spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ပြည်သူအကျိုးစီးပွားကာကွယ်ပေးတဲ့ ကိုယ်စားလှယ်တွေကိုရွေးခြယ်ကြပါ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီမိုကရေစီနည်းအရ ပြည်သူလူထုတွေ ရွေးကောက်တင်မြောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ အခြေခံအားဖြင့် လာဒ်ပေးလာဒ်ယူမှု၊ အကျင့်ပျက်ချစားမှု၊ အာဏာအလွှဲသုံးစားမှုတွေ ကင်းဖို့ လိုအပ်သလို တစ်ဖက်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်မှာတော့ အစိုးရနဲ့ လွှတ်တော်ဟာ သီးခြားရပ်တည်တဲ့ပုံစံဖြစ်ပေမယ့်လည်း တိုင်းဒေသကြီး (သို့) ပြည်နယ်အဆင့်ကို ကြည့်လိုက်ရင် ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရဟာ ဖွဲ့စည်းပုံအရ ပါလီမန်ဒီမိုကရေစီစနစ်ပုံစံ မျိုးဖြစ်နေပါတယ်။

ပြည်နယ်လွှတ်တော်ကနေ အစိုးရသစ် ဖွဲ့လိုက်တဲ့အခါမှာ အစိုးရအဖွဲ့ထဲမှာ ပါဝင်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အစိုးရအဖွဲ့ဝင်ဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့လည်း ဆက်ရှိနေ အုံးမှာ ဖြစ်ပါတယ်။ တနည်းပြောရရင် လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက အစိုးရအဖွဲ့ဝင်ထဲမှာလည်း ပါဝင်နေတာကြောင့် အုပ်ချုပ်ရေးရော၊ ဥပဒေပြုရေးရော နှစ်ခုစလုံးကို တစ်ပြိုနက်ထဲ တာဝန်ယူရတာကို တွေ့နိုင်ပါတယ်။

လက်ရှိ ကယား(ကရင်နီ)ပြည်နယ်မှာ ပြည်သူလူထုက တိုက်ရိုက် ၇၅ ရာခိုင်နှုန်း ရွေးကောက်တင်မြောက်ခွင့်ရှိတဲ့ လွှတ်တော် မဲဆန္ဒနယ် စုစုပေါင်း (၃၄) နေရာရှိပါတယ်။ အဲဒီထဲမှာမှ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၂) နေရာ၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၇) နေရာနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁၅) နေရာရှိပါတယ်။

ကယားပြည်နယ်လွှတ်တော်မှာ၇၅ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ အရပ်သားလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးရှိပြီးတာ့ ၂၅ ရာခိုင်နှုန်း နဲ့ ညီမျှတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅ ဦးအပါအဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အားလုံးပေါင်း (၂၀) ဦးရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးထဲမှာ (၅) ဦးကတော့ ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တွေထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒီနေရာမှာ အဓိက မီးမောင်းထိုးပြချင်တာက ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရတို့ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းနိုင်ရေးပဲဖြစ်ပါတယ်။ အခုလို အအပြန်လှန်ထိန်းကျောင်းနိုင်ဖို့အတွက် တစ်ပါတီ ထဲက လွှတ်တော်ထိုင်ခုံနေရာအားလုံးနီးပါးကို ရထားရင် အခက်အခဲရှိတတ်ပါတယ်။

အကောင်းဆုံးကတော့ လွှတ်တော်တွင်း ပါတီစုံက ကိုယ်စားလှယ်တွေ ပါဝင်နေတာမျိုးဆိုရင် လွှတ်တော်နဲ့ အစိုးရအပြန်အလှန်ထိန်းကျောင်းရေးမှာ ပိုပြီး အားကောင်းနိုင်တယ်လို့ ယူဆလို့ရပါတယ်။

ဒါကို လက်ရှိဖြစ်နေတဲ့ အစိုးရအဖွဲ့ဝင် ကယားပြည်နယ် ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုကို လွှတ်တော်ကိုယ်စားလှယ် ၅ ဦးကနေ စွပ်စွဲပြစ်တင်ထားတဲ့ ပြည်သူ့ဘဏ္ဍာ အလွှဲသုံးစားမှုနဲ့ အများပြည်သူပိုင် ကယားဒေကွင်းမှာ ကုမ္မဏီကို လုပ်ပိုင်ခွင့်ပေးတဲ့နေရာမှာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ ကိစ္စရပ် တစ်ခုနဲ့ ဥပမာပေးချင်ပါတယ်။

အဲဒါက စက်တင်ဘာလ ၁ ရက်နေ့မှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကနေပြီး ကယားပြည်နယ် ဝန်ကြီချုပ်အယ်လ်ဖောင်းရှိုကို ဖြုတ်ချဖို့ လွှတ်တော်မှာ ကိုယ်စားလှယ်ရဲ့ သုံးပုံ နှစ်ပုံကျော်ထောက်ခံခဲ့ကြပါတယ်။ ဒါကြောင့် စက်တင်ဘာလ ၃ ရက်နေ့မှာပ သမ္မတကနေ ဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ပြည်နယ်လွှတ်တော်မှာ ဝန်ကြီးချုပ်တစ်ဦးကို ဖြုတ်ချခဲ့တာ ပထမဆုံး ကယားပြည်နယ်လွှတ်တော်ကပဲဖြစ်ပါတယ်။

ဒါကိုကြည့်ချင်းအားဖြင့် လွှတ်တော်ကနေ အစိုးရကို ထိန်းကျောင်းသွားနိုင်တယ်ဆိုတဲ့ လုပ်ရပ်ကို ပြသသွားတာပါပဲ။

အမှန်တော့ ဒီလို ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရ အပြန်အလှန်ထိန်းကျောင်းတာကို လွန်ခဲ့တဲ့ NLD အစိုးရ သက်တမ်း ၄ နှစ်လောက်အတွင်းမှာကတည်းက လုပ်ဆောင်ခဲ့သင့်တာဖြစ်ပါတယ်။
တစ်ပါတီတည်းကနေ ဗဟိုကထိန်းချုပ်ခံရတဲ့စနစ်တွေကြောင့်မို့လို့ အပြန်အလှန်ထိန်းကျောင်းဖို့က အခက်အခဲဖြစ်စေခဲ့တာဖြစ်ပါတယ်။

NLDပါတီရဲ့ သဘောအရ ဗဟိုချုပ်ကိုင်မှု စနစ်နဲ့ သွားတာဖြစ်တဲ့အတွက် ဗဟိုက ပါတီ ဝင်တွေကို အမှန်တကယ် အရေးယူနိုင်ပါ့ မလားဆိုတာ ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သာဓကအနေနဲ့ ကယား(ကရင်နီ)ပြည်နယ်ရဲ့ ကြေးရုပ်အရေးကိစ္စမှာ ဒေသခံပြည်သူလူထုတွေ ကန့်ကွက်ခဲ့ကြပေမယ့် ပြည်နယ်ဝန်ကြီးချုပ်ကို NLD ဗဟိုကနေ အရေးတယူ လုပ်ဆောင်တာ မရှိခဲ့ပါဘူး။

ဒါ့ကြောင့်မို့လို့ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရတို့ အပြန်အလှန်ထိန်းကျောင်းနိုင်ဖို့ဆိုတာ ကိုယ့်ပြည်နယ်နဲ့ အမျိုးသားအကျိုးစီးပွားကို ကြည့်တဲ့၊ ပြည်သူကို အမှန်တကယ်ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တွေ ပြည်နယ်လွှတ်တော်ထဲမှာ နေရာများများရသွားဖို့ လိုပါတယ်။

လာမယ့် ၂၀၂၀ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ ပြည်သူ့ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်နိုင်ခွင့် အခွင့်အရေးရှိနေတာဖြစ်တဲ့အတွက် မှန်ကန်တဲ့ ပါတီနဲ့ ကိုယ်စားလှယ်တွေကို မဲပေးရွေး ချယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

spot_img
spot_img

Recent posts