spot_img
Homeသတင်းတော်လှန်ရေးထိန်းချုပ်နယ်မြေမှာ မီဒီယာလွတ်လပ်ခွင့် အားနည်းနေတယ်လို့ အသံအဖွဲ့ရဲ့ သုတေသနဆို

တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ မီဒီယာလွတ်လပ်ခွင့် အားနည်းနေတယ်လို့ အသံအဖွဲ့ရဲ့ သုတေသနဆို

-

ကန္တာရဝတီတိုင်း (မ်)

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ ထိန်းချုပ်နယ်မြေမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အားနည်းနေတယ်လို့ အသံ အဖွဲ့ရဲ့ အောက်တိုဘာ ၃၀ ရက်နေ့ထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာမှာ ပြောပါတယ်။

သုတေသနအရ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေမှာ ဝေဖန်ထောက်ပြမှုတွေကို တုံ့ပြန်တဲ့အခါ အမိန့်နဲ့ ကန့်သတ်ချက်တွေကို ထုတ်ပြန်တာ၊ ဖမ်းဆီးထိန်းသိမ်းတာ၊ ခြိမ်းခြောက်တာ၊ အွန်လိုင်းပေါ်မှာ တိုက်ခိုက်တာ နဲ့ ဒလန် လို့စွပ်စွဲခံရမှာကို သတင်းမီဒီယာတွေက စိုးရိမ်နေကြတယ်လို့ ပြောထားပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှာ သတင်းထောက်တစ်ဦး ဖမ်းဆီးခံရတာ၊ ရခိုင်ပြည်နယ်မှာ သတင်းထောက်တစ်ဦး ဖမ်းဆီးခံရတာနဲ့ ကချင်ပြည်နယ်မှာ သတင်းသမားတစ်ဦး ခေါ်ယူစစ်ဆေးခံရတဲ့ ဖြစ်စဥ်တွေရှိခဲ့တယ်လို့လည်း ပြောထားပါတယ်။

သတင်းမီဒီယာလွတ်လပ်ခွင့် အားနည်းနေသလို ပြည်သူလူထုတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကလည်း အားနည်းနေတယ်လို့ဆိုပါတယ်။ အခုလိုဖမ်းဆီးထိန်းသိမ်းမှုတွေကြောင့် သတင်းမီဒီယာနဲ့ ပြည်သူလူထုတို့ကြား မိမိကိုယ်ကို ဆင်ဆာဖြတ်တောက်နိုင်ဖွယ်ရှိတယ်လို့လည်း သုတေသနက ဆိုထားပါတယ်။

ကရင်နီပြည်က ထိန်းချုပ်နယ်မြေတွေမှာတော့ သတင်းမီဒီယာကို ဖမ်းဆီးချုပ်နှောင်တာမရှိပေမယ့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကတော့ အနည်းနဲ့အများ ကန့်သတ်ခံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီး သတင်းထောက်တစ်ဦးက အခုလိုပြောပါတယ်။

“ကျမတို့မှာ ပဋိပက္ခကာလ ရှည်ကြာလာတာနဲ့အမျှ သတင်းထုတ်လုပ်မှုဆိုင်ရာမှာ ကန့်သတ်ချက်တွေ အများကြီးနဲ့ ကြုံလာရပါတယ်။ တဖက်မှာ သတင်းပေးတဲ့လူရဲ့ လုံခြုံရေးအတွက် စဥ်းစားပေးရသလို တဖက်မှာလည်း ကျမတို့ သတင်းထောက်တွေရဲ့ လုံခြုံ‌‌ရေးအတွက် စဥ်းစားပြီးတော့ သတင်းအချက်အလက်တွေကို ဆင်ဆာလုပ်ပစ်ရပါတယ်။ ဒါက ကျမတို့ပြည်နယ်တခုထဲမှာပဲ ကြုံနေရတယ်လို့လည်း မထင်ပါဘူးရှင့်” လို့ အမျိုးသမီးသတင်းထောက် တစ်ဦးကပြောပါတယ်။

တဖက်မှာလည်း အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှု တို့မှာလည်း စိုးရိမ်ဖွယ်ရာ အားနည်းချက်ရှိနေတယ်လို့ အသံရဲ့ အစီရင်ခံစာက ပြောထားပါတယ်။

အဆိုပါ အစီရင်ခံစာက တော်လှန်ရေးထိန်းချုပ်နယ်မြေတိုင်းကို ဆိုလိုတာမဟုတ်ဘဲ သုတေသနမှာပါဝင်ဖြေဆိုထားသူတွေရဲ့ အသံနဲ့ နယ်မြေ ဒေသအုပ်ချုပ်ရေးအမိန့်တွေ၊ သတင်းဖော်ပြချက်၊ အစီရင်ခံစာနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် တွေအပေါ်အခြေခံပြီး သုတေသန ပြုစုထားခြင်းဖြစ်တယ်လို့ တပါတည်း ရှင်းလင်းပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ