ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းက ဒေသအချို့မှာ လာမယ့် တစ်ပတ်အတွင်း မိုးထစ်ချုန်း ရွာနိုင်ပြီး သဘာဝဘေးအန္တာရာယ်တွေကို သတိထားဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဒီကနေ့ ဩဂုတ်လ ၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ဒီကနေ့ (ဩဂုတ်လ ၄ ရက်နေ့) ကနေ လာမယ့် ဩဂုတ်လ ၁၀ ရက်နေ့အတွင်းဖြစ်ပါတယ်။
အဆိုပါ တစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အနောက်တောင်ဘက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်မှာဖြစ်ပြီး အချို့ဒေသမှာ မိုးထစ်ချုန်း ရွာနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
မိုးအခြေအနေမှာတော့ ကရင်နီပြည်အပါအဝင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး မကွေးတိုင်းမှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ မှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
တစ်ပတ်အတွင်း လေပြင်းတိုက်ခတ်တာ၊ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာ၊ နေရာကွက်ပြီး မိုးကြီးတာ၊ လျှပ်တစ်ပြက် ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ သတိထားဖို့ လိုအပ်ကြောင်း NUG က အသိပေးထားပါတယ်။