ္ဍန်ကိုသာ နားလည်ပြီး “လူများစုရဲ့ သဘောဆန္ဒနဲ့ လူနည်းစုရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေး”ဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို နားလည်မှုမရှိတာကြည့်ရင် ဝန်ကြီးချုပ်ကိုယ်တိုင်က နိုင်ငံရေးအရ ဝမ်းစာအားနည်းတာအပြင် လေ့လာဖတ်ရှု့တဲ့ အလေ့အကျင့်လည်ရှိပုံမရဘူးဆိုတဲ့ ဝေဖန်ချက်တွေလဲ ထွက်ပေါ်လာခဲ့ပါပြီ။

ယခင် စစ်အုပ်စုရဲ့ လေသံ၊ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်ဖြစ်တဲ့ ဦးနေဝင်းလေသံမျိုးထွက်လာတာဟာ ကယား(ကရင်နီ)ပြည်နယ်ရဲ့ ဗဟုဝါဒကျကျ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းတဲ့ယဉ်ကျေးမှုကို ဖျက်လိုဖျက်ဆီး လုပ်လိုက်တာလို့ပဲ သုံးသပ်ပါတယ်။

စစ်အာဏာရှင် ဦးနေဝင်းကိုယ်တိုင်က မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ကို ထောင်ပြီး မြန်မာနည်း၊ မြန်မာဟန် ဆိုရှယ်လစ်လမ်းစဉ်ကို တီထွင်ခဲ့သလိုမျိုး စစ်အာဏာရှင် ဦးနေဝင်းရဲ့ စစ်ကိုင်းဖွံ့ဖြိုးရေးကျောင်းဆင်းဖြစ်တဲ့ ဦးအယ်လ်ဖောင်ရှိုက ကိုယ်ပိုင် ခါးပတ်ဆောင်လူတွေမွေးပြီး ကိုယ်ပိုင်နည်း၊ ကိုယ်ပိုင်ဟန် “အယ်လ်ဖောင်ရှို ဒီမိုကရေစီ”ကို တီထွင်နေသလားလို့တောင် ထင်ရပါတယ်။

ယခင်က မြန်မာနည်း၊ မြန်မာဟန် ဆိုရှယ်လစ် လမ်းစဉ်နောက်ကို ယုံကြည်ပြီး လိုက်တဲ့ သူတွေကိုတော့ “ခွေးကတက်လမ်းစဉ်”လို့ ဝါရင့်နိုင်ငံရေးသမားကြီးဖြစ်သူတွေက သုံးသပ်ကြတဲ့ သမိုင်းတွေရှိခဲ့ဖူးပါတယ်။

ဟုတ်ပြီ။ ဒါဆိုရင်ဖြင့် လူဦးရေ သုံးသိန်းကျော်ရှိတဲ့ ပြည်နယ်မှာ မဲ ၇၂၅ သာ ရခဲ့တဲ့သူ၊ မယ်စဲ့မြို့နယ်ရဲ့ လူဦးရေ ၁ ထောင် သာသာရှိတဲ့ မဲဆန္ဒနယ်မှာ အားလုံးကိုတောင် ကိုယ်စားပြုနိုင်မှုမရခဲ့တဲ့သူက ကယား (ကရင်နီ)ပြည်နယ်မှာရှိတဲ့ နို်င်ငံရေးတက်ကြွလှုပ်ရှားသူတွေကို တပ်မတော်နဲ့ ကိုင်တွယ်ဖြေရှင်းမယ်ဆိုတာ အာဏာရှင်ဆန်တဲ့ စကားအသုံးအနှုန်းဖြစ်ပါတယ်။ ဒီစကားဟာ ကယား (ကရင်နီ) ပြည်နယ်မှာ နေထိုင်တဲ့ ပြည်သူလူထုတရပ်လုံးကို စော်ကားလိုက်တာပဲဖြစ်ပါတယ်။

ကယား (ကရင်နီ) ပြည်နယ်မှာ နေထိုင်တဲ့လူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးကို ပြန်ကြည့်မယ်ဆိုရင် လူမျိုးစွဲထက် ဒေသစွဲကို ပိုမိုမြတ်နိုးတန်းဖိုးထားတဲ့ သူတွေဖြစ်ပါတယ်။ ဘယ်နေရာရောက်ရောက် ကယားပြည်နယ်ကပါလို့ ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်မိတ်ဆက်တတ်ကြတဲ့ သူတွေပဲဖြစ်ပါတယ်။

ဒီလို ခေတ်အဆက်ဆက် ဗဟုဝါဒ ကြီးစိုးခဲ့ပြီး နိုင်ငံရေးဆိုင်ရာယဉ်ကျေးမှု မြင့်မားတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ အခုလို ခေတ်အဆက်ဆက် ဒေသစွဲချစ်မြတ်နိုးမှုကြီးတဲ့ ပြည်နယ်တစ်ခုကို အခုလို့ စိတ်ဝမ်းတွေကွဲအောင် လုပ်နေတဲ့သူက လူဦးရေ သုံးသိန်းကျော်ရှိတဲ့ ပြည်နယ်မှာ ၇၂၅ မဲနဲ့ အာဏာရလာတဲ့သူ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကယားပြည်နယ်ရဲ့ ပါတီတွင်း တက်ကြွလှုပ်ရှားသူအချို့ကို လူမှုကူညီရေးအသင်းတွေထောင်ခိုင်းပြီး ပြည်နယ်အတွင်းမှာ ရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပူးသတ်ဖို့လုပ်တာက အန္တရာယ်အလွန်ကြီးတဲ့ နိုင်ငံရေးကစားကွက်တစ်ခုဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှို ရည်ရွယ်ပြောဆိုတဲ့ လူမှုကူညီရေးအသင်းသားတွေဟာ ကယားပြည်နယ် NLD ရဲ့ ပါတီဝင်တွေ အများစုဖြစ်ပါတယ်။ ဒီလူတွေကို လူမှုကူညီရေးအသင်းသားတွေလို့ ခေါင်းစဉ်တပ်တာဟာ ပြည်သူလူထုကို ဝေးဝါးသွားစေပါတယ်။ ဒါကို ကယား (ကရင်နီ) ပြည်နယ်မှာ နေထိုင်တဲ့ ပြည်သူလူထုတရပ်လုံး သိရှိဖို့ လိုအပ်ပါတယ်။

ဇူလိုင်လ (၂၀)ရက်နေ့၊ ၂၀၁၈ ခုနှစ် တွေ့ဆုံပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူးရေးကို ဦးဆောင်မှုမပြုတော့ပဲ လူမှုကူညီရေးအသင်းများ အနေနဲ့သာ ဆက်လက်ဦးဆောင်သွားမယ်ဆိုတဲ့ သဘောတူညီချက်ကို ချမှတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါဟာ ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုကူညီရေးအသင်းတွေကို အာဏာပြပြီး အင်မတန်းမှ သမိုင်းကြောင်းနဲ့ချီပြီ ရှုပ်ထွေးတဲ့ နိုင်ငံရေးထဲ ခေါ်သွင်းတာပါပဲ။ ဒါ့အပြင် အေးချမ်းစွာ နေထိုင်လာတဲ့ ဒေသစွဲပိုမိုချစ်ကြတဲ့ ပြည်သူလူထုကြား၊ တိုင်းရင်းသားကြား သွေးခွဲလိုက်တာပဲဖြစ်တယ်။

လူဦးရေ ၁၀၀ဝ ကျော်သာရှိတဲ့ မယ်စဲ့၊ မဲဆန္ဒနယ်မှာ ၇၂၅ မဲသာ ရရှိခဲ့တဲ့သူက အခုလို ဒေသစွဲပိုမို ချစ်ကြတဲ့ ကယားပြည်နယ်သားတွေ အချင်းချင်းကြား အုပ်စုဖွဲ့၊သွေးခွဲစေတာက ရေရှည်ပြည်နယ်နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ တိုးတက်မှုတွက် အလားအလာ မကောင်းပါဘူး။
ကယား (ကရင်နီ) ပြည်နယ်ရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဆယ်စုနှစ်ချီပြီး ဖျောက်ဖျက်ခံခဲ့ရတာကို လူငယ်တွေက ပြန်လည်ဖော်ထုတ်တဲ့နေရာမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခြင်းခံရတာတွေဟာ ရုပ်အင်မတန်းမှ ပျက်ပါတယ်။ ကလေးဆန်ဆန်ကစားကွက်(Child Play) သာသာပဲဖြစ်ပါတယ်။

ကယား(ကရင်နီ)ပြည်နယ်ရဲ့ ဌာနေတိုင်းရင်းသားများရဲ့ ယှဉ်ကျေးမှုသမိုင်းကြောင်းဟာ ခေတ်အဆက်ဆက် ဖျောက်ဖျက်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ရုပ်စွအဆုံးနဲ့ အနိမ့်ဆုံး တစ်ခုကို ပြောပါမယ်။ ပြည်နယ်ရဲ့ ယှဉ်ကျေးမှုပြတိုက်မှာ ပြည်နယ်နဲ့ ဆိုင်တဲ့ပစ္စည်းတွေ၊ အမျိုးသားရေးအမှတ်လက္ခဏာပစ္စည်းတွေ၊ လူမျိုးတစ်မျိုးဖြစ်တည်ခြင်းရဲ့ အမှတ်လက္ခဏာတွေ၊ ဘိုးဘွားအမွေအနှစ်ပစ္စည်းတွေတောင် အကုန်နေပြည်တော်ရောက်သွားပါပြီ။

ဒါဆိုရင် ကျွန်တော်တို့မျိုးဆက်က ကိုယ်ဘိုးဘွားအမွေးအနှစ်တွေ၊ အမျိုးသားရေးဖြစ်တည်မှုတွေကို သိရှိဖို့အတွက်တောင် သူများပြည်နယ်မှာ သွားကြည့်ရမယ့် အဖြစ်မျိုးရောက်ကုန်ပါပြီ။ ဒီလိုအကြောင်းအရင်းတွေကြောင့်ပဲ ဒေသခံတိုင်းရင်းသားလူငယ်တွေဟာ ကိုယ့်ပြည်နယ်သမိုင်းကြောင်းအမှန်ကို ထုတ်ဖော်ပြောကြားဖို့ ဆောင်ရွက်တဲ့နေရာမှာ နို်င်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံလိုက်ရပါတယ်။

ဟုတ်ပြီ။ နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့တဲ့။ ဒါဆို နို်င်ငံတော်ဆိုတာ ဘာကိုဆိုလိုလဲဆိုတာကို အရင်သိဖို့လိုလာပါပြီ။ နိုင်ငံတော်ဖြစ်တည်မှုအတွက် နယ်မြေ၊ လူထု၊ အစိုးရနဲ့ အချုပ်အခြာအာဏာဆိုတဲ့ ကဏ္ဍကြီး ၄ ခု ရှိဖို့လိုအပ်ပါတယ်။ ဆိုတော့ ကယား (ကရင်နီ) ပြည်နယ်ရဲ့ သမိုင်းကြောင်းအမှန် စာရွက်ဖြန့်ဝေတာက နယ်မြေသမိုင်းကြောင်း၊ လူထုသမိုင်းအမှန်နဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာအတွင်းမှာရှိတဲ့ ပြည်နယ်တစ်ခုရဲ့ ထူးခြားတဲ့ ဝိသေသအကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

ဒီလိုဆိုတော့ နိုင်ငံတော်လို့ အဓိပ္ပာယ်ဖွင့်ရင်တောင်မှ ဒေသခံလူငယ်ထုက ခေါင်းစဉ်ကြီးသုံးခုအောက်မှာ ဘောင်ဝင်ပါတယ်။ အကျုံးဝင်ပါတယ်။ ဆိုတော့ ဦးအယ်လ်ဖောင်ရှိုပြောတဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှုဆိုတာ ကိုယ်ကျိုးစီးပွားတွေပါတဲ့။ နိုင်ငံတော်အကြည်ညိုပျက်စေမှုလားလို့တောင် မေးခွန်ထုတ်စရာရှိလာပါပြီ။

အကျိုးစီးပွား

ယခင် ကယားပြည်နယ် NLD ပါတီမှ ပြည်နယ်ဥက္ကဌဖြစ်သူ ဒေါက်တာဒေါ်ခင်စည်သူ အနားယူသွားခဲ့တဲ့ အချိန်ကို ပြန်သွားပါမယ်။ ပြည်နယ်ဥက္ကဌဖြစ်ခဲ့တဲ့ ဒေါက်တာဒေါ်ခင်စည်သူ အနားယူသွားတဲ့အချိန်မှာ ဦးအယ်လ်ဖောင်ရှိုရဲ့ နိုင်ငံရေးခြေလှမ်းက ပိုမိုတက်ကြွလာတယ်လို့တောင် ပြောရမယ်ဗျ။

အဲဒါကတော့ ကယား(ကရင်နီ)ပြည်နယ်ရဲ့ NLD ပြည်နယ်ဥက္ကဌရာထူး ရယူရေးပဲ ဖြစ်ပါတယ်။ ဦးအယ်လ်ဖောင်ရှိုရဲ့ ဩဇာခံကုမ္ပဏီတစ်ခုနဲ့ ညှိနှိုင်းပြီးတော့ NLD ပြည်နယ်ရုံးကို ဦးစီးဦးဆောင် ဆောက်လုပ်ချင်တဲ့ ငြင်းခုန်မှုမျိုး ပြည်နယ်မှာ ထွက်ပေါ်လာခဲ့ပါသေးတယ်။

ဦးအယ်လ်ဖောင်ရှိုမှ ပြည်နယ် NLD ရုံးကို ကိုယ်တိုင်ကိုယ်ကျ ဆောက်လှုပ်ခြင်းအားဖြင့် ဩဇာလွှမ်းမိုးမှုနဲ့ နာမည်ကောင်းရယူကာ ပြည်နယ်ဥက္ကဌဖြစ်ရေးကို ဦးတည်ခဲ့ပါသေးတယ်။ ပြည်နယ်တစ်ခုရဲ့ ပါတီ ဥက္ကဌဆိုတာက နောက်ရွေးကောက်ပွဲမှာ အမြင့်ဆုံးအဆင့် ဝန်ကြီးချုပ်ဆိုတာ သေချာသလို အနိမ့်ဆုံးအဆင့် ဝန်ကြီးတနေရာကလဲ သေချာပါတယ်။

သို့ပေမဲ့ ဒီလိုအခြေအနေကို သိမြင်ခဲ့ကြတဲ့ ကယား (ကရင်နီ)ပြည်နယ်ရဲ့ နိုင်ငံရေးဝါရှိကြတဲ့ NLD ပါတီဝင်တွေက လက်မခံခဲ့ကြပါဘူး။ ကလေးအတွေးစဉ်းစားကြည့်မယ်ဆိုရင်တော့ စီးပွားရေး လုပ်နေတဲ့ ကုမ္ပဏီတစ်ခုက ပြည်နယ် NLD ရုံးကို ဆောက်လုပ်လှူဒါန်းပြီးတော့ ဘာမှအကျိုးရလဒ် မမျှော်ကိုးဘူးဆိုတာတော့ မဖြစ်နိုင်ပါဘူး။

စီးပွားရေးမှာ အပေးနဲ့အယူပဲ ရှိပါတယ်။ ဒါကိုသိတဲ့ နိုင်ငံရေးဝါရင့်တဲ့ NLD ပါတီဝင်တွေက ကန့်ကွတ်တဲ့အချိန်ကျမှသာ ပြည်သူလုထုကပါ စုပေါင်းပါဝင်လှူဒါန်းနိုင်တယ်ဆိုတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပေါ်လာ ခဲ့ပါတယ်။

ဒုတိယကိစ္စတစ်ခုက အသုံးစရိတ်ပိုင်းဆိုင်ရာ မရိုးသားမှုပဲဖြစ်ပါတယ်။ ဘတ်ဂျက်ခွဲဝေမှု မမျှတတဲ့ ပြဿနာဖြစ်ပါတယ်။ ပြည်နယ်တစ်ခုရဲ့ အမြင့်ဆုံးအာဏာဖြစ်တဲ့ ဝန်ကြီးချုပ်ကိုယ်တိုင်က ဘတ်ဂျက်ပိုင်ဆိုင်ရာ ခွဲဝေမှုမှာ အလွဲသုံးစားလုပ်နေတယ်လို့ သုံးသပ်ရပါမယ်။

လူဦးရေ ၁ ထောင်ကျော်သာ ရှိတဲ့ မယ်စဲ့မြို့နယ်ရဲ့ ဘတ်ဂျက်အသုံးစရိတ်က ကျန်တဲ့ ဖရူဆို၊ ရှားတော၊ ဘောလခဲ နဲ့ ဖားဆောင်တို့လို ခရိုင်အဆင့်တွေ၊ မြို့နယ်လူဦးရေပိုများတဲ့ ဒေသတွေထက် ပိုများနေတာကို သွားတွေ့ရပါတယ်။ ဒီလိုလုပ်တာက ဘတ်ဂျက်ခွဲဝေမှု အလွဲသုံးစားလုပ်တာပဲဖြစ်ပါတယ်။ နိုင်ငံတော်ဘတ်ဂျက်ကို နောင်လာမယ် ရွေးကောက်ပွဲအတွက် မဲဆွယ်စရိတ်မှတ်ယူပြီ အသုံးပြုနေတဲ့ကိစ္စက မရိုးသားပါဘူး။

တတိယတစ်ခုက အာဏာအလွဲသုံးစားလုပ်မှုပဲ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးအယ်လ်ဖောင်ရှိုးရဲ့ ကတော် ဟာ လက်ရှိအချိန်အထိ ပညာရေးဝန်ထမ်းဘဝမှ အနားယူထားခြင်းရှိတယ်လို့ မကြားရပါ။ ဆိုတော့ ဝန်ကြီးချုပ်ရဲ့ကတော်က အနားယူရထားခြင်းမရှိဘူးဆိုရင် ဘာကြောင့် နိုင်ငံတော်ကပေးတဲ့ လခကို ယူပြီး တာဝန်ဖြစ်တဲ့ ကျောင်းဆရာမ တာဝန်ကို ဘာကြောင့် အခွင့်ထူးခံလုပ်ပြီး ထမ်းဆောင်ခြင်းမရှိရတာလဲဆိုတာ မေးခွန်းဖြစ်လာပါပြီ။

ဒါ့အပြင် ဥပဒေကြောင်းအရ ကား ၄ စီးပဲ အသုံးပြုလို့ရပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် အိမ်မှာ ကား (၈) စီးယူထားပါတယ်။ ဧည့်ကားအမည်ခံထားပြီ ကား ၈ စီးအသုံးပြုခွင့်ရှိသလား ဆိုတာကလဲ မေးခွန်းဖြစ်လာပါပြီ။

၄ ချက်မြောက်အနေနဲ့ ဝန်ကြီးချုပ်ရဲ့ မလည်ရှုပ်လုပ်တဲ့ ကိစ္စဖြစ်ပါတယ်။ ယခင်ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး လက်ထက်မှာ ဝယ်ထားခဲ့တဲ့ စက်ယန္တရား ၁၈ စီး ပြည်နယ်မှာ ရှိပါတယ်။ ဒီ စက်ယန္တရား (၁၈) စီးထဲမှာ ၁ဝ စီးကျော်ကို ထွေအုပ်နဲ့ပေါင်းပြီး အငှားချထားတဲ့ ကိစ္စဖြစ်ပါတယ်။ ဧရာဝတီဘဏ်မှာ အပ်ထားတဲ့ သိန်းပေါင်း ၆ ထောင်နီးပါး အငှားချထားလို့ရတဲ့ ပိုက်ဆံတွေကို စိတ်ကြိုက် ရန်ပုံငွေသုံးခဲ့တဲ့ ကိစ္စကို ဦးအယ်လ်ဖောင်ရှိုက ရှင်းလင်းဖို့ လိုအပ်နေပါသေးတယ်။

ဒီကိစ္စက ကြီးကျယ်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ စက်ယန္တရား (၁၀) စီးကို လူမရှိလို့ အငှားချထားပြီး လက်အောက်ငယ်သားရဲ့ အမည်နဲ့ ဘဏ်မှာ အကောင့်ဖွင့်ထားပြီ စိတ်ကြိုက်ကိုင်သုံးနေတာက ပြဿနာ ရှိပါတယ်။ အသစ်ပြင်ဆင်ထားတဲ့ အဂတိ ဥပဒေအရ ညှိပါတယ်။ ဒီဥပဒေအရဆိုရင်တော့ ထောင် (၁၅) နှစ်အထိ ချလို့ ရတဲ့ ပြစ်ဒဏ်တစ်ခုဖြစ်ပါတယ်။

ဒီကိစ္စကို လူတွေသိတော့မှ ဘတ်ဂျက်ကို ပြန်သွင်းဖို့လုပ်မယ်ဆိုတော့ ဘုန်းကြီးခေါင်းခေါက်ပြီးမှ “ကတော့”လို့ ပြောတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။
ဟုတ်ပြီ ဒီလိုအရှုပ်အရှင်းတွေကို ဖားထေးချင်တဲ့အတွက် ထွက်ရပ်လမ်းတစ်ခုကို မည်သူမဆို စဉ်းစားလိမ့်မယ်လို့ ယူဆပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိရေးကို ဩဇာခံလူတချို့နဲ့ စတင်ဆောင်ရွက်လာတာပဲဖြစ်တယ်လို့ သုံးသပ်ပါတယ်။

တိုင်းရင်းသားရဲ့ လွတ်လပ်ရေးဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုသာ ရင်ထဲ၊ နှလုံးထဲ ချစ်ခင်ခဲ့မယ်ဆိုရင် ယခင်ကတည်းက ဗိုလ်ချုပ်မွေးနေ့တွေ၊ ဗိုလ်ချုပ်စကားတွေ၊ ဗိုလ်ချုပ်လမ်းစဉ်တွေကို လေးစားလိုက်နာသင့်ပြီးလို့ထင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုကိုသာ အရမ်းချစ်ပြနေတဲ့ ဝန်ကြီးချုပ်ကို မေးချင်းတာက ရင်ထဲမှာကော ဗို်လ်ချုပ်ရဲ့ အဆိုအမိန့် ဘယ်နှစ်ခုရှိလဲ၊ အလွတ်ရလဲ ဆိုတာပါပဲ။ ဒါမှမဟုတ် ငွေကြေးဆိုင်ရာ အရှုပ်အရှင်းတွေကို လိုအပ်မှုအတွက် သုံးလိုက်ရပါတယ်ဆိုတဲ့ ငွေသုံးစရိတ်ပြချင်တာလားဆိုတာကိုတော့ မေးခွန်းထုတ်စရာရှိလာပါပြီ။

ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်မှာတော့ အသုံးစရိတ်ပြဖို့အတွက် နေပြည်တော်ကို ကောက်ကာ ငင်ကာ တည်ဆောက်လိုက်တဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။

လူမျိုးစွဲထက် ကယား(ကရင်နီ)ပြည်နယ်သားဆိုတဲ့ ဒေသစွဲပိုမိုချစ်ကြတဲ့ ပြည်သူတွေအမှတ်ရအုန်းမယ့် ဥပမာ တစ်ခုကို ထပ်လောင်းပြီး မှတ်ချက်ပြုပါရစေ။ ပြည်သူဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ခဲ့တဲ့ ၈.၈.၁၉၈၈ (၈၈၈၈) လူထုဆန္ဒပြမှုတွေဖြစ်တဲ့အချိန်မှာတောင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ပဋိပက္ခဖြစ်နေခဲ့တဲ့ အချိန်မှာတောင် ကယား(ကရင်နီ)ပြည်နယ်မှာ တပ်မတော်နဲ့ ပြည်သူအကြားမှာ သေနတ်ဖောက်သံ တချက်မှ မရှိခဲ့ပါဘူး။ ဒါဟာ မတူကွဲပြားစွာယှဉ်တွဲအတူနေထိုင်တဲ့ ဗဟုဝါဒယဉ်ကျေးမှု၊ ဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့ ယဉ်ကျေးမှု၊ ဒေသစွဲ ပိုမိုချစ်ကြတဲ့ ပြည်နယ်သူ၊ ပြည်နယ်သားတွေရဲ့ မြင့်မားခဲ့တဲ့ နိုင်ငံရေးရေချိန်ဖြစ်ပါတယ်။

ဦးအယ်လ်ဖောင်ရှိုက လက်နက်ကိုင်ဆောင်ထားတဲ့ တပ်မတော်ကိုသုံးပြီး ဒီအရေးအရာကိစ္စတွေကို ဖြေရှင်းမယ်လို့ ထုတ်ဖော်ပြောကြားမှုတွေ၊ ပြည်နယ်သူ/သားတွေအကြား သွေးခွဲမှုတွေကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လာခဲ့တာဟာ ကယား (ကရင်နီ) ပြည်နယ်သူ/သားတွေကို စော်ကားလိုက်တာပဲဖြစ်တယ်လို့ ရေးသားလိုက်ရပါတယ်။

Related Stories