spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံစစ်ဘေးရှောင်တွေ စုစည်းနေထိုင်တဲ့ စစ်ရှောင်စခန်းမှာ ဆန်ရိက္ခာ နဲ့ အမိုးအကာလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ရှမ်း- ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်အရှေ့ဖက်ခြမ်းကနေ ကရင်နီဲပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေအတွက် ဆန်ရိက္ခာနဲ့ အမိုးအကာလိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်စခန်းရဲ့ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“ကျမတို့ တစ်နေရာနဲ့ တစ်နေရာ မတူကြဘူးလေး အတည်တကျလည်း မရှိကြဘူး။ တချို့က ဖယ်ခုံအရှေ့ခြမ်းက၊ တချို့က လားလဲ၊ ဒေါတငူးဖက်က၊ အခုတော့ ကျမတို့ ရှမ်းတောင်ကနေ လာတဲ့သူတွေကို စုနေမှာပေါ့။ အသစ်ပြောင်းလာတော့ ဘာအလှူမှ မရသေးဘူးပေါ့။ ကျမတို့ တောတောင်တွေကြားမှာဆိုတော့ လမ်းလည်း မရှိသေးဘူး၊ အမိုးအကာ လိုအပ်တယ်၊ စားနပ်ရိက္ခာလည်း လိုအပ်တယ် အကုန်လုံးတော့ လိုတာပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ ကျမတို့ စပြေးတုန်းကဆို ကျမတို့ ယူသွားစရာ ဆန်ဆိုတာ မရှိဘူး၊ ကျမတို့မှ မရိတ်သိမ်းရတာ။ လက်ရှိ အသစ်သွားနေရတော့ အမိုးအကာလည်း လိုအပ်တာပေါ့” လို့ သူက ဆိုပါတယ်။

တကွဲတပြား တိမ်းရှောင်နေရတာကြောင့် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို ရောက်ရှိနေတဲ့ ဖယ်ခုံ စစ်ဘေးရှောင်တွေဟာ တစ်စုတစ်စည်းတည်း ဖြစ်စေဖို့အတွက် စစ်ရှောင်စခန်းတခုအဖြစ် စက်တင်ဘာလ ပထမပတ်အတွင်းမှာပဲ ပြန်လည်စုစည်းကြတယ်လို့ စစ်ရှောင်စခန်းရဲ့ ကော်မတီဝင်တစ်ဦးက ဆိုပါတယ်။

စိုက်ပျိုးရာသီမှာ တိမ်းရှောင်ခဲ့ရတာကြောင့် စိုက်ပျိုးထားတဲ့ စပါး သီးနှံတွေကို မရိတ်သိမ်းနိုင်တဲ့အပြင် အဝတ်တထည်၊ ကိုယ်တခုနဲ့ ခြေလျင်လျှောက်ပြီး တိမ်းရှောင်ခဲ့ရတာပါ။ ဒါကြောင့် သိုလှောင်ထားတဲ့ ဆန်၊ အသုံးအဆောင်ပစ္စည်းတွေ မယူခဲ့ရတဲ့အတွက် ဆန် နဲ့ အခြေခံစားသောက်ကုန်တွေလည်း လိုအပ်နေတာဖြစ်ပါတယ်။

“တောလမ်းဆိုတော့ လမ်းမရှိလို့ ဒုက္ခဖြစ်တယ်။ အစပိုင်းမှာ ကျမတို့ တကွဲတပြားဖြစ်နေတော့ အခြေအနေ မျိုးမျိုးကြောင့် ပြန်လည်စုပြီး နေကြမယ်ပေါ့”လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဖယ်ခုံမြို့နယ်အတွင်းကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် စစ်ကြောင်းထိုးမှုတွေကြောင့် ဖယ်ခုံအင်းအရှေ့ခြမ်းက ကျေးရွာ ၁၅ ရွာထက်မနည်း နီးစပ်ရာဒေသတွေကို ပြန့်ကျဲ တိမ်းရှောင်ခဲ့ရတာပါ။ စစ်ဘေးရှောင်တွေဟာ နီးစပ်ရာ စစ်ရှောင်စခန်းတွေ၊ ဆွေမျိုးတွေထံ သွားရောက်ခိုလှုံခဲ့ရပါတယ်။

လက်ရှိ ဖယ်ခုံစစ်ဘေးရှောင်တွေ နေထိုင်တဲ့ စစ်ရှောင်စခန်းကို “ကေ့ရှိထျာ”လို့ ခေါ်ဆိုကြပြီး လူဦးရေ ၂၀၂ ဦး၊ အိမ်ခြေ ၆၈ အိမ် ရှိပါတယ်။ ထပ်မံ လာရောက်ကြမယ့် စစ်ဘေးရှောင်တွေလည်း ရှိသေးတာကြောင့် လူဦးရေ ပိုများလာနိုင်တယ်လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ဖြည့်စွက်ပြောပါတယ်။

spot_img

Recent posts