spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

“ဒဏ်ရာပျောက်ရင် သွေးကြွေးဆပ်ချင်တဲ့ ရဲဘော် သို့မဟုတ် ခူးသားဒူ”

Author

Date

Category

ထွေးရယ် /ကန္တာရဝတီတိုင်း(မ်)

“ကျနော်က တဦးတည်းသော သားလေး ၊ စစ်တပ် အာဏာ မသိမ်းခင်က မိသားစု စားဝတ်နေရေးအတွက်ဆို ကျနော်ကောင်းကောင်း ဖြေရှင်းနိုင်ခဲ့တယ်။ အခုလက်ရှိမှာက ခက်ခဲနေတဲ့စစ်ရှောင်မိသားစုတချို့ ကျနော့်ကို အကူညီတောင်းလာတာတွေရှိတယ် ။ ကျနော်ဘာမှ မလုပ်နိုင်တော့ စိတ်မကောင်းဘူး ။ တဖက်မှာက ကျနော့် ဒဏ်ရာပျောက်ဖို့ တွေးနေရတယ်။ ကျနော် တွေးလို့မရတော့တဲ့ အခြေနေရောက်ရင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ထိ စဥ်းစားခဲ့ဖူးတယ်”

တိုက်ပွဲကြောင့်ရတဲ့ ဒဏ်ရာကို နှစ် နှစ်ကျော်ကြာ ဆေးကုသခံမှု ခံယူနေရင်း သူ့ရဲ့ ခံစားချက်ကို ဖွင့်ဟလာတဲ့ ရဲဘော် ခူးသားဒူ ပါ။

ကရင်နီပြည် ရှေ့တန်းစစ်မျက်နှာပြင် တနေရာမှာ ရန်သူကို ရင်ဆိုင်တိုက်ခိုင်ရင်း ရန်သူ့ ကျည်ဆံကြောင့် သူ့ရဲ့ ဘယ်ဘက်မေးရိုးတခြမ်းလုံးက ပျက်စီးသွားခဲ့ရတဲ့အထိကို ဒဏ်ရာရရှိခဲ့တာပါ။

၂၀၂၃ ခုနှစ် ၅ လပိုင်းမှာကတည်းက ဆေးကုသမှု ခံယူလာခဲ့တဲ့ ရဲဘော် ခူးသားဒူဟာ ယခုအချိန်ထိ ခွဲစိတ်ကုသမှုကို လေး ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီးပါပြီ။ ဘယ်ဘက် မေးရိုးမရှိတော့တာကြောင့် တင်ပါးဆုံရိုးနဲ့ အစားထိုး ကုသမှုကို ပြုလုပ်နေရတာပါ။

မကြာခဏ ခွဲစိတ် ကုသမှု ခံယူနေရတဲ့ ရဲဘော် ခူးသားဒူဟာ ထိုင်းဘတ်ငွေ သိန်းနဲ့ ချီပြီး ငွေကြေးကုန်ကျမှု များပြားတဲ့အတွက် ငွေရေးကြေးရေး အခက်အခဲ ရှိလာသလို နေရာတိုင်းမှာ သူ့အတွက် စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတာပါ။

ဒီလို အခက်အခဲ စိန်ခေါ်မှုတွေကြားကနေ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာပြီး မိမိကိုယ်ကို အဆုံးစီရင်ဖို့အထိကို တွေးခေါ်လာစေခဲ့တာပါ။

စိန်ခေါ်မှု အခက်အခဲပေါင်း များစွာကို နေ့ရက်တိုင်း ရင်ဆိုင်ကျော်ဖြတ်ရင်း မိမိကိုယ်ကို အဆုံး စီရင်ဖို့အထိ စဉ်းစားခဲ့ဖူးပေမယ့်လည်း အများအတွက် ဒုက္ခဖြစ်မှာဆိုတဲ့ သူရဲ့ အသိစိတ်က ပြန်သတိ ကပ်လိုက်ပါတယ်။

အသက် (၂၈) နှစ်အရွယ်သာ ရှိသေးတဲ့ ရဲဘော် ခူးသားဒူဟာ စစ်တပ်အာဏာမသိမ်းခင်မှာတော့ သာမန်ကုမ္ပဏီဝန်ထမ်း ဘဝနဲ့ မိသားစုတွေနဲ့အတူ ရိုးရှင်းစွာ ဖြတ်သန်းနေခဲ့တာပါ။

ဆေးကုသမှု ခံယူနေတဲ့ ခူးသားဒူ

တဦးတည်းသောသားဖြစ်တဲ့ ရဲဘော် ခူးသားဒူဟာ စစ်တပ် အာဏာသိမ်းယူမှုကို လက်မခံနိုင်ပဲ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို လျှောက်လှမ်းဖို့အတွက် ခိုင်မာစွာ ဆုံးဖြတ်ရင်း ကရင်နီပြည်တပ်မတော်က ဖွင့်လှစ်တဲ့ အခြေခံစစ်သင်တန်းကို တက်ရောက်ခဲ့သလို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဖွင့်လှစ်တဲ့ အခြေခံ စစ်သင်တန်းကိုလည်း တက်ရောက်ခဲ့သူပါ။

၂၀၂၃ ခုနှစ် ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်း တနေရာကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရဲဘော် ခူးသားဒူ အပါအဝင်ဒေသခံ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေနဲ့ အကြီးအကျယ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ရဲဘော် ခူးသားဒူဟာ ရန်သူ့ရဲ့ ကျည်ဆံနဲ့ ဘယ်ဘက်မေးရိုးထိမှန်ပြီး ဒဏ်ရာရရှိခဲ့တာပါ။

“နောက်ပြန်ဆုတ်တဲ့ အချိန်မှာ စစ်ကောင်စီက ပစ်လိုက်တဲ့ကျည်က ကျနော့်ဘယ်ဘက်မေးရိုးကို ထိမှန်ပြီး မေးရိုးကျိုးသွားတယ် ။ အဲဒီအချိန်သေပြီလို့ ထင်ထားခဲ့တာ သွေးထွက်နေတဲ့ပါးစပ်ကို ကိုင်ပြီး တပ်ထဲအထိ လမ်းလျှောက်နိုင်အောင်ကြိုးစားခဲ့ရတယ်။ ရဲဘော် ဗျားလော့် ကို ကျေးဇူးတင်ရမယ်။ သူ့ရဲ့ “မင်းလုပ်နိုင်သေးတယ်ဆိုတဲ့” အားပေးစကားတွေကြောင့် တိုက်ပွဲကနေ တပ်ထဲအထိ ရအောင်လျှောက်လှမ်းလာနိုင်ခဲ့တယ်” လို့ သူဒဏ်ရာ ရရှိစဉ်က အဖြစ်အပျက်ကို ရဲဘော်ခူးသားဒူ က ပြန်ပြောင်းပြောပြပါတယ်။

ဒဏ်ရာရရှိနေတဲ့အချိန်မှာ ရဲဘော်ရဲဘက်ရဲ့ အားပေးစကားကို ခွန်အားအဖြစ်ပြောင်းလဲရင်း နေ့သစ်ကို ထပ်မံမြင်တွေ့နိုင်ဖို့ သူ့အတွက် အခွင့်အခါ ရှိလာခဲ့ပါတယ်။

လက်ရှိမှာတော့ ရဲဘော် ခူးသားဒူ တယောက် ဆေးကုသမှုကို ခံယူနေရဆဲပဲ ဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့ ပြောဆို ချက်အရ သူ့ရဲ့ ဒဏ်ရာတွေ သက်သာပျောက်ကင်းလာစေဖို့ နောက်ထပ် နှစ် နှစ်လောက် အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။

ရဲဘော် ခူးသားဒူ ဟာ နေ့ရက်တိုင်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခါမှာ သူ့အတွက် အကောင်းဆုံး ဖြေရှင်းတဲ့နည်းဟာ စိတ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားပြီး တရားထိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဆေးကုသမှု ခံယူနေတဲ့ ခူးသားဒူ

“ကျနော့်လို ဒဏ်ရာရနေတဲ့ ရဲဘော်တွေလည်း စိတ်ဓာတ်ကျတဲ့ အချိန်တို့ရှိလိမ့်မယ်။ အတွေးလွန်တာတွေ ရှိလိမ့်မယ်။ အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိလိမ့်မယ်။ ဒီအရာတွေကို ကျော်ဖြတ်နိုင်ဖို့ စိတ်ကိုတည်ငြိမ်အောင် ထားစေချင်တယ်။ စိတ်ဒဏ်ရာတွေကို ဖြေဖျောက်နိုင်ဖို့ တရားထိုင်တဲ့ အလေ့ကျင့်လေး လုပ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်မယ်လို့ ကျနော် အကြံပေးချင်တယ်” လို့ သူ က ပြောပါတယ်။

ရဲဘော် ခူးသားဒူ လို ပဲ အမေ့လျော့ခံဘဝနဲ့ ရှင်သန်နေကြတဲ့သူတွေ များစွာရှိနေပါတယ်။ အခုချိန်မှာတော့ ရဲဘော် ခူးသားဒူ တယောက် ဆေးရုံမှာပဲ ဆေးကုသမှုကို ခံယူရင်း အခွင့်အခါ ရလာခဲ့ရင်တော့ ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်ရဲဘက် ညီအကိုတွေအတွက် သွေးကြွေး ဆပ်ချင်သေးကြောင်းကို အခုလိုပဲ ပြောဆိုသွားပါတယ်။

“ဒဏ်ရာပျောက်သွားလို့အခွင့်ရေး ရရင်တော့ ကျဆုံးသွားတဲ့ညီအကို ရဲဘော်ရဲဘက်တွေအတွက် သွေးကြွေးဆပ်ချင်သေးတယ်။ ဒဏ်ရာကို ပျောက်ကင်းအောင် အရင်ဦးဆုံးကုသပြီးမှ မိမိ ကရင်နီပြည်မှာပဲ တိုက်ပွဲ ပြန်လည်ဝင်ရင်း သေဆုံးသွားမယ်”

spot_img

Recent posts