ကယားပြည်နယ် ရှားတောနေရပ်ပြန်တွေ မူလအခြေအနေကိုပြန်ရောက်နိုင်မလား…

0
229

လှရိပ်

၂၀၁၂ နောက်ပိုင်း မှာ ရွာဟောင်းဒေါစော်ဘူးမှာ ဒေသခံတွေပြန်လာနေထိုင်ကြပါတယ်။ (ဒေါစော်ဘူးရွာ)

စစ်ဘေးကြောင့်ဒေါ်ပိုးမယ်ဟာ ထိုင်းနယ်စပ်ကဒုက္ခသည်စခန်းကို သွားရောက်ခိုလုံခဲ့ပါတယ်။ အခုချိန်မှာတော့သူ့နေရပ်ဖြစ်တဲ့ရှားတောကိုပြန်ရောက်တာ၂နှစ်ရှိသွားပါပြီ။ ဒေါ်ပိုးမယ်ကတော့အစိုးရအစီအစဉ်နဲ့နေရပ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။

သူပြန်ရောက်တော့အစိုးရဆီက ၃လစာစားစရိတ်ထောက်ပံ့မှုရရှိခဲ့ပါတယ်။ အစိုးရကနေရပ်ပြန်သူတွေအတွက် တစ်မိသားစုကို၃လစာ ၃သိန်းထောက်ပံ့ပေးခဲ့ပါတယ်။ ကယားပြည်နယ်မှာစစ်ဘေးရှောင်နေရပ်ပြန်သူအခုအချိန်ထိ တစ်ရာကျော်ပြီဖြစ်ပြီးအများစုက ရှားတောဒေသကဖြစ်ပါတယ်။

ရှားတောမြို့ဟာဆိုရင်တောင်တန်းကြီး အထပ်ထပ်ရဲ့ကြားမှာ ရှိနေပါတယ်။ အဲ့ဒီမြို့ကိုသွားမယ်ဆိုရင်လွိုင်ကော်မြို့ကနေကားနဲ့ တစ်နာရီခွဲဝန်းကျင်သွားရပြီး အကွေ့အကောက်များတဲ့တောင်တန်းကြားကလမ်းတွေကိုဖြတ်ရပါတယ်။

ရှားတောမြို့ဟာဆိုရင် ကယားပြည်နယ်ရဲ့လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPPရဲ့ ထိန်းချုပ်မှုအောက်ရှိနေတဲ့ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ရှားတောမြို့နယ်ဟာစိုက်ပျိုးရေးကိုအဓိက လုပ်ကိုင်ကြပြီး ကယားပြည်နယ်မှာဖွံ့ဖြိုးမှုနောက်ကျတဲ့ နေရာတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ KNPP နဲ့တပ်မတော်တို့တိုက်ပွဲကြောင့် ရွာလုံးကျွတ်နီးပါးနေရပ်စွန့်ခွာခဲ့ရတဲ့ဒေသဖြစ်ပါတယ်။

ကရင်နီပြည်နယ်ဟာ ၁၉၄၈ခုနှစ်ကစပြီးပြည်တွင်းစစ်စတင် ဖြစ်ပွားခဲ့ပါတယ်။ ၁၉၅၇ခုနှစ်မေလ ၂ရက်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ကိုစတင်ဖွဲ့စည်းခဲ့သည်။ KNPPနဲ့တပ်မတော်တို့ အပစ်ခတ်ရပ်စဲဖို့အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး၂၀၁၂ဦးသိန်းစိန်အစိုးရလက်ထက်မှာပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ(NCA) ကိုတော့ လက်ရှိအချိန်အထိလက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပါ။

တိုက်ပွဲကြောင့်ဒေသခံတွေဟာ စစ်ဘေးရှောင်စခန်းသို့သွားရောက်နေထိုင်ကြပြီး အခုအခါအချို့ကနေရပ်ကိုပြန်လာကြပြီးဖြစ်တယ်။ ကယားပြည်နယ်မှာကရင်နီဒုက္ခသည်စခန်းကိုထိုင်း-မြန်မာနယ်စပ်မှာဖွင့်လှစ်ထားပြီးစခန်းကနေနေရပ်ပြန်တာ၄ကြိမ်ရှိပါပြီ။ နေရပ်ပြန်သူ၁၀၀ကျော်ရှိပြီဖြစ်ပြီးအများစုကရှားတောဒေသဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေဟာကယား(ကရင်နီ)ပြည်နယ်ကနေထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းမှာနေထိုင်ကြပါတယ်။ ကရင်နီဒုက္ခသည်စခန်းနှစ်ခုရှိပြီး သူတို့တွေဟာအလှူရှင်တွေနဲ့ ရပ်တည်စားသောက်နေရပါတယ်။

ဒေါ်ပိုးမယ်ဟာစစ်ရှောင်စခန်းသို့ မသွားခင် နေရပ်မှာပိုင်ဆိုင်ထားတဲ့မြေတချို့ရှိပြီး အခုအခါပြန်လည်ထိန်းသိမ်းစိုက်ပျိုးဖို့အတွက် နေရပ်ပြန်လာတာဖြစ်ပါတယ်။

သူနေရပ်ပြန်ရောက်ရင် ပိုအဆင်ပြေမယ်လို့ မျှော်လင့်ထားပေမယ့် တကယ်တော့အဆင်မပြေခဲ့ပါဘူး။
“ကျမပြန်တွေ့တာသူများဆို အိမ်ကောင်းခြံကောင်းရှိတယ်ပေါ့။ အဲ့ဒါကျမလည်းဒီမှာပဲနေရမယ်ဆိုရင်ကျမအိမ်လည်းကောင်းကောင်းရှိမယ် အဲ့လိုတော့တွေးမိတာပေါ့။ အခုကကျမတို့ဒီလိုပဲပင်ပင်ပန်းပန်းနဲ့လုပ်ရတဲ့ဒီအိမ်လေးပဲရှိတယ်လေ။ ကျမတို့အတွက်ကအဆင်မပြေသေးပါဘူး။ သူများဆိုသစ်တွေရှိပြီဆိုလည်းသစ်တွေလုပ်နေကြတယ်။ အိမ်ရှိပြီဆိုလည်းအိမ်ဆောက်နေကြသေးတယ်အဲ့လိုလုပ်နေကြတယ်လေ။”

ဒေါ်ပိုးမယ်အတွက် ဘဝကိုအစကနေပြန်စရသလို ဖြစ်နေပါတယ်..။

ဒေါ်ပိုးမယ်ဟာရှားတောဒေသမှာ လက်ရှိတောင်ယာလုပ်ငန်းလုပ်ကိုင်နေပါတယ်။ ပြန်လည်နေရာချထားရေးမှာ ကူညီပေးနေတဲ့ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာဦးဗညားက အစိုးရကနေရပ်ပြန်လာသူတွေရဲ့အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်မယ့် အလုပ်ကိုမဆောင်ရွက်ပေးနိုင်ဘူးလို့ ပြောပါတယ်။

“ပြန်လာတဲ့အချိန်မှာသူတို့ကဘာ Skill (အရည်အချင်း)တွေပါလာလဲ။ ဘယ်လိုမျိုးအသက်မွေးဝမ်းကျောင်းတွေ သူတို့လုပ်တတ်လဲ။ အသက်မွေးဝမ်းကျောင်းတွေလုပ်နိုင်ဖို့သူတို့ကိုချိတ်ဆက်နိုင်ဖို့ဆိုတာမျိုးကို အစိုးရကိုယ်တိုင်ကမတည်ဆောက်ပေးနိုင်ခဲ့ဘူး”

ရှားတော- လွိုင်ကော် လမ်းမကြီးဘေးက ဒေါလဲဒူကျေးရွာ တန်ဖိုးနည်းအိမ်ယာ။

ရှားတောမြို့ဒေသခံတွေဟာ စစ်ဘေးကြောင့်အိမ်တွေပျက်စီးသွားပြီး နေရပ်စွန့်ခွာသွားကြပါတယ်။နေရပ်ပြန်တဲ့အချိန်မှာသူတို့မြေနေရာကို အခြားသူကပိုင်ဆိုင်သွားတာမျိုးလည်းရှိပါတယ်။ ခုချိန်မှာတော့ရှားတောမှာကျေးရွာပေါင်း၂၀သာ ရှိတော့တယ်လို့သိရပါတယ်။

ဒေါ်ပိုးမယ်တို့မိသားစုက၅ယောက်ရှိပြီး သမီးနှစ်ယောက်နဲ့သားတစ်ယောက်ရှိပါတယ်။

ဒေါ်ပိုးမယ်နည်းတူဒေါ်သိုးမယ်ဟာလည်း စစ်ရှောင်ကနေနေရပ်ပြန်လာသူတွေထဲက တစ်ဦးဖြစ်ပါတယ်။ စစ်ဘေးကြောင့်နေရပ် စွန့်ခွာရပြီးပြန်လည်နေရာချထားတဲ့အခါမှာ မူလနေရာပြန်ရောက်ရှိဖို့ခက်ခဲတယ်လို့ ဒေါ်သိုးမယ်ကပြောပါတယ်။

“ အကယ်၍စစ်ဘေးမရှောင်ခဲ့ရဘူး ဒီမှာပဲနေခဲ့ရရင်တိုးတက်ပြောင်းလဲတာပေါ့။ အခြားနေရာမှာသွားနေခဲ့ရတော့ အိမ်ထောင်ကျခါစသူတွေလို အသစ်ကနေပြန်စနေရတော့ မပြည့်စုံတော့ဘူးပေါ့။ ဒီမှာပဲနေခဲ့ရမယ်ဆိုရင်တော်တော် အဆင်ပြေမှာပဲလေ။ အရင်တုန်းကဒီမှာနေတုန်းကကောက်ညင်းစားချင်ရင်စားလို့ရတယ် ဘာစားချင်လဲစားလို့ရတယ်။ ခေါင်တို့ဘာတို့သောက်ချင်ရင်လည်း ကိုယ့်ကိုယ်လုပ်လို့ရတယ်။ အခုကမပြည့်စုံမလုံလောက်တော့ ဘာစားချင်လဲစားလို့မရတော့ဘူး။ စားချင်ပေမယ့်ဒီတိုင်းပဲနေရတယ်မစားချင်သလိုပဲနေရတာပေါ့။ ဒီတိုင်းပဲကြိုးစားနေရတာပေါ့။”

အခုတက်လာမယ့်အစိုးရကိုကျေးရွာအတွက်မီးတွေ၊ လမ်းတွေလုပ်ပေးစေချင်တယ်လို့ သူကဆက်ပြောပါတယ်။

“ကျမတို့အတွက်မီးရအောင်လုပ်ပေးရင်လည်း အဆင်ပြေတာပေါ့ကျမတို့ကဆင်းရဲတော့မီးမရှိဘူး။ မီးလုပ်ပေးလည်းအဆင်ပြေတယ် လမ်းလုပ်ပေးရင်လည်း အဆင်ပြေတယ်။ ဒါပေမယ့်သူတို့ဘယ်တစ်ခုလုပ်ပေးချင်လဲပေါ့။ အကုန်လုံးလိုချင်တာပေါ့ခက်တာက ဘယ်သူမှမပေးနိုင်ဘူးစားဖို့အတွက်တောင်လိုချင်တာပေါ့။”

နေရပ်ပြန်ဖို့အတွက်နယ်စပ်ဒေသဖြစ်တဲ့ မယ်စဲ့ဂိတ်ကနေဝင်ရောက်လာတဲ့ သူတွေကိုပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကူညီဆောင်ရွက်ပေးပါတယ်။ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြန်ရောက်လာတဲ့သူတွေကိုအိမ်တွေဘာတွေ ဆောက်ပေးထားပြီး UNHCR ( ဒုက္ခသည်ပြန်လည်နေရာချထားရေး ဆိုင်ရာမဟာမင်းကြီး ) ကိုသွားရောက်လေ့လာပြီးလိုအပ်တာလေးတွေထပ်ဖြည့်ပေးဖို့မှာထားတယ်လို့ ပြောပါတယ်။

နေရပ်ပြန်တွေအတွက်မြေယာပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်လို့လည်း ဗိုလ်မှူးကြီးမြင့်ဝေက အခုလိုဆက်ပြောပါတယ်။

“ မြေယာပိုင်ဆိုင်ခွင့်က သူတို့ပြန်လာရင်နေဖို့ ဖားဆောင်းဖက်မှာတန်ဖိုးနည်းအိမ်ယာတွေကိုတည်ဆောက်ဖို့ အစီအစဉ်တွေရှိတယ်။”

Women for Women Foundation (WWF) အဖွဲ့ဒါရိုက်တာမရိုစီကျော်ကနေရပ်ပြန်အမျိုးသမီးတွေပြန်လည်အခြေချတဲ့အခါမှာဘဝ လုံခြုံမှုရှိအောင်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ပြောပါတယ်။

“ ခဏကပြောတဲ့အခက်အခဲတွေတော့အများကြီးပဲ။ တချို့ဆိုနေ့စားအနေနဲ့လိုက်လုပ်ရတာတွေရှိတယ်။ ပြီးလို့ရှိရင်သူတို့ နေသားမကျတဲ့ဟာတွေလည်းရှိတယ်ပေါ့နော။ စခန်းမှာအကြာကြီးနေခဲ့တဲ့အတွက်အခုပြန်လည်အခြေချတဲ့နေရာမှာ အခြားလူမှုပတ်ဝန်းကျင်အသိုင်းအဝန်းနဲ့သဟဇာတမဖြစ်ဖြစ်နေထိုင်ဖို့ခက်ခဲတယ်။ အလုပ်ရှာတဲ့နေရာမှာပဲဖြစ်ဖြစ်စားဝတ်နေရေး အပိုင်းမှာပဲဖြစ်ဖြစ်သူတို့နေသားမကျတဲ့ပတ်ဝန်းကျင်လိုမျိုး ဖြစ်နေတယ်ပေါ့နော။ အဲ့ဒီအတွက်အများကြီးပြန်စဉ်းစားပေးရမယ်။ ခဏကကျန်းမာရေးကိစ္စတွေ၊ရေရရှိမှုကိစ္စတွေဒါတွေက အမျိုးသမီးတစ်ယောက်အတွက်အရမ်းလိုအပ်တယ်ပေါ့။ အဲ့တော့သူတို့ပြန်လာတဲ့အပေါ်မှာ ပြန်လည်အခြေချတဲ့အပေါ်မှာ အစီအမံတွေလုပ်ပေးဖို့လိုတယ်။ အထူးသဖြင့်အမျိုးသမီးနဲ့ ကလေးပေါ့။”

ရှားတောမြို့နယ်မှာလူဦးရေ၇၇၀၀ရှိပြီးတော့အစိုးရကအညိုရောင်နယ်မြေလို့သတ်မှတ်ထားဆဲဒေသတစ်ခုလည်းဖြစ်ပါတယ်။ရှားတောမှာဆိုရင်မြန်မာ-ထိုင်းနယ်စပ်ကစစ်ဘေးရှောင်စခန်းမှပြန်လည်အခြေချနေထိုင်နေတဲ့ကယားလူမျိုးတွေအများစုနေထိုင်တဲ့ဒေသဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဒုက္ခသည်နေရပ်ပြန်တွေအတွက် နိုင်ငံတော်အဆင့်မဟာဗျူဟာကို ၂၀၁၃ ခုနှစ်မှာရေးဆွဲခဲ့ပါတယ်။ အဲ့ဒီဗျူဟာကိုအကောင်အထည်ဖော်မှုပိုင်းမှာအားနည်းနေတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံးအတွင်းရေးမှူး မော်ဖရေးမြာကပြောပါတယ်။

“ အစိုးရက၁၃၂၅ (ကုသလသမဂအဖွဲ့ဝင်နိုင်ငံတွေလိုက်နာရမယ့် ပဋိပက္ခတွေမှာအမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံးအတွက် အထူးထည့်သွင်းစဉ်းစားအကောင်အထည်ဖော်ဖို့ ချမှမှတ်ထားတဲ့ ကုလသမဂကလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် 1325) ကိုကောင်အထည်ဖော်ဖို့နိုင်ငံတော်အဆင့်မဟာဗျူဟာရေးဆွဲထားတာရှိပြီအမှန်ကဟိုး၂၀၁၃ကတည်းကရေးးဆွဲထားတာပေါ့နော။အမှန်ကအဲ့မှာကဒုက္ခသည်အရေးတောင်မပြောနဲ့ကျမဒီကျေးလက်နေအမျိုးသမီးတွေရဲ့လုံခြုံရေးကိုတောင်မှသူတို့ အားနည်းနေသေးတဲ့အပေါ်မှာအကယ်၍ဒီဒုက္ခသည်အနေနဲ့ကောဒီ၁၃၂၅ကိုအကောင်အထည်ဖော်လားလို့ပြောရင်ကျမအနေနဲ့ဆိုလို့ရှိရင်တော့ အကောင်အထည်မဖော်ဘူးပေါ့နော။အကောင်အထည်မဖော်တဲ့အပြင်ဒီလက်ရှိဒီလိုမျိုးဆွေးနွေးတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာဒုက္ခသည်ပြန်လည်နေရာချထားရေး ပြန်လည်ကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးအောက်မှာဆိုလို့ရှိရင်လည်းဘာတစ်ခုမှဆွေးနွေးမှုမရှိတဲ့ အောက်မှာအခြေအနေအခုသူတို့ပြန်လာတဲ့သူတွေအတွက်လည်းသူတို့ အကျိုးခံစားမှုတွေမရနိုင်ဘူးဆိုတဲ့ဟာကိုသုံးသပ်လို့ရတယ်ပေါ့နော။ ”

နေရပ်ပြန်ဒေါ်ပိုးမယ်

ဒုက္ခသည်စခန်းကပညာရေးစနစ်ဟာလည်း မြန်မာနိုင်ငံကပညာရေးစနစ်နဲ့ကွဲပြားမှုတွေရှိပါတယ်။ ဒုက္ခသည်စခန်းကနေနေရပ်ပြန်ရောက်တဲ့အချိန် ပညာရေးပိုင်းမှာလည်းအခက်အခဲတွေဖြစ်နေတယ်လို့ ၂၀၂၀ရွေးကောက်ပွဲမှာ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအနိုင်ရရှိထားတဲ့ မော်မိုးမြာကပြောပါတယ်။

“ သူတို့ရဲ့သားသမီးတွေကဒီကျောင်းအချိန်ပညာရေးမှာအခြားကလေးအခြားကျောင်းသားတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာအခက်အခဲတွေရှိနေသေးတယ်။ ပြီးပြန်လာတဲ့အချိန်ဆိုရင်လည်းကျောင်းတက်ချိန်နဲ့ တစ်ဝက်တစ်ပျက်ဖြစ်နေတယ်။ သူတို့က မြန်မာစကားအားနည်းတဲ့အတွက် မြန်မာပညာရေးကျောင်းမှာလာတက်တာသူတို့အတွက် အခက်အခဲဖြစ်နေတဲ့အပိုင်းတွေ စာလိုက်မမှီတဲ့အပိုင်းတွေ သူတို့ရဲ့ကလေးတွေခံစားနေရတဲ့အခက်အခဲတွေဖြစ်တယ်။ ”

ကရင်နီပြည်နယ်ကနေဒုက္ခသည်စခန်းကိုပြောင်းရွေ့ခဲ့ရတဲ့သူလေးသောင်းကျော်လောက်ရှိခဲ့ပြီးအခုချိန်မှာတော့ နှစ်သောင်းဝန်းကျင်သာကျန်ရှိပါတော့တယ်။ ကိုယ့်နေရပ်ကိုကိုယ့်အစီအစဉ် ကိုယ်နည်းကိုယ့်ဟန်နဲ့ပြန်ကြတာရှိသလိုတတိယနိုင်ငံကိုပြောင်းရွေ့သွားတဲ့သူတွေနဲ့ရှိပါတယ်။ အစိုးရအစီအစဉ်နဲ့ပြန်လာတဲ့သူတွေကတော့ အခုချိန်ထိတစ်ရာကျော်သာရှိပါသေးတယ်။

Comments

comments