Monday, September 20, 2021

နာနတ်တောရပ်ကွက်အတွင်း အဝင်အထွက်လမ်းများကို ကိုဗစ် စိစစ်ရေးဂိတ်ပြုလုပ်ထား

ဓါတ်ပုံ – CJ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ နာနတ်တောရပ်ကွက်နေ ပြည်သူတို့မှ ရပ်ကွက်အဝင်အထွက်ရှိ လမ်းနေရာများကို ကိုဗစ်ရောဂါ မဖြစ်ပွားရေး ကြိုတင်ကာကွယ်ဖို့အတွက် ကိုယ်ထူကိုယ်ထ ကိုဗစ်စိစစ်ရေးဂိတ်ပြုလုပ်ပြီး လမ်းသွားပြည်သူကို ကိုယ်အပူချိန်တိုင်းပေးခြင်းကို ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်ပြီး ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ပြောမယ်ဆိုရင် နာနတ်တောရပ်ကွက်ကိုဖြတ်တဲ့လမ်းကလည်း မြို့ရှောင်လမ်းကြီး ဖြစ်နေတယ်ပေါ့။ အဓိကဖြစ်နေတဲ့အတွက်ကြောင့်မလို့ ရပ်ကွက်ကနေ ကျော်သွားလို့ရှိရင်လည်း မြို့ထဲရောက်ကုန်မယ် အခြားရပ်ကွက်ရောက်ကုန်မှာပေါ့နော အဲ့ဒါကြောင့်မလို့ ကျတော်တို့ ဒီရည်ရွယ်ချက်နဲ့ လုပ်ရခြင်းဖြစ်တယ်ပေါ့။ နောက်တစ်ခုက ကျတော်တို့ ရပ်ကွက်နေ စစ်ရှောင်သွားတဲ့သူ အများကြီးရှိတယ်ပေါ့နော တခြားနေရာဒေသမှာစစ်ရှောင်သွားနေတဲ့သူ လနဲ့ချီပြီး နေတဲ့သူအများကြီးရှိတယ်ပေါ့။ အဲ့လူတွေကလည်း ပြန်လာမယ်ဆိုရင်လည်း ဘုမသိ ဘမသိဘဲဆိုရင် အပြင်ကနေ အဖျားတွေပါလာမလား ကိုဗစ်ရှိမလား ဒါလေး သံသယဖြစ်စရာ ဖြစ်တယ်ပေါ့။ အဲ့ဒါကြောင့်မလို့ ဒီဟာကို ကြိုတင်ကာကွယ်ထိန်းချုပ်ချင်လို့ ကျတော်တို့ရပ်ကွက် အဝင်အထွက်ပေါက်တွေကို စိစစ်ရေးဂိတ် ပြုလုပ်ခြင်းဖြစ်တယ်ပေါ့နော။” လို့ နာနတ်တောဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့မှာ ကိုဗစ်ပိုးတွေ့ရှိသူ များလာတဲ့အတွက် ထပ်မံမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ပြင်ဆင်တဲ့အနေနဲ့ ဆောင်ရွက်ထားတာဖြစ်ပြီး ဇူလိုင်လ ၁၆ရက်နေ့ကနေစပြီး နာနတ်တောရပ်ကွက်အတွက် အရေးပေါ်ကျန်းမာရေးကိစ္စမှလွှဲ၍ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ည (၁၀း၀၀)နာရီမှ နံနက် (၄း၀၀)အထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားမယ်လို့ သိရပါတယ်။

နာနတ်တောရပ်ကွက် အဝင်အထွက် ဂိတ်ပေါက် ၇ ခုမှာ ကျန်းမာရေးအကူ နှစ်ဦး၊ လူငယ်နှစ်ဦး၊ ရပ်မိရပ်ဖလူကြီးတစ်ဦး စသဖြင့် ဂိတ်တစ်ခုမှာ လူဦးရေ ၅ယောက်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး
အပူချိန်တိုင်းတာပြီး သံသယရှိတဲ့ သူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ဆက်လက်ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“ကျတော်တစ်ခုပြောချင်တာကတော့ အခုမှ လုပ်တတ်တဲ့သူ စီမံတတ်တဲ့သူ ကျွမ်းကျင်တဲ့ ပညာရှင်တွေမပါဘဲ ကိုယ့်ဘာသာကိုယ် လုပ်မှရမယ်ဆိုတဲ့ အတွေးနဲ့ လုပ်တဲ့ခါကျတော့ နည်းနည်းလွဲချော်မှုတွေ ဖြစ်နေတယ်ပေါ့နော။”လို့ သူက ဆက်ပြောပါတယ်။

ဝါးတားဂိတ်ဟာ ရပ်ကွက်အတွင်း ကိုယ်ထူကိုယ်ထ လုပ်ဆောင်တာဖြစ်တဲ့အတွက် လိုအပ်တဲ့ ကျန်းမာရေးအကာအကွယ်ဝတ်စုံ၊ လက်အိတ်၊ ခြေအိတ်၊ လက်သန့်ဆေးရည်၊ Mask(နှာခေါင်းစည်း) လုံလုံလောက်လောက်မရှိဘူးလို့ စေတနာ့ဝန်ထမ်းလူငယ်တွေက ပြောပါတယ်။

“Mask ကမ်ပိန်းလည်းလုပ်တယ် အပူချိန်တိုင်းတာလည်းလုပ်ရတဲ့အခါမှာ ပြည်သူတွေကို တားပြီးမှလုပ်ရတဲ့အတွက် တချို့ပြည်သူတွေ သိပ်နားလည်မှုမရှိဘူးပေါ့နော။ တစ်ခါတလေဆို ဘားမှပြန်မပြောဘဲနဲ့ စိတ်တိုတိုနဲ့ ပြောသွားတဲ့ဟာမျိုးတွေ အခက်အခဲမျိုးတွေနဲ့ ကြုံတွေ့နေရတယ်ပေါ့နော။ တကယ်တမ်း မလုပ်တော့ဘူးဆိုတော့လည်း လုပ်သင့်တယ်ပေါ့နော။ အခုကိုဗစ်ကလည်း အရမ်းဆိုးနေတဲ့အတွက် လုပ်ကိုလုပ်သင့်တယ် ပြည်သူဖက်နေကြည့်ရင်လည်း ပြောစရာတော့ ဖြစ်တယ်ပေါ့နော မြို့အစွန်မဟုတ်ဘဲ ရပ်ကွက်ထဲလုပ်နေတဲ့ အတွက်ကြောင့်ပေါ့နော။” လို့ လူငယ်တစ်ဦးက ပြောပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁၅ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ ( ၁၂၃)ဦး၊ ဖရူဆိုမြို့မှ ၅ ဦး၊ ဘောလခဲမြို့မှ ၈ ဦး၊ ဖားဆောင်းမြို့မှ တစ်ဦး၊ စုစုပေါင်း ပိုးတွေ့ရှိသူ (၁၃၇) ဦးရှိပြီး သေဆုံးသူ ၄ ဦးထိ ရှိလာပြီ ဖြစ်ပါတယ်။

More from the blog

ဆေးဝါး၊ ရိက္ခာသယ်ယူတဲ့ စေတနာ့ဝန်ထမ်းကား သေနတ်ပစ်ခံရ

ကန္တာရဝတီတိုင်း(မ်) စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါး၊ ရိက္ခာသွားယူပြီး လွိုင်ကော်မြို့မှ ဒီမော့ဆိုမြို့ဖက်သို့ ပြန်လာတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးရဲ့ကား ဒီကနေ့ (စက်တင်ဘာလ ၁၇ ရက်နေ့ ) နံနက်ပိုင်းမှာ သေနတ်နဲ့ အပစ်ခံရတယ်လို့ ဒီမော့ဆိုမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီတပ်မတော်မှတပ်ကြပ်ကြီးတစ်ဦး ကျဆုံး

ကန္တာရဝတီတိုင်း(မ်) ယမန်ညက ဒီမော့ဆိုမြို့နယ် ဒေါပိုးစီနဲ့ ၆ မိုင်ကျေးရွာအနီးတစ်ဝိုက်မှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပူးပေါင်းပြီး အကြမ်းစစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကရင်နီတပ်မတော်မှ တပ်ကြီးကြီးအဆင့်ရှိသူ တစ်ဦး...

စစ်ကောင်စီက စစ်ကြောင်းထိုးရင် ဖမ်းဆီးခံရသူများ ပြန်လွှတ်သူ မရှိသေး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးရင်းဖမ်းသွားတဲ့သူ ဩဂုတ်၂၇ရက်နေ့ကနေ စက်တင်ဘာလ၈ရက်နေ့အတွင်း ၂၅ဦး ရှိနေပြီး ပြန်လွှတ်လာတဲ့သူ မရှိသေးဘူးလို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဦးဗညားထံက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း...

တစ်ပြည်နယ်လုံးကို စစ်မျက်နှာဖွင့်ပြီး အကြမ်းဖက်စစ်ကောင်စီကို ချေမှုန်းသွားမယ်လို့ KNDF ပြော

ကန္တာရဝတီတိုင်း(မ်) ကရင်နီတစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ပြီး စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က ဒီကနေ့ စက်တင်ဘာလ ၁၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အခုလို ထုတ်ပြန်တာနဲ့...