ကန္တာရဝတီတိုင်း ( မ် )
မြန်မာစစ်အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေးအတွက် ကြားဝင်ညှိနှိုင်းကူညီပေးဖို့ အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး (Sihasak Phuangketkeow) က ပြောဆိုပါတယ်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာ ၁၂ ရက်နေ့မှာ နေပြည်တော်ခရီးစဉ်သွားပြီး အာဏာသိမ်းစစ်အစိုးရ သမ္မတမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ခရီးစဉ်အပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး (Sihasak Phuangketkeow) က မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံစဉ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း၊ ထိုင်း-မြန်မာနယ်စပ်က တိုင်းရင်းသားအဖွဲ့တွေဖြစ်တဲ့ KNU၊ KNPP တို့နဲ့ မြန်မာစစ်အစိုးရအကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်မြောက်လာဖို့ ထိုင်းနိုင်ငံက ကြားဝင်ကူညီပေးနိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး (Sihasak Phuangketkeow) ရဲ့ ပြောကြားချက်အရ မြန်မာစစ်အစိုးရကလည်း ထိုင်းနိုင်ငံအနေနဲ့ တွေ့ဆုံဆွေးနွေးရေးမှာ ကြားဝင်ညှိနှိုင်းပေးမယ်ဆိုရင် လက်ခံဖို့ အသင့်ရှိကြောင်း သဘောထားပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ သက်ဆိုင်ရာအဖွဲ့တွေကို ထိုင်းနိုင်ငံမှာ လာရောက်ဆွေးနွေးဖို့ အတင်းအကြပ်တိုက်တွန်းတာမျိုးမဟုတ်ဘဲ အဖွဲ့တွေကြား တွေ့ဆုံနိုင်ရေး လမ်းခင်းပေးတဲ့ ကြားဝင်ကူညီသူအဖြစ်သာ ပါဝင်နိုင်ဖို့ ဆွေးနွေးခဲ့တာဖြစ်ပြီး ဒီကိစ္စကိုဆက်လက်ညှိနှိုင်းသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လာရင် SCEF က ချမှတ်ထားတဲ့ အစီအစဉ်အတိုင်းသာ ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ KNPP တဖွဲ့တည်းအနေနဲ့ သီးခြားဆွေးနွေးစရာမရှိဘူးလို့ KNPP ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခူဒယ်နီယာယ် က တုန့်ပြန်ပါတယ်။
“တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်လာရင် SCEF ချထားတဲ့အစီအစဉ်အတိုင်းပဲသွားမယ်လို့ ဆုံးဖြတ်ချက်ရှိထားပြီးသားပေါ့။ လောဆယ်ကတော့ တခြား ဘာမှ ထူးထူးခြားခြား ပြောလို့မရသေးဘူး။” လို့ ခူဒယ်နီယာယ် က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
ထိုင်းဘက်က တွေ့ဆုံဆွေးနွေးဖို့ တရားဝင်ကမ်းလှမ်းမှုမရှိသေးကြောင်းနဲ့ အရင်ကတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ဖော်ဆောင်ပေးနိုင်တယ်ဆိုတဲ့ ပြောဆိုမှုမျိုးလည်း ရှိခဲ့ဖူးကြောင်းကို ခူဒယ်နီယာယ်က ဖြည့်စွက်ပြောထားပါတယ်။
KNPP နဲ့ KNU တို့ဟာ နိုင်ငံရေးနဲ့ စစ်ရေးမဟာမိတ်စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဦးဆောင်ပေါ်ထွန်းရေး (SCEF) မှာ ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကူညီပံ့ပိုးပေးသလို မြန်မာနိုင်ငံနဲ့ အာဆီယံအကြား ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရေးကိုလည်း ကြိုးပမ်းပေးနေတယ်လို့ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။







