spot_img
Homeအယ်ဒီတာ့အာဘော်“အယ်နီညို (El Niño) သတိပေးချက်အပေါ် ကရင်နီပြည်သူတွေ ဘာတွေပြင်ဆင်သင့်သလဲ”

“အယ်နီညို (El Niño) သတိပေးချက်အပေါ် ကရင်နီပြည်သူတွေ ဘာတွေပြင်ဆင်သင့်သလဲ”

-

အယ်ဒီတာ့အာဘော် (ကန္တာရဝတီတိုင်း(မ်))

ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်နေတဲ့ အယ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်ဟာ ၂၀၂၆ နှစ်ကုန်ပိုင်းမှာ အလွန်ပြင်းထန်တဲ့ အခြေအနေကို ရောက်လာနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ WMO က သတိပေးထားပါတယ်။

ကုလသမဂ္ဂဘေးအန္တရာယ်လျော့ပါးရေးရုံး UNDRR ကလည်း တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသတွေမှာ မိုးခေါင်တာ၊ အပူချိန်လွန်ကဲတာနဲ့ တောမီးလောင်ကျွမ်းတာတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုသက်ရောက်လာနိုင်တဲ့အထဲမှာ မြန်မာနိုင်ငံတစ်ဝှမ်းနဲ့ ကရင်နီဒေသပါ ပါဝင်နေတာမို့ အထူးသတိထား ကြိုတင်ပြင်ဆင်ရမယ့် အနေအထား ဖြစ်ပါတယ်။

စစ်ပွဲနဲ့ ပဋိပက္ခဒဏ်ကို အလူးအလဲ ခံစားနေရတဲ့ ကရင်နီပြည်သူတွေအတွက် အယ်နီညိုကြောင့် မိုးခေါင်တာနဲ့ စိုက်ပျိုးရေး ထိခိုက်တာတွေဖြစ်လာရင် စားနပ်ရိက္ခာ မလုံလောက်တဲ့အထိ သက်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ထိခိုက်ဆုံးရှုံးမှုကို လျှော့ချနိုင်ဖို့ ပြည်သူတွေနဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေ အချင်းချင်းပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်နေပါတယ်။

ပြည်သူတွေ ကြိုတင်ပြင်ဆင်သင့်တဲ့အချက်များ

ရာသီဥတုပြောင်းလဲမှုကြောင့် အစားရေစာ ရှားပါးမှုတွေလည်း ဖြစ်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ရာသီဥတုဒဏ်ခံနိုင်တဲ့သီးနှံတွေ ရွေးချယ်စိုက်ပျိုးတာ၊ စိုက်ပျိုးရေးနည်းလမ်းသစ်တွေကို ပြောင်းလဲကျင့်သုံးတာ၊ လက်ရှိရေအရင်းအမြစ်တွေကို အကျိုးရှိရှိ စီမံခန့်ခွဲတာတွေကို ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ စိုက်ပျိုးနိုင်တဲ့အချိန်နဲ့ ဧရိယာတွေမှာ စိုက်ပျိုးထားဖို့လည်း လိုအပ်ပါတယ်။ ဥပမာ နွေစပါး၊ မိုးစပါး စိုက်ပျိုးတာတွေကို လုပ်ဆောင်သင့်ပါတယ်။

အပူဒဏ်ကြောင့် ရေအရင်းအမြစ်တွေ ခမ်းခြောက်သွားနိုင်တဲ့အတွက် မိုးရေသိုလှောင်တာ၊ ရေတွင်းရေကန်ဟောင်းတွေကို ပြန်လည်တူးဖော်တာနဲ့ ရေကိုစနစ်တကျသုံးစွဲတာတွေကို မိသားစုအတွင်းမှာလည်း အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။

ဒါတင် မကပါဘူး။ ကျန်းမာရေးအတွက်လည်း ရေဓာတ်ပြည့်ဝအောင်နေထိုင်တာ၊ နေပူပြင်းချိန်မှာ အပြင်ထွက်တာကို ရှောင်ကြဉ်တာ၊ သန့်ရှင်းတဲ့အစားအစာတွေကိုသာ စားသုံးတာနဲ့ သက်ကြီးရွယ်အို၊ နာတာရှည်ရောဂါရှိသူတွေကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အပူရှပ်တဲ့ (Heat Stroke) လက္ခဏာတွေ ခံစားရရင် ချက်ချင်းဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။

အုပ်ချုပ်သူ၊ အာဏာပိုင်နဲ့ တာဝန်ရှိသူတွေ ဆောင်ရွက်သင့်တဲ့အချက်များ

အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ ကျေးရွာခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေအနေနဲ့ကတော့ ရာသီဥတု အခြေအနေတွေကို အချိန်နဲ့တပြေးညီ ပြည်သူတွေကို သတင်းအချက်အလက်မျှဝေပေးဖို့ အရေးကြီးပါတယ်။ ရေပေးဝေရေးစနစ်တွေကို စီစဉ်ပေးတာ၊ တောင်သူတွေအတွက် နည်းပညာနဲ့ မျိုးစေ့တွေ ပံ့ပိုးတာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ အချိန်မရွေး ပံ့ပိုးပေးနိုင်အောင် ပြင်ဆင်ထားတာ၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေ ဖွဲ့စည်းထားနိုင်တာတွေကလည်း အရေးကြီးပါတယ်။ ဒါ့အပြင် တောမီးလောင်ကျွမ်းမှုနဲ့ ရေဝေရေလဲဒေသတွေမှာ ပျက်စီးမှုမရှိစေရေးကိုလည်း စောင့်ကြည့် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ အယ်လ်နီညိုကြောင့် ရာသီဥတုပြောင်းလဲမှု သို့တည်းမဟုတ် သဘာဝဘေးတခုကို စုပေါင်းအားနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ရင် ထိခိုက်ဆုံးရှုံးမှုတွေကို အတိုင်းအတာတခုအထိ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတာ၊ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်တွေကို လေ့လာကျင့်သုံးတာနဲ့ အချင်းချင်းကြား အသိပညာ မျှဝေတာတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်သွားဖို့ လိုပါတယ်။

ကရင်နီပြည်သူတွေအနေနဲ့ မိုးလေဝသသတင်းတွေကို အမြဲမပြတ်စောင့်ကြည့်ဖို့ လိုအပ်သလို အချင်းချင်းကူညီစောင့်ရှောက်ပြီး ဒီအချိန်ကာလကို အတူတူ ဖြတ်ကျော်သွားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ