ဒီမော့ဆိုမြို့မှာ ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့သွားတဲ့ Free Burma Ranger (Karenni) အဖွဲ့ဝင်တစ်ဦးကျဆုံးပြီး KPDF အဖွဲ့ဝင် ၃ဦးဒဏ်ရာရ

0
7140
Free Burma Ranger - Karenni

ကန္တာရဝတီတိုင်း(မ်)

ဒီမော့ဆိုမြို့မှာ စစ်ရှောင်ပြည်သူဒုက္ခသည်တွေကို ကယ်ဆယ်ဖို့သွားတဲ့ Free Burma Ranger – Karenni အဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ FBR – Karenni အဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို အတည်ပြုပြောပါတယ်။

“အဓိကကတော့ Free Burma Ranger အဖွဲ့ဝင်တစ်ဦးဖြစ်တယ်ပေါ့နော ကျတော်တို့နဲ့အတူ ဒီမော့ဆိုမှာရှိတဲ့ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့သွားရင်း လမ်းမှာတိုက်ပွဲဖြစ်ရင်း ကျသွားတာပေါ့။ ဒေါငံခါးလမ်းခွကနေ တံတားဖြူတံတားနားမှာ တိုက်ပွဲဖြစ်တယ်ပေါ့ အဓိကကတော့ အဲ့မှာ စစ်တပ်ကနေပြီးတော့ ကင်းလှည့်တာလား ရိက္ခာတွေလိုက်ယူနေတာလားမသိဘူး တစ်အိမ်တက်တစ်အိမ်ဆင်းလုပ်နေတာတွေ့ရတယ်ပေါ့။ အဲ့မှာ ကျတော်တို့အဖွဲ့နဲ့ ထိပ်တိုက်တိုးတာပေါ့ တိုးရင်းနဲ့ ပစ်ခတ်ရင်းနဲ့ ကျတော်တို့လူတစ်ယောက်နဲ့အတူ PDF အဖွဲ့ဝင် သုံးယောက်လောက်ဒဏ်ရာရမယ်လို့ ယူဆရတယ်။ လောလောဆယ် ကျတော်တို့တော့ တစ်ယောက်ပဲတွေ့သေးတယ် နှစ်ယောက်ကိုလိုက်ရှာနေသေးတယ်” လို့ ၎င်းကပြောပါတယ်။

Free Burma Ranger – Karenni

ကျဆုံးသွားသူမှာ All Lo Sein(Olson) အမည်ရှိသူဖြစ်ပြီး အသက် ၂၀ကျော်အရွယ်ရှိသူဖြစ်ပါတယ်။

ဒီမော့ဆိုမြို့မှာ နေ့ခင်း ၁၁နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေပစ်ခတ်မှုရှိခဲ့ပြီးနောက် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ၁နာရီခွဲအကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

‘’ပစ်ခတ်မှုကတော့ နည်းနည်းပြင်းထန်တယ် ကျတော်တို့ဖက်လက်နက်က တူမီးတွေ မောင်းပြန်တွေမပါဘူးပေါ့နော ဒါပေမယ့် ဟိုဖက်ကတော့ ကျတော်တို့ကို ၇၉တွေနဲ့လည်းပစ်တယ် လက်နက်ကြီးတွေနဲ့လည်း ပစ်တယ် ဆက်တိုက်ပစ်တယ်။ ကျတော်တို့အခြေအနေသိပ်မဟန်တော့ ပြန်ဆုတ်လိုက်ရတယ်။ ၃ဦးကတော့ အခြေအနေ နည်းနည်းစိုးရိမ်ရတယ်ပေါ့နော ကျလားမကျလားမသိသေးဘူး နှစ်ဦးကတော့ လိုက်ရှာနေတုန်းပေါ့ ’’ လို့ မြေပြင်မှာရောက်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မေလ ၂၇ ရက်နေ့မှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီ တို့က တွေ့တဲ့နေရာမှာ ပစ်ခတ်ကြတဲ့အခြေအနေဖြစ်ပြီး စစ်ကောင်စီဖက်က နေ့စဉ် မြို့တွင်းရပ်ကွက်တွေမှာ လက်နက်ကြီးနဲ့ပစ်ခတ်နေတာဖြစ်ပါတယ်။