spot_img
Homeသတင်းစစ်အစိုးရထိန်းချုပ်ထားတဲ့ ကရင်နီနယ်မြေမှာ ၂ နှစ်အတွင်း ခိုးမှု ၄ မှုသာ အရေးယူနိုင်

စစ်အစိုးရထိန်းချုပ်ထားတဲ့ ကရင်နီနယ်မြေမှာ ၂ နှစ်အတွင်း ခိုးမှု ၄ မှုသာ အရေးယူနိုင်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်အတွင်း စစ်အစိုးရထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ၂ နှစ်နီးပါးအတွင်း ခိုးမှုနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ထားတဲ့ အမှု ၄ မှုသာရှိတယ်လို့ အာဏာသိမ်းစစ်အစိုးရခန့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့မှာ ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ
ဒီးမော့ဆိုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မော်မော်ခိုင်က ခိုးရာပါပစ္စည်းတွေ လက်ဝယ်ထားရှိခြင်းနဲ့ ရောင်းဝယ်ခြင်းကို ထိရောက်စွာ အရေးယူပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ ဒေသခံတွေရဲ့ နေအိမ်၊ ခြံဝန်းတွေမှာ သွပ်အပါဝင် တံခါးကိုပါဖြုတ်ယူသွားတဲ့အဆင့်ထိ ဖြစ်လာပြီး ရပ်ကွက်အတွင်းက ဆိုင်တွေမှာ ခိုးရာပါပစ္စည်းတွေကို တရားဝင်ရောင်းချခွင့်ရှိသလို ပေါ်ပေါ်ထင်ထင် ရောင်းချလာကြတယ်လို့ ဆိုပါတယ်။ ဝယ်လိုအားကောင်းနေမှုက ရောင်းလိုအား မြင့်တက်မှုကို ဖြစ်စေတာကြောင့် ထပ်မံခိုးယူမှုကို တွန်းအားပေးနေတယ်လို့လည်း ပြောပါတယ်။

အဲဒီမေးခွန်းကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာမှာ ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်မှာ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အရေးယူဆောင်ရွက်ခဲ့တဲ့ အမှု ၃ မှုရှိပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပုဒ်မ ၃၇၉ နဲ့ အရေးယူဆောင်ရွက်ခဲ့တဲ့ အမှု ၁ မှုရှိကြောင်း ပြောပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ လူနေအိမ်၊ တဲ၊ ပစ္စည်းသိုလှောင်ရာ သို့မဟုတ် ပစ္စည်းထိန်းသိမ်းထားတဲ့ အဆောက်အအုံအတွင်း ခိုးယူမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ ပုဒ်မ ၃၇၉ ကတော့ သာမန်ခိုးမှုအတွက် ပြဋ္ဌာန်းထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။

ဒါပေမဲ့ အဲဒီအမှုတွေကို ကရင်နီပြည်က ဘယ်မြို့နယ်တွေမှာ အရေးယူဆောင်ရွက်ခဲ့တယ်ဆိုတာကိုတော့ ထည့်သွင်းဖြေကြားခဲ့ခြင်း မရှိပါဘူး။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မြို့နေလူထုအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။ အဲဒီနောက် ကျန်ရစ်ခဲ့တဲ့ နေအိမ်တွေက ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံရမှု များပြားလာခဲ့ပါတယ်။ ဒေသခံအများစုကတော့ ပြန်လည်နေထိုင်ကြပေမယ့် အာဏာသိမ်းစစ်အစိုးရလက်အောက်ခံ ရဲစခန်းတွေကို ယုံကြည်မှုမရှိတာကြောင့် သွားရောက်တိုင်ကြားမှု မရှိသလောက်နည်းပါးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပြန်လာတဲ့အချိန်ဆို တစ်အိမ်လုံး ပြောင်ပဲ။ ပစ္စည်းတွေ ဘာတစ်ခုမှ မရှိတော့ဘူး။ မီးကြိုးတွေကအစ ဖြုတ်သွားတာ။ သစ်တွေ၊ ထိုင်ခုံ၊ စားပွဲခုံ သုံးလို့ရတာ အကုန်ခိုးယူသွားတာ။ ဒီလိုမျိုးက တစ်ယောက်တည်း ခိုးကြတာမဟုတ်ဘူး။ အုပ်စုလိုက်ခိုးပြီး ရရာဈေးနဲ့ ပြန်ရောင်းကြတယ်။ တစ်ခုက အိမ်ရှင်တွေလည်း ခိုးခံရတာကို တကူးတကကြီး သွားမတိုင်တော့ဘူး။ ယန္တရားမှမရှိတာ။ ရဲစခန်းသွားတိုင်လည်း မထူးဘူးပေါ့။ စာရင်းထဲပဲ ဝင်သွားမယ်။ ပစ္စည်းပြန်ရမှာလည်း မဟုတ်ဘူး။ ခိုးတဲ့သူတွေကို ဖမ်းမိမှာလည်း မဟုတ်တာ” လို့ လွိုင်ကော်ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်အစိုးရဟာ လွိုင်ကော်မြို့တွင်း၊ ဘောလခဲမြို့တွင်းနဲ့ ဖရူဆို၊ ဒီးမော့ဆိုမြို့နယ်တွေက မြို့တွင်းနေရာတချို့မှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပါတယ်။ ပြည်သူလူထုအများဆုံး နေထိုင်ကြတဲ့ လွိုင်ကော်မြို့တွင်းမှာတော့ အုပ်စုလိုက်ခိုးယူသူတွေ ရှိနေဆဲဖြစ်ပြီး ထိရောက်တဲ့ ဖမ်းဆီးမှု၊ အရေးယူဆောင်ရွက်မှု အားနည်းနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ