ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန လက်အောက်မှာရှိတဲ့ ကရင်နီအမျိုးသမီး သင်တန်းကျောင်းကနေ အမှတ်စဥ် (၁) ဒီပလိုသင်တန်းကို (၃) လကြာ အခမဲ့ ဖွင့်လှစ်သွားမယ်လို့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
“အမျိုးသမီးများနဲ့ မိန်းကလေးငယ်တွေ သာတူညီမျှ ပညာရေးအခွင့်အလမ်းတွေ ပံ့ပိုးပေးခြင်းဖြင့် စွမ်းဆောင်ရည်တွေ မြှင့်တင်ပေးနိုင်ရန် နဲ့ လူမှုစံနှုန်းတွေကို စိန်ခေါ်ကာ စနစ်ကျတဲ့ အပြောင်းအလဲတွေကို တိုးတက်စေပြီး တာဝန်ယူနိုင်မည့် စွမ်းရည်တွေကို ဖော်ဆောင်ပေးနိုင်ဖို့ ဖြစ်တယ်“ လို့ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ပြောဆိုထားပါတယ်။

ဒါ့အပြင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှု၊ ခေါင်းဆောင်နိုင်မှုတို့ကို မြှင့်တင်ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတို့မှာလည်း ထိရောက်စွာ ပါဝင်ဆောင်ရွက်ရာမှာ ကျွမ်းကျင်ပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ထွန်းလာစေဖို့လည်း ရည်ရွယ်ထားတယ်လို့ အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။
သင်တန်းမှာတော့ Personal Development၊ Ethics and Accountability ၊ Communication and Public Speaking ၊ Leadership & Decision-Making ၊ Gender, Rights & Society ၊ Gender, Public Administration and Governance ၊ Public Financing and Community Engagement စတဲ့ ဘာသာရပ် သင်ခန်းစာ ၆ ခုကို သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့အထိ လျှောက်လွှာရယူနိုင်မှာဖြစ်ပြီး သင်တန်းကိုတော့ အောက်တိုဘာလမှာ စတင်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
အမျိုးသမီး သင်တန်းသူ စုစုပေါင်း (၂၆) ဦး ကို စီစစ်ရွေးချယ် ခေါ်ယူသွားမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်လိုသူအနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီး အခြေခံပညာအထက်တန်းအဆင့်ကို ပြီးဆုံးထားသူ (သို့မဟုတ်)အထက်တန်းအဆင့်နဲ့ ညီမျှတဲ့ အတန်းပညာကို ပြီးမြောက်ပြီးသူဖြစ်ကာ အုပ်ချုပ်ရေး၊ ဂျဲန်ဒါဆိုင်ရာ လုပ်ငန်းတွေ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို စိတ်ပါဝင်စားသူ ဖြစ်ရမယ်လို့ဆိုထားပါတယ်။
ဒါ့အပြင် အမျိုးသမီးခေါင်းဆောင်မှု သင်တန်း အခြေခံရရှိပြီးသူ (သို့မဟုတ်) ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ရေးရာ နဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဝင်ရောက်ပါဝင်လုပ်ကိုင်လိုတဲ့သူ၊ သင်တန်းကာလ(၃)လအတွင်း အဆောင်နေ ကျောင်းအိပ်ကျောင်းစား နေနိုင်သူ၊ ကျောင်းတွင်းစည်းကမ်းတွေကို လိုက်နာနိုင်သူ နဲ့ သင်တန်းကာလ ပြီးဆုံးတဲ့အထိ တက်ရောက်ရမှာဖြစ်ကြောင်း ကတိဝန်ခံချက်ပြုနိုင်သူ ဖြစ်ရမယ်လို့ သတ်မှတ်ထားတာရှိပါတယ်။