spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

မပြီးဆုံးသေးတဲ့ ကိုဗစ်နဲ့ အကြမ်းဖက်ခံ အမျိုးသမီးတွေရဲ့ ဘဝ

Author

Date

Category

စိုးထိုက်အောင်

၂၀၂၀ မတ်လလောက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဟာဆိုရင် ယနေ့အချိန်ထိ မပြီးဆုံးသွားသေးပါဘူး။ အခုလို ကိုဗစ်ကာလကြာရှည်လာတာနဲ့ အမျှ အကြမ်းဖက်ခံနေရတဲ့အမျိုးသမီးတွေဟာလဲ တစ်နေ့တစ်ခြား ပိုပြီးကြုံတွေ့လာရတယ်လို့ အမျိုုးသမီးအရေးလှုပ်ရှားတဲ့အဖွဲ့တွေက ပြောဆိုနေကြပါတယ်။

၂၀၂၀ ခုနှစ်အတွင်း အမျိုးသမီးတွေအပေါ် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၃၈ခု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၂ခု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၉ခုနဲ့အဓမ္မပြုကျင့်မှု ၄ခုရှိတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံးမှ သိရပါတယ်။

အမျိုးသမီးတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ၂၀၁၉ ခုနှစ်မှာ ၂၀မှု ရှိခဲ့တာဖြစ်ပါတယ်။
ကယားပြည်နယ်အတွင်း ၂၀၂၀၊ နိုဝင်ဘာလ ၁၉ရက်နေ့မှာ အဖေဖြစ်သူက ၁၆နှစ်အရွယ်သမီးဖြစ်သူကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။

“မုန်းတယ်ဆိုတာထက် သံယောဇဉ်မရှိဘူး။ ဘာဖြစ်လဲဆို ညီမငယ်ငယ်လေးကတည်းက သူနဲ့လည်းမနေဘူးလေ။ ညီမအသက်က ၁၆နှစ်ကျော်ပြီ အဲ့တာအတွင်းကာလမှာ သူနဲ့နေတဲ့ကာလမှာ တစ်နှစ်တောင်မရှိဘူး။ အဲ့ကြောင့်မို့ ညီမဘဝမှာဆို အမှန်တိုင်းပြောမယ်ဆို အဖေဆိုတာကို သူများခေါ်တာတော့ကြားဖူးတယ်။ ကိုယ်ကိုယ်တိုင်ခံစားတာမျိုးမရှိဘူး။” လို့အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးက ပြောပါတယ်။

၎င်း အမျိုးသမီးကိုတော့ ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO) အဖွဲ့က လုံခြုံအိမ်မှာ ထိန်းသိမ်းစောင့်ရှောက်ပေးထားတာဖြစ်ပါတယ်။
“ထွေထွေထူးထူးတော့ မရှိပါဘူး ဒီကိစ္စပြီးရင် အလုပ်လုပ်ချင်တယ်။ အလုပ်လုပ်ပြီးတော့မှ ကျောင်းဆက်တက်မယ် အဲ့လိုဘဲ စဉ်းစားထားတယ်။”လို့ လုံခြုံအိမ်မှာရှိနေတဲ့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ လုံခြုံအိမ်တွေကို ဆောက်ပေးထားတာဖြစ်ပြီး လုံခြုံအိမ်မှာ အမျိုးသမီးတွေအတွက် စားဝတ်နေရေး၊ လုံခြုံရေး၊ ဆေးကုသရေး၊ တရားရုံးကိစ္စတွေကိုသာမက စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိပ်မှုတွေကိုပါဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ လုံခြုံအိမ်မှာ ၃လကနေ ၆လအထိနေနိုင်တာဖြစ်ပြီး တချို့အမှုတွေက ၆လထပ်ကြာတဲ့ အခြေအနေမှာရှိမယ်ဆိုရင်လဲ ဆက်နေပြီး အမှုရင်ဆိုင်လို့ရတာဖြစ်ပါတယ်။

“ ဆိုတော့ ကျန်းမာရေးပြောတဲ့နေရာမှာ ဒီအိမ်တွင်းအကြမ်းဖက်ခံရတဲ့လူဘဲဖြစ်ဖြစ်၊ ဒီမုဒိန်းကျင့်ခံရလို့ ကျမတို့ ဆီရောက်လာတာဘဲဖြစ်ဖြစ်သူ့အတွက်ပေါ့နော် ကျန်းမာရေးစစ်ဆေးချက်လိုအပ်တယ် ကုသမှုခံယူဖို့လိုအပ် တယ်ဆိုလို့ရှိရင်တော့ ကျမတို့ ဆေးရုံကြီးနဲ့ ချိတ်ဆက်ပြီးတော့မှလွဲပြောင်းပေးတာမျိုးတွေ ကျမတို့လုပ် ပေးတာပေါ့နော်။ လိုအပ်တဲ့ဆေးဖိုးဝါးခတွေ ကျန်မတို့ကူညီပေးတာတွေရှိတယ်။”လို့ ကရင်နီအမျိုးသမီးအစည်းအရုံး မန်နေဂျာမော်သဲမာက ပြောပါတယ်။

ကိုဗစ်မဖြစ်ခင်အချိန်တွေနဲ့ ကိုဗစ်ဖြစ်နေတဲ့ကာလအတွင်းမှာ အမျိုးသမီးအကြမ်းဖက်ခံရမှုက ၃ဆလောက်ပိုပြီးတော့ မြင့်တက်နေပြီး အများစုက အိမ်တွင်းအကြမ်းဖက်ခံရမှုတွေနဲ့ သက်ငယ်မုဒိန်းမှုတွေဖြစ်တယ်လို့ဆိုပါတယ်။

“ကိုဗစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတွေကပေါ့နော် မုဒိန်းမှုတွေက ၃ဆလောက်မြင့်တက်နေတာကို ကျမတို့ကတွေ့ရတယ်ပေါ့နော်။ အဲ့ဒီထဲမှာအဓိကပိုများတာက အိမ်တွင်းအကြမ်းဖက်မှုတွေများတယ်ပေါ့နော်။ ပြီးတော့မှ ကာမလိမ်လည်မှုပေါ့နော် ယူမယ်ဆိုပြီးမယူဖြစ်ဘဲနဲ့ ပြန်ချန်ထားလိုက်တဲ့ဟာမျိုးတွေ ရှိတယ်။ နောက်တစ်ခုကကြတော့ သက်ငယ်မုဒိန်းတွေပေါ့နော် သက်ငယ်မု ဒိန်းတွေတိုးလာတာ ကျမတို့တွေ့ရတာပေါ့နော်။”လို့မော်သဲမာက ဆက်ပြောပါတယ်။

ကိုဗစ်ကာလအတွင်းမှာ အခုလိုအကြမ်းဖက်မှုတွေ များလာတာဟာ အလုပ်လက်မဲ့တွေများလာတဲ့အတွက်ကြောင့် စားဝတ်နေရေး၊ စီးပွားရေးမပြေလည်မှုတွေအပေါ်အခြေခံပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ များလာတာဖြစ်တယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံးမှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကာကွယ်တားဆီးရေးလုပ်ငန်းစဉ်တာဝန်ခံ မယုယုဆွေက ပြောပါတယ်။

“ အဓိကတော့ ဒီစားဝတ်နေရေးအဆင်မပြေတာတွေ၊ စီးပွားရေးမပြေလည်တော့တာတွေပေါ့နော်။ ဝင်ငွေတွေက မရှိတော့တာတွေပေါ့နော် အဲ့လိုမျိုးတွေရှိနေတယ်ပေါ့။ အဲ့အပေါ်မှာအခြေခံပြီးတော့မှ အိမ်တွင်းအကြမ်းဖက်မှုတွေက ပိုပြီးတော့မှ အများကြီးဖြစ်တာတွေတွေ့ရတယ်ပေါ့နော်။”
ကယားပြည်နယ်မှာ ၂၀၂၀ခုနှစ်အတွင်းအမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့အမှုပေါင်း ယနေ့အထိ Women For Women Foundation အဖွဲ့ရဲ့ စစ်တမ်းတွေအရ အမှုပေါင်း ၅၀ရှိနေပြီး ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) အဖွဲ့ရဲ့ စစ်တမ်းတွေအရ အမှုပေါင်း ၆၅ခုရှိနေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts