spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

အခြေခံစားသောက်ကုန်နဲ့ လောင်စာဆီပြတ်လပ်နေပြီး အခက်အခဲကြုံနေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းရှိ ဖရူဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ မယ်စဲ့မြို့၊ မော်ချီးဒေသတွေမှာ လက်ရှိအခြေအနေအရ အခြေခံစားသောက်ကုန်နဲ့ စက်သုံးလောင်စာဆီပြတ်လပ်နေပြီး အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

လွိုင်ကော်မြို့မှာ အခြေခံစားသောက်ကုန်၊ ရိက္ခာ၊ အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး စတာတွေကို လာရောက်ဝယ်ယူရသလို ဒီမော့ဆိုမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားတဲ့ချိန်ကစပြီး ကုန်တင်ယာဉ် သွားလာမှုနည်းပါးခဲ့တာကြောင့် ကုန်စျေးနှုန်းတွေ စတက်ခဲ့တယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

မော်ချီးဒေသခံတစ်ဦးက “လမ်းပန်းဆက်သွယ်ရေးပဲအရင်ပြောရမှာပေါ့ လမ်းပန်းဆက်သွယ်ရေးကတော့ တိုက်ပွဲစဖြစ်တဲ့နေ့ကစပြီးတော့ ကားတွေကြပ်သွားတယ်ပေါ့။ ဘယ်လိုဖြစ်ကုန်လဲဆိုရင် ပြည်သူလူထုတွေ ဒေသခံတွေကတော့ သူ့ဟာနဲ့သူတော့အဆင်ပြေကြတယ် ဒါပေမယ့် ရွေ့ပြောင်းလုပ်သားတွေတော့အဆင်မပြေဘူး။ သူတို့က စားစရာသောက်စရာတော့ ဝယ်ထားတာနည်းတယ်ပေါ့ ဒေသခံတွေက သူ့ဟာနဲ့သူ စားစရာသောက်စရာတော့ရှိနေကြတယ်။ ရွေ့ပြောင်းလုပ်သားတွေပဲ နည်းနည်းစိုးရိမ်ရတယ်ပေါ့။ကုန်ပစ္စည်းတွေပြတ်သွားတာပေါ့ အဓိကကတော့ စားစရာ ဆန် ဆီ ဆား အခြေခံစားသောက်စရာတွေပေါ့ ပြီးတော့ စက်သုံးဆီတွေ ဟိုမှာက ဆိုင်ကယ်တွေပဲ အဓိကစီးတော့ ဓတ်ဆီပေါ့နော အဲလိုတွေ” လို့ လက်ရှိအခြေအနေကိုပြောပါတယ်။

မေလ နောက်ဆုံးပတ်ကစပြီး အခြေခံစားသောက်ကုန်တွေဈေးမြှင့်တက်ခဲ့သလို လက်ရှိမှာလည်း ကုန်ပစ္စည်း၊ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေတာကြောင့် အချို့ဆိုင်တွေမှာ ရောင်းစရာမရှိတော့ဘူးလို့ သိရပါတယ်။

မေလ ၃၀ရက်နေ့မှာ လွိုင်ကော်၊ ဒီမော့ဆိုမြို့ကနေ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့ ကို ဖြတ်သွားရတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က တံတား ၂စင်း ပျက်စီးသွားတဲ့အတွက် သွားလာရေး ပိုမိုခက်ခဲသွားတယ်လို့ သိရပါတယ်။

“အခုပိုးဆိုးသွားတာက တံတားပျက်သွားတယ်လေနော တံတားတွေပျက်သွားတော့ ပိုဆိုးသွားတယ်။ အရင်က သူတို့ဘယ်လိုစီစဉ်ထားလဲဆိုရင် အရင်ကသွားလို့မရရင်တောင်မှ သူတို့တွေစီစဉ်ထားတာက တစ်ပတ်တစ်ခေါက်ဖြစ်ဖြစ် တစ်လဆိုဘယ်နှစ်ခေါက်တို့ စီစဉ်ထားတာတော့ရှိတယ် ဘယ်နှစ်ခေါက်သွားသယ်မလဲ ဂိတ်တွေ သက်ဆိုင်ရာဌာနတွေနဲ့ အဖွဲ့အစည်းတွေနဲ့ညှိပြီးတော့ပေါ့နော ပစ္စည်းတွေမပြတ်အောင်ပေါ့နော အဲ့မျိုး သူတို့စီစဉ်ထားတယ်။ ဒါပေမယ့် အခုက တံတားလည်းပျက်သွားတော့ ဘယ်လိုမှစီစဉ်လို့ မရတော့ဘူးပေါ့နော” လို့ အဆိုပါ မော်ချီးဒေသခံက ပြောပါတယ်။

အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး၊ ခရမ်းချဉ်သီး၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် အပြင် မီးဖိုချောင်သုံးပစ္စည်းကို ဝယ်လို့မရတော့ဘဲ ကွမ်းတစ်ပိဿာ ၂၅၀၀၀ကျပ်၊ ဆန်တစ်အိတ် အနည်းဆုံး ၄သောင်းနီးပါးကနေ တစ်သိန်းထိ၊ ဓတ်ဆီတစ်လီတာ ၅ထောင်၊ ဖုန်းဘေတစ်ထောင်တန်ကို ၁၅၀၀ စတဲ့ ဈေးနှုန်းမြှင့်တက်မှု၊ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

ဖားဆောင်းမြို့ဒေသခံတစ်ဦးက “ အာဏာသိမ်းပြီးရက်ကတည်းက ဒီဖက်ကအေးဆေးပဲ ကယားပြည်နယ်မှာ ဖားဆောင်းအခြေအနေက အရင်တုန်းက ဆန္ဒပြတာတွေရှိတယ် ဒီမော့ဆိုတို့ ဖရူဆို လွိုင်ကော်တို့လိုတော့ မရှိဘူး တခြားကိစ္စတော့အေးဆေးပါပဲ။ စားသောက်ကုန် ပြတ်တာတစ်ခုပဲ ကြာလာတော့ မရဘူး ပြည်သူတွေအကုန်လုံးဒုက္ခနဲ့ပေါ့ အဲဒါပဲရင်ဆိုင်ရမှာပဲ ဝယ်လို့မှမရတော့တာကို” လို့ ပြောပါတယ်

လူမှုကူညီရေးအသင်းတွေလည်း လူနာတင်ယာဉ်အတွက် လောင်စာဆီပြတ်လတ်နေတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ကနေ တစ်နာရီသာသွားရတဲ့ ဖရူဆိုမြို့မှာလည်း လျှပ်စစ်မီးပျက်တာ ဆယ်ရက်ကျော်ရှိနေပြီး ဖယောင်းတိုင်အပြင် အခြေခံစားသောက်ကုန်တွေ တစ်ဆိုင်မှ ဝယ်လို့မရတော့ဘူးလို့ သိရပါတယ်။

“ရောင်းစရာကိုမရှိတော့တာ လူတွေကအကုန်ဝယ်သွားတာလေ တချို့တတ်နိုင်တဲ့သူတွေက တစ်ဆိုင်စီကနေ ဆန်ဆယ်အိတ်ရှိရင် ဆယ်အိတ်လုံးဝယ်သွားတယ်တဲ့။ တချို့ဆို ဆန် ၄၊ ၅ ပြည်ဝယ်စားတာတို့ ၁၀ပြည်လောက်ဝယ်စားတာမျိုးဆိုရင် ပြန်သွားဝယ်ရင် ဝယ်စရာကိုမရှိတော့တာ။ ဘယ်ဆိုင်ဖြစ်ဖြစ် ပစ္စည်းမရှိတော့ဘူး ကော်ဖီမစ်တောင်မရှိတော့ဘူး အဲလိုမျိုးဖြစ်နေတာ။ ဖရူဆိုက ဆိုင်နည်းတယ် အဓိက ဈေးနေ့တွေမှာလာရောင်းတဲ့ ပစ္စည်းတွေကို ရွာတွေက ဆင်းဝယ်တာလေ။ အခု ဈေးက ၃စျေးရှိသွားပြီပေါ့နော ၅ရက်တစ်ဈေးလေ အမတို့ဖရူဆိုက အခု ၃ ဈေးရှိသွားပြီ ဈေးနေ့ ဈေးတွေလည်းမဖွင့်တော့ဘူး ဈေးသည်လည်းမလာတော့ဘူးဆိုတော့ အဲ့ဆိုင်တွေပဲ ရွာကလာဆင်းဝယ်တာဆိုတော့။ ဘာပစ္စည်းမှမရှိတော့တာ ဖယောင်းတိုင်လုံးဝမရှိတော့ဘူး မီးပျက်တာ ၁၃ရက်ရှိပြီ ဖယောင်းတိုင်လည်းဝယ်လို့မရဘူး ဒီအတိုင်း အမှောင်ထဲမှာပဲ မီးတုတ်နဲ့ ဟိုး..တောခေတ်တုန်းကလိုပြန်နေရပြီ” ဖရူဆိုမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မေလလယ်လောက်ကစပြီး ပြည်နယ်အတွင်းပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ အသွားအလာနည်းပါးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သွားလာမှုရပ်ဆိုင်းသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မေလ ၂၈ရက်နေ့မှစပြီး ကယားပြည်နယ်အတွင်း ဝင်ရောက်မယ့် အဝင်အထွက်လမ်းတွေကို စစ်ကောင်စီက ပိတ်ထားလိုက်တာကြောင့် ကုန်သွယ်မှုပိုမိုခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

“ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေးကို ပြန်ပြီးဖွင့်ပေးစေချင်တယ် အမတို့ဖရူဆို ဆိုရင် ဘားမှဝယ်လို့မရဘူး။ စားသောက်ကုန်တွေ အခြေခံသုံးတဲ့ဟာတွေ အခုမီးလည်းမလာဘူး ဖယောင်းတိုင်လည်းမရှိဘူးပေါ့နော။ အဲလိုဆိုတော့ ဒီမော့ဆို၊ လွိုင်ကော်မှာ ဈေးတွေတက်ဝယ်လို့ရအောင် လမ်းပန်းဆက်သွယ်ရေးပေါ့ တံတားပျက်နေလည်း နည်းနည်းပါးပါးပြင်ပြီးတော့ ကားတွေပေးဖြတ်စေချင်တာပေါ့’’ လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

spot_img
spot_img

Recent posts