ကန္တာရဝတီတိုင်း ( မ် )
မြန်မာနိုင်ငံတဝှမ်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ အရပ်သားပြည်သူတွေ သေဆုံးထိခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စုံစမ်းဖော်ထုတ်ပြီး လက်တွေ့အရေးယူဖို့ လိုအပ်တယ်လို့ အမျိုးသမီးအဖွဲ့တွေက တိုက်တွန်းပါတယ်။
အရပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို စိုးရိမ်ကြောင်းနဲ့ ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်ရုံသာမက ဖြစ်စဉ်တွေကို လွတ်လပ်စွာ စုံစမ်းဖော်ထုတ်တာ၊ သက်သေအထောက်အထားတွေ ထိန်းသိမ်းတာနဲ့ တာဝန်ရှိသူတွေကို နိုင်ငံတကာဥပဒေနဲ့အညီ တာဝန်ခံစေတာတွေ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဌ မော်ဖရေမြာက ပြောပါတယ်။
“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စိုးရိမ်ကြောင်းထုတ်ပြန်တာ၊ ရှုတ်ချကြောင်းပြောဆိုတာတွေနဲ့သာ ရပ်တန့်မနေဘဲ ဖြစ်စဉ်တွေကို လွတ်လပ်စွာ စုံစမ်းဖော်ထုတ်ခြင်း၊ သက်သေအထောက်အထားတွေကို ထိန်းသိမ်းခြင်း၊ တာဝန်ရှိသူတွေကို နိုင်ငံတကာဥပဒေနဲ့အညီ တာဝန်ခံစေခြင်းနဲ့ ထိခိုက်ခံစားရတဲ့ မိသားစုတွေအတွက် ပြန်လည်ကုစားရေးတွေကို လက်တွေ့ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” လို့ မော်ဖရေမြာက ပြောပါတယ်။
အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ဖို့အတွက် အားကောင်းပြီး တိကျသေချာတဲ့ အကူအညီတွေ၊ လက်တွေ့လုပ်ဆောင်ချက်တွေကို မြန်မာပြည်သူတွေက အရေးတကြီးလိုအပ်လျက်ရှိတယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂ ( BWU) က ပြောထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေ သေဆုံးထိခိုက်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ စာရင်းအရ အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၇ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁ ဦးနဲ့ မတရားသတ်ဖြတ်ခံရမှုကြောင့် ၁ ဦး စုစုပေါင်း အမျိုးသမီး ၄၉ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃၉ ဦးနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၆ ဦး စုစုပေါင်း ၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူ ၄၉ ဦးထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၉ ဦးလည်း ပါဝင်တယ်လို့ BWU ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
ကရင်နီပြည်မှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လစဉ် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပြီး အမျိုးသမီးသေဆုံးတာ၊ ထိခိုက်မှုတွေလည်း ရှိနေတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကရင်နီပြည်မှာ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားသေဆုံးသူ ၈ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၈ ဦးရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ( KnHRG) က ထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေထဲ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်နှစ်ဦးအပါဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ရပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် တရားမျှတမှုရရှိရေးအပြင် နစ်နာဆုံးရှုံးမှုတွေအတွက် ပြန်လည်ကုစားရေးအကူအညီတွေကိုလည်း လက်တွေ့အကောင်အထည်ဖော်ပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။







