spot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းမှာ ဒေသထွက်ကုန်စိမ်း စိုက်ခင်းတချို့ ပိုးကျပြီး အထွက်နှုန်းနည်း

ဒီးမော့ဆိုအနောက်ခြမ်းမှာ ဒေသထွက်ကုန်စိမ်း စိုက်ခင်းတချို့ ပိုးကျပြီး အထွက်နှုန်းနည်း

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ဒေသထွက်ကုန်စိမ်း စိုက်ပျိုးတဲ့ တောင်သူတွေရဲ့ စိုက်ခင်းတချို့မှာ ပိုးကျမှုများပြီး သီးနှံအထွက်နှုန်း လျော့နည်းတယ်လို့ တောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ဒီနှစ်မှာ အပူချိန်မြင့်တက်တာ၊ မိုးရွာသွန်းမှုပုံစံ မမှန်တာတွေကြောင့် မြေကြီးကွဲအက်ပြီး ခြောက်သွေ့လာသလို ပိုးကျမှုလည်း ပိုများလာတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးနဲ့ ဂေါ်ဖီထုပ်စိုက်ခင်းတွေမှာ ပိုးကျမှုကြောင့် သီးနှံပျက်စီးတာနဲ့ အထွက်နှုန်းလျော့နည်းတာတွေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

“ပိုးလည်း ပိုဖြစ်တယ် ဒီနှစ်။ တအားပူတယ်။ အရင်တနှစ်က ပိုးမဖြစ်ဘူး ခုချိန်ဆို။ ရာသီဥတုနဲ့ ဆိုင်လားမသိဘူး။ မြေပိုခြောက်လာတယ်။ မြေပိုခြောက်လည်း ပိုးပိုဝင်တယ်” လို့ တောင်သူအမျိုးသားတဦးက ပြောပါတယ်။

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်က အရှေ့တောင်အာရှ ဒေသတွေမှာလည်း သက်ရောက်လာနိုင်ပြီး အပူချိန်လွန်ကဲတာ၊ ရေအရင်းအမြစ် လျော့နည်းလာတာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

ဒီနှစ်မှာတော့ ခရမ်းချဉ်သီးအထွက်နှုန်း သိသိသာသာကျဆင်းလာသလို စိုက်ပျိုးစရိတ် ပိုမိုကုန်ကျပြီး အရင်နှစ်ထက် သီးနှံထွက်ရှိမှု ထက်ဝက်ခန့်သာ ရရှိတယ်လို့ တောင်သူအမျိုးသားတဦးက ပြောပါတယ်။

“ဒီနှစ်က စရိတ်လည်း ပိုကုန်တယ်။ သီးတာလည်း သိပ်မသီးဘူးကော ဒီနှစ်က။ အရင်နှစ် ဒီလောက်လုပ်ရင် အချိန် (၉၀၀) အဲ့လောက်ထိ ထွက်တယ်ပေါ့နော် အိတ် (၃၀) ပေါ့။ ဒီနှစ်ကတော့ တဝက်ပဲ ရတာပေါ့” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ခရမ်းချဉ်သီး ဖောက်သည်ဈေး တပိဿာကို ၂,၅၀၀ ကျပ်ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၂,၀၀၀ ကျပ်သာ ရရှိတယ်လို့ သိရပါတယ်။ သီးနှံအထွက်နှုန်း လျော့နည်းတာ၊ ပိုးကျမှုများပြားတာနဲ့ ဈေးနှုန်းကျဆင်းတာတွေကြောင့် ခရမ်းချဉ်သီးစိုက်တောင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ