spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ပုံစံ(၇)မရှိတဲ့တောင်သူတွေ အတွက်စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေ တွေလုပ်ဆောင်နိုင်ပြီ

Author

Date

Category

စိုးထိုက်အောင်

၂၀၂၀ ဇွန်လ ၁၂ ရက်နေ့က အတည်ပြုလိုက်ပြီဖြစ်တဲ့ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေဥပဒေ အရ ပုံစံ (၇) မရှိတဲ့ တောင်သူတွေလည်း ချေးငွေ၊စုငွေတွေကို ရယူနိုင်ပြီဖြစ်တယ်လို့ LAW HOME အဖွဲ့မှ ဥပဒေအကြံပေး ကိုကျော်ဝဏ္ဏအောင် ကပြောပါတယ်။

“ပုံစံ(၇) ရှိခြင်းမရှိခြင်းနဲ့မသက်ဆိုင်ဘူးပေါ့ ဒီဥပဒေမှာက ပြောတယ်။ သူစိုက်ပျိုးရေးအမှန်တကယ်သာလုပ်နေဖို့လိုတယ်ပေါ့။ အဲ့လိုသာဖြစ်နေမယ်ဆိုရင် သူလာချေးမယ်ဆိုရင် ငွေစုသူ၊ ဒါမှမဟုတ်ရင် ချေးမယ်ဆိုရင် သူကစုလို့ရတယ်။ စုတာနဲ့တင် သူချေးတော့မယ်ဆိုရင် သူ့ကိုအနည်းဆုံး(၃)ယောက် အာမခံပေးမယ်ဆိုရင် သူချေးယူလို့ရပြီ။”လို့ပြောပါတယ်။

ယခင်ရှိပြီးသား ချေးငွေ၊စုငွေဥပဒေမှာ ပုံစံ(၇)ရှိတဲ့တောင်သူတွေပဲ ချေးငွေ၊ စုငွေ နဲ့ဆိုင်တဲ့ကိစ္စရပ်တွေမှာ အခွင့်အလမ်းရရှိနေပြီး ပုံစံ(၇)မရရှိတဲ့ တောင်သူတွေက စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေကို မရရှိခဲ့ကြပါဘူး။

ပုံစုံ (၇)မရှိတဲ့တောင်သူတွေချေးငွေရယူတဲ့အခါမှာ အာမခံပေးမယ့်သူ မရှိဘူးဆိုရင်တော့ ဝိုင်းကြီးချုပ်စနစ်၊ တစ်ရွာလုံးအတူတူချေးယူပြီး အချင်းချင်းအာမခံပေးတဲ့စနစ်တွေနဲ့ဆက်လုပ်လို့ရတယ်လို့ ကိုကျော်ဝဏ္ဏအောင်က ဆိုပါတယ်။

ဒီဥပဒေကို ၂၀၁၇ ဒီဇင်ဘာလလောက်ကတည်းက တောင်သူတွေနဲ့ အစိုးရ၊လွှတ်တော် အဖွဲ့တွေ မကြာခနတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာ တောင်သူတွေတင်ပြလာတဲ့လိုအပ်ချက်တွေကို အခြေခံပြီး စတင်ရေးဆွဲခဲ့တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကယားပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီဥက္ကဌ ဦးရန်နိုင်ဆွေက ပြောပါတယ်။

“ ရေးဆွဲတယ်ဆိုတဲ့နေရာမှာလည်း ကျနော်တို့ကမြို့နယ်အသီးသီးကိုလည်းကျနော်တို့ စစ်တန်းတွေကောက်ယူတယ်။ သူတို့ရဲ့အကြံပြုချက်တွေ၊ မြေပြင်မှာ အခက်အခဲတွေဖြစ်ပေါ်နေတာတွေနဲ့ပတ်သတ်ပြီးမှ ကျနော်တို့ကအကြံပြုချက်တွေလိုက်ယူတယ်။ ပြီးရင်ကျနော်တို့ကမြို့နယ်အကြုံပြုချက်တွေယူပြီးတာနဲ့ကျနော်တို့ဒီပြည်နယ်မှာလည်း ပြန်လည်ချပြရှင်းလင်းပြီးတော့မှ အကြံပြုချက်တွေ ထပ်ယူတယ်ပေါ့။ အဲ့ဒီဟာတွေ စုပေါင်းပြီးတော့မှကျနော်တို့ကကျနော်တို့ရဲ့ပြည်နယ်ဒေသန္တရပေါ့နော် ကျနော်တို့ဥပဒေ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေဥပဒေကို ကျနော်တို့အတည်ပြု တင်သွင်းခဲ့ပြီဖြစ်ပါတယ်။” လို့ ဦးရန်နိုင်ဆွေက ပြောပါတယ်။

ဒီအတည်ပြုပြီးဖြစ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေ ဥပဒေဟာဆိုရင် လက်ရှိအစိုးရလက်ထက်မှာ တောင်သူတွေ ပါဝင်အကြံပြု၊ ဆွေးနွေးတင်ပြခဲ့တဲ့ တစ်ခုတည်းသော ဥပဒေတစ်ရပ်ဖြစ်ပါတယ်။

ဥပဒေမှာ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးရေးနဲ့ပတ်သတ်ပြီး ချေးငွေ၊ စုငွေတွေ၊ မျိုးစေ့ ၊ စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ ရေအရင်းအမြစ်ကိစ္စ၊ မြေဆီလွှာ၊ ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှု၊သီးနှံဈေးကွက်တွေနဲ့အခြားအကြောင်းအရာများစွာကို ထည့်သွင်းရေးဆွဲထားပါတယ်။

ချေးငွေ၊ စုငွေတွေနဲ့ပတ်သတ်ပြီးတော့ ဘယ်လောက်စုရမယ်၊ ဘယ်လောက်ချေးယူလို့ရတယ်ဆိုတာကိုတော့ နည်းဥပဒေထုတ်ပြန်ပြီးမှပဲ သိရမှာဖြစ်တယ်လို့ ကိုကျော်ဝဏ္ဏအောင်ကဆက်ပြောပါတယ်။

ကယားပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီမှ ကယားပြည်နယ်စည်ပင်သာယာရေးဥပဒေ နဲ့ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေ ဥပဒေ(၂)ရပ်ကို လက်ရှိအစိုးရလက်ထက်မှာရေးဆွဲနိုင်ခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ်လွှတ်တော်သက်တမ်း (၄)ကျော်ကာလအတွင်းမှာ ယနေ့အထိအတည်ပြုနိုင်ခဲ့တဲ့ ဥပဒေစုစုပေါင်း (၂၂)ခုရှိပါတယ်။

spot_img
spot_img

Recent posts