Monday, November 29, 2021

စစ်မီးကြားက စစ်ရှောင်တွေရဲ့ သောကမီး

ကန္တာရဝတီတိုင်း(မ်)

“အရင်တစ်ခေါက်တုန်းက ပထမဆုံးတစ်ခေါက်တုန်းက ကြိုတင်ပြင်ဆင်မှုတော့ မရှိဘူး။ နောက်ပိုင်းမှာတော့ ထပ်လာမှာပဲဆိုပြီးတော့ တောထဲမှာ တဲဆောက်ထားကြတာပေါ့။ တဲဆောက်ပြီးတော့ ရိက္ခာပါပါ ပို့ထားကြတာပေါ့။ နောက်ကျ ထပ်ဖြစ်လာရင် စားဖို့သောက်ဖို့ က ရှိပြီးသားပေါ့ ကိုယ်ပိုင် စုကြတာပေါ့။”

ဒါကတော့ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးဘက်က စစ်ရှောင်တွေထဲက တယောက် ပြောတဲ့ စကားပါ။ ကရင်နီပြည်နယ်က စစ်ရှောင်ပြည်သူတွေမှာ အတွေ့အကြုံတွေ ရှိလာပြီဆိုပေမယ့် အခက်အခဲတွေကတော့ ကြမ်းတမ်းနေဆဲ ဖြစ်ပါတယ်။

မေလကစပြီး ကျူးကျော်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပြီး ကရင်နီ ပြည်နယ်တစ်ခုလုံးမှာ ထက်ဝက်လောက်က အနည်းဆုံး နှစ်ကြိမ်လောက်တော့ စစ်ရှောင်ကြရပါတယ်။

ဒီလို စစ်ရှောင်တွေ ဖြစ်ပေါ်လာရတဲ့ သမိုင်းကြောင်းမှာ ထင်ရှားတဲ့ ရက်တစ်ရက်ကတော့ မေလ (၂၁) ရက်နေ့ ဖြစ်ပါတယ်။

အဲဒီနေ့တုန်းက… တိတ်ဆိတ်ငြိမ်သက်နေသေးတဲ့ ဒီးမော့ဆိုမြို့ပေါ်က မနက်ခင်းတစ်ခုမှာ သေနတ်သံတွေ ရုတ်တရက် ထွက်ပေါ်လာပါတယ်။ အာဏာသိမ်းစစ်ကောင်စီ နောက်လိုက်သားတွေက နယ်မြေကျူးကျော် ဝင်ရောက်လာပြီး သေနတ်တွေနဲ့ ပစ်ခတ်နေတာပါ။

ပြည်သူတွေအတွက်ကတော့ ပြည်သူပဲရှိတဲ့ကာလမှာ အင်အားအများအပြားနဲ့ လာရောက်ပစ်ခတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ပြည်သူ့ကာကွယ်ရေးတပ် ( People Defense Force) PDFတွေက ပြန်လည် ခုခံပစ်ခတ်ခဲ့ရင်း ယနေ့အချိန်ထိ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။ အဲ့ဒီနေ့ (မေလ ၂၁ရက်နေ့) မှာပင် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ ရဲစခန်းတွေကို လည်း PDFဘက်က ဝင်ရောက်တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

မေလ(၂၁)ရက်နေ့ကတော့ စစ်အာဏာစနစ်ကို အမြစ်ပြတ်ချေမှုန်းမယ့် ကရင်နီပြည်နယ်တွင်းက ပြည်သူတွေ၊ Generation -Z တွေရဲ့ ပြင်းပြတဲ့ ဆန္ဒတွေနဲ့အတူ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ သမိုင်းတွင်မယ့်နေ့ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

တိုက်ပွဲစတင် ဖြစ်ပွားခဲ့တဲ့ နေ့ကနေစပြီး ပြည်သူတွေကလည်း အိုးအိမ်စွန့်ခွာပြီး တိုက်ပွဲသံနဲ့ ဝေးတဲ့ သူတို့အတွက် မလုံခြုံရင်တောင် အနီးနားကို ကျည်ဆံကျမလာနိုင်မယ့် နေရာတွေကို ရှာပြီး တိမ်းရှောင်နေကြရတာ အခုထက်ထိပဲ ဖြစ်ပါတယ်။

ပြည်သူတွေက သေနတ်သံတွေအပြင် အကြမ်းကဖ်စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီး တွေ၊ လက်နက်ငယ်တေ၊ ရပ်ရွာထဲဝင်ပြီး အိုးအိမ်ဖျက်ဆီးတာတွေ ၊ ဖမ်းဆီးတာတွေကို ကြောက်နေကြရပါတယ်။

စစ်ရှောင်နေကြတဲ့ ပြည်သူတွေ ကြုံနေကြရတာကတော့ သူတို့စစ်ရှောင်နေကြတဲ့ ကျေးရွာတွေ၊ တောတောင်တွေနားမှာ စစ်ကောင်စီလာပြီ ဆိုတဲ့အသံကြားတာနဲ့ ကမန်းကတမ်း ထပြေးကြတာတွေ၊ နေရာတစ်နေရာပြီးတစ်နေရာ ရွေ့ပြီး စစ်ရှောင်ကြတာတွေလည်း ယနေ့အထိပါပဲ။

အဲ့ဒီအတွက်ကြောင့် ပြည်နယ်တွင်းက စစ်ရှောင်တွေဟာ တစ်စုတစ်စည်းတည်း မဟုတ်ကြဘဲ နေရာအနှံ့ ပြန့်ကျဲပြီး စစ်ရှောင်နေကြရပါတယ်။ အဓိက တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေတွေ ဖြစ်တဲ့ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆို၊ လွိုင်လင်လေး တွေမှာ ပြည်သူတွေ အများဆုံး စစ်ရှောင်နေရပါတယ်။

စစ်ရှောင်ပြည်သူတွေဟာဆိုရင် ဆွေမျိုးတွေရှိတဲ့ မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေမှာ ပြန်နေကြတဲ့သူတွေနဲ့ တောထဲမှာ တဲထိုးပြီး ရှောင်နေကြတဲ့သူတွေ ဆိုပြီး ပုံစံနှစ်မျိုးနဲ့ ရှောင်နေကြရပါတယ်။

တချို့သော စစ်ရှောင်တွေဟာ မိမိကျေးရွာနဲ့ နီးတဲ့ တောတောင်ထဲ စစ်ရှောင်ကြပြီး တိုက်ပွဲ အခြေအနေ တည်ငြိမ်ရင် အိမ်ပြန်နေကြပေမယ့် တိုက်ပွဲပြန်ဖြစ်ရင် တစ်ခါပြန်ပြေးနေကြရတဲ့ သွားလိုက်လာလိုက်အနေအထား ဖြစ်ပါတယ်။

စစ်ရှောင်နေကြတဲ့ နေရာမှာ စားနပ်ရိက္ခာတွေကို တပိုင်တနိုင် သယ်သွားကြတာတွေ၊ ကြိုတင် စုဆောင်းထားတာတွေ ပြုလုပ်ထားတယ်လို့ နှစ်ကြိမ် စစ်ရှောင်နေရပြီ ဖြစ်တဲ့ လွိုင်လင်ဘက် စစ်ရှောင်သူတစ်ဦးက ပြောပါတယ်။

ပြည်သူတွေအများစုက ရိက္ခာတွေကို မိမိတို့ တောင်ယာထဲ တဲတွေမှာ ကြိုတင်စုဆောင်းကြတာတွေရှိပေမယ့် စစ်ကောင်စီက စစ်ကြောင်းသွားရင်း ကြိုတင် စုဆောင်း၊ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေ၊ ရိက္ခာတွေကို ဖျက်ဆီးယူဆောင်သွားတာတွေလည်း ရှိခဲ့ပါတယ်။ စစ်ရှောင်တွေအတွက် ရိက္ခာအခက်အခဲတွေရှိ‌ပေမယ့် လက်တလောမှာတော့ အလှူရှင်တွေ၊ စစ်ရှောင်ကူညီသူတွေက တတ်နိုင်တဲ့ဖက်နေ ကူညီ‌ပေးနေကြပြီး အခက်အခဲကြီးကြီးမားမားတော့မရှိသေးဘူး လို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆိုပါတယ်။

” နောက်ပိုဆိုးတာက တချို့နေရာဆိုရင် စစ်ရှောင်ဖို့အတွက်ကြိုပြီးတော့ ရိက္ခာစုဆောင်းထားတဲ့ နေရာတွေကို စစ်ကောင်စီတွေက တွေ့ရင် ဖျက်ဆီးတဲ့ ဟာတွေရှိတယ်ပေါ့။”လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်တွေအတွက် ပိုပြီး အခက်တွေ့စေတဲ့ အချက်ကတော့ ရွာတွေမှာ ကျန်ခဲ့တဲ့ ရိက္ခာတွေ ပြန်မယူနိုင်တာ၊ လှူချင်တဲ့ လူတွေ ရှိပေမယ့် စစ်ရှောင်တွေ ရှိရာကို မရောက်နိုင်တဲ့ ပြဿနာ၊ စုဆောင်းထားတဲ့ ရိက္ခာတွေ ဖျက်ဆီးခံရတဲ့ ပြဿနာ တွေလည်း ရှိတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

“အခုလောလောဆယ်တော့ စားနပ်ရိက္ခာ လုံးဝပြတ်လပ်ပြီးမှ အခက်အခဲကြီးကြီးမားမားတော့ မရှိသေးဘူးပေါ့။ လက်ကျန်လေးတွေ စားနေကြတယ်။ တချို့သူ့နည်းသူ့ဟာနဲ့ နည်းနည်းပါးပါး ကူနိုင်တဲ့ဟာတွေ လှူနိုင်တဲ့ဟာတွေ လုပ်နေကြတာတွေ့ရပါတယ်။ ” လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီကနေပြီး စစ်ရှောင်ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကို ဖမ်းဆီးတာတွေလည်းရှိပြီး (၃၀) ဝန်းကျင်လောက်ရှိနေပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညားက ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားတာရှိခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေက ရိက္ခာသယ်ရင်းဖမ်းဆီးခံရတာနဲ့ ရိက္ခာပြန်ယူဖို့ ကြိုးစားရင်းဖမ်းဆီး ခံရတာ ဖြစ်ပါတယ်။

စစ်ရှောင်တွေ အများစုဟာဆိုရင် ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေနဲ့ တောတောင်တွေထဲ စစ်ရှောင်ကြတာ ဖြစ်တဲ့အတွက် သွားရောက်ကူညီပေးရာမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသလို ကိုဗစ်ကြောင့် ကြန့်ကြာတာတွေ၊ စစ်ကောင်စီဘက်က သွားခွင့်မပေးတာတွေလည်း ရှိနေတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆိုပါတယ်။

” အခက်အခဲရှိပါတယ်။ မိုးရာသီဆို ပိုဆိုးတာပေါ့ ကားလမ်းမရောက်တဲ့နေရာ ကားလမ်းရောက်ရင်တောင်မှ သွားလို့မရဘူး။ အခုချိန်က တောင်တန်းထူထပ်တဲ့နေရာတွေမှာပေါ့။ လမ်းချော်တာတို့ မြေပြိုတာတို့ ဘာတို့ရှိတော့ ကူညီတဲ့ အဖွဲ့အစည်းတွေလည်း လမ်းခရီးအရ၊ ရာသီဥတုအရ အခက်အခဲရှိသလို စစ်ကောင်စီဘက်က အနှောက်အယှက်ပေးနေတာရှိတယ်လေ။ သူတို့ မသင်္ကာရင် တခါတလေ မပေးသယ်တာတို့ရှိတယ်လေ။” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက ပြောပြပါတယ်။

“ကိုဗစ်ကြောင့်လည်း အခက်အခဲဖြစ်တယ်။ တချိူ့ရွာတွေက လော့ဒေါင်း ချတယ်လေ။ ပေးမဖြတ်ဘူးပေါ့နော။ ပစ္စည်းဆိုရင်လည်း အရင်ဆုံး ပိုးသတ်တဲ့ နေရာတွေရှိတယ်။ ပုံထားပြီး ပိုးအရင်သတ် တစ်ပတ်လောက်ထားပြီးမှ ရောက်မယ့် နေရာပို့တယ်။ အဲ့ကြားထဲမှာ လည်း ကိုဗစ် လော့ဒေါင်းရွာနဲ့ ထပ်တိုးတော့ ကြာတဲ့ အခက်အခဲတွေ လည်းရှိနေတယ်။” လို့ သူက ဆက်ပြောပါတယ်။

ပြည်တွင်းမှာရှိတဲ့ စစ်ရှောင်ကလေးတွေ ဟာဆိုရင် ကိုဗစ်ကြောင့် စာမသင်ကြရတော့သလို အခုဆိုရင်လည်း စစ်ကြောင့် ကျောင်းနေဖို့ အလှမ်းဝေးနေကြဆဲပါ။ သေနတ်သံကြား၊ တိုက်ပွဲကြားမှာ အသက်လု ပြေးနေရတဲ့အချိန်မှာ သူတို့တွေရဲ့ ပညာရေးကတော့ နစ်နာနေရဦးမှာ ဖြစ်ပါတယ်။

စစ်ရှောင်တွေကို မြေပြင်မှာ လိုက်လံကူညီကယ်ဆယ်ပေးနေတဲ့ အဖွဲ့တွေရှိပြီး အနည်းဆုံး(၆)ဖွဲ့လောက် ရှိကြပါတယ်။ သူတို့တွေကတော့ စစ်ရှောင်ကလေးတွေ စာသင်ပေးဖို့ ကြိုးစားတာတွေရှိပေမယ့် အခက်အခဲများစွာရှိတယ်လို့ ကရင်နီပြည်နယ်က အရေးပေါ်ကယ်ဆယ်ရေး ခေတ္တဆောင်ရွက်မှုအဖွဲ့ ရုံးတာဝန်ခံ(ကရင်နီ) ဆရာ နဲနယ်ပလိုး က ဆိုပါတယ်။

” စစ်ရှောင်ကလေးတွေအတွက် ကျောင်းမနေရတာ တစ်နှစ် နှစ်နှစ် ရှိသွားပြီပေါ့နော။ ပထမနှစ်မှာ ကိုဗစ်ကြောင့် ကျောင်းမနေခဲ့ရဘူး။ ဒီနှစ်က စစ်ကြောင့် ကျောင်းမနေခဲ့ရဘူး။ အဲ့လိုကလေးတွေအတွက် စာသင်ပေးနိုင်ဖို့အတွက် မြေပြင်မှာ လှုပ်ရှားတဲ့ ပရဟိတအဖွဲ့တွေ ကယ်ဆယ်ရေးအဖွဲ့တွေကနေ လုပ်ပေးတာမျိုးတော့ ရှိတယ်။ ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့် ဒေသအသီးသီးမှာ အကုန်လုံးလုပ်နိုင်တဲ့ အနေအထားတော့မရှိသေးဘူးလို့ ကျနော်နားလည်တယ်။” လို့ ဆရာနဲနယ်ပလိုးက ပြောပါတယ်။ တော်တော်များများကိုတော့ စာသင်ပေးနိုင်တဲ့ အနေအထားမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

“ဘာကြောင့်လည်း ဆိုလို့ရှိရင် ကျနော်တို့ အခက်အခဲအမျိုးမျိုး ရှိတယ်ပေါ့နော။ သင်ထောက်ကူပစ္စည်း အခက်အခဲတွေရှိမယ်။ လုံခြုံရေး အခက်အခဲတွေရှိမယ်။ ကျောင်းဆရာ၊ ဆရာမ အခက်အခဲတွေရှိမယ်။ စသည်ဖြင့် အဲ့လို အခက်အခဲမျိုး ပေါင်းစုံကြားထဲမှာ ဖြစ်နေတော့ စစ်ရှောင်ကလေးတွေအားလုံး စာသင်ကြားပေးနိုင်တဲ့ အနေအထားမျိုးတော့ မရှိဘူးပေါ့နော။ လောလောဆယ်။ ” လို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်တွေရဲ့ ကျန်းမာရေးကိုလည်း တတ်နိုင်တဲ့ဖက်ကနေ စောင့်ရှောက်မှု ပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ (၁) CHDNတိုင်းရင်းသား EAOကျန်းမာရေး အဖွဲ့၊ (၂) EAOနဲ့ CDMဆရာ၊ ဆရာမတွေ ပေါင်းတဲ့အဖွဲ့ ၊ (၃) CDM ဆေးဆရာ၊ ဆရာမအဖွဲ့ ဆိုပြီး သုံးအုပ်စုရှိပါတယ်။ သူတို့ကတော့ လက်လှမ်းမှီသလောက် စစ်ရှောင်တွေကို ကျန်းမာရေးဝန်ဆောင်မှု လိုက်ပေးနေပေမယ့် ပြန့်ကျဲနေတဲ့ စစ်ရှောင်တွေ အားလုံးကို ကူညီဖို့ အခက်အခဲရှိနေကြပါတယ်။

အဲ့ဒီအတွက်ကြောင့် တချို့စစ်ရှောင်တွေဟာဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြဘူးလို့ ကရင်နီပြည်နယ် လူထုကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးကွန်ယက်( CHDN ) ဒါရိုက်တာ ဆရာဖိလစ် က ဆိုပါတယ်။

“သူတို့က တစ်စုတစ်စည်းတည်း မရှိတဲ့ အခါ ကျတော့ ဥပမာ နီးစပ်ရာ ရွာတစ်ရွာမှာ သူတို့ရဲ့ နီးစပ်ရာ မိသားစုဆွေမျိုးတွေ သူတို့ ငါးအိမ်တစ်စုလာ၊ ဆယ်အိမ် တစ်စုလာ အဲ့လိုမျိုး ပြေးရတဲ့ အခါကျတော့ လည်း ကျနော်တို့ ဖက်မှာလည်း ဝန်ထမ်းအင်အားအရ သူတို့နေရာတိုင်းတော့ လိုက် မကြည့်နိုင်ဘူးပေါ့။ တချို့ သူတို့ ပုန်းတဲ့ နေရာဆို ကျနော်တို့လည်း မသိဘူးလေ။ သူတို့ တိုးတိုးတိတ်တိတ် ပုန်းနေကြတယ် ရှောင်နေကြတယ်ဆိုတော့ သူတို့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ ပြဿနာတွေ တစ်စုံတစ်ခုဖြစ် လာရင် သူတို့ ခက်ခဲတယ်ပေါ့။ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရလဲဆိုတော့ ကျန်းမာရေး စောင့်ရှောက်မှု မရဘူးလို့ဘဲ ပြောရတော့မှာပေါ့။ ” လို့ ဆရာဖိလစ်က ပြောပါတယ်။

အခုလို ကိုဗစ်ကပ်ရောဂါကာလမှာ အိမ်မှာနေပြီး ကိုဗစ်ကာကွယ်မှုတွေလုပ်ရမယ့်အချိန်၊ လူစုလူဝေးရှောင်ရမယ့်အချိန်၊ အပြင်သွားရင် နှာခေါင်းစည်းတွေ ကိုယ်စီတပ်ရမယ့် အချိန်မှာ ကရင်နီပြည်တွင်းက စစ်ရှောင်တွေ အဖို့တော့ တိုက်ပွဲသံတွေကြား အသက်လုပြေးနေကြရတုန်းပါ။ မငြိမ်းသေးတဲ့ စစ်မီးကြားမှာ သောကမီးတွေ လောင်မြိုက် နေကြရပါတယ်။

ကရင်နီပြည်နယ်ကစစ်ရှောင်စခန်းတွေမှာတော့ ကိုဗစ်ပိုးတွေ့ရှိနေရပြီး ကူးစက်မှုနှုန်း ရာဂဏန်းထိ မြင့်တက်လာပါတယ်။ အထူးသဖြင့် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းနဲ့ လွိုင်ကော်အရှေ့ဖက် ခြမ်းက စစ်ရှောင်စခန်းတွေမှာ တွေ့ရှိနေရပြီး အသက် နှစ်နှစ်၊သုံးနှစ်အရွယ် ကလေးတွေကနေ အသက်ခြောက်ဆယ်ကျော်အထိ တွေ့ရှိနေပါတယ်။

ကိုဗစ်တွေ့ရှိတဲ့ လူနာတွေဟာဆိုရင် မိသားစုအလိုက်ကိုဗစ်တွေ့တာတွေရှိပြီး သူတို့အတွက် အာဟာရပြည့်ဝစွာ စားသုံးနိုင်ဖို့လည်း အခက်အခဲရှိနေကြပါတယ်။

လွိုင်ကော်အရှေ့ဖက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာဆိုရင် အောက်တိုဘာ ၄ ရက်နေ့အထိ ကိုဗစ်လူနာ(၁၀၀)ဦးအထိ တွေ့ရှိတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာဆိုရင်လည်း ကျေးရွာတော်တော်များများမှာ ကိုဗစ်တွေ့ရှိနေပါတယ်။ ဒီးမော့ဆိုမှာ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ နွေဦးဂုရုလေးများအဖွဲ့က ကိုဗစ်စင်တာ တာဝန်ခံ တစ်ဦးကတော့ သူတို့ ကောက်ယူထားတဲ့စာရင်းအရ အောက်တိုဘာ ၄ ရက်နေ့အထိ ကိုဗစ်တွေ့ရှိသူ ၁၄၅ ဦးရှိပြီး၊ ကျေးရွာတွေမှာ တွေ့ရှိတဲ့ ကိုဗစ်လူနာတွေ လည်းရှိသေးတယ်လို့ ကန္တာရဝတီတိုင်း(မ်)ကို ပြောထားပါတယ်။

အခုလို စစ်ရှောင်တွေ ပြန့်ကျဲနေပြီး၊ စစ်ရှောင်ကြားမှာ ကိုဗစ်လည်း တွေ့ရှိနေတဲ့အပေါ် စစ်ရှောင်သူတွေအဖို့ လာသမျှ ဒုက္ခတွေကို မခံချင်ပေမယ့် ရှောင်လွဲမရဘဲ ခံစားနေကြရတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာဆိုရင် တိုက်ပွဲ ၄ လကျော် ဖြစ်ပွားနေပြီ ဖြစ်ပြီး တိုက်ပွဲပေါင်း ခြောက်ဆယ်ကျော် ဖြစ်ပွားခဲ့ပြီ ဖြစ်ပါတယ်။ ပြည်နယ် လူဦး‌ရေ သုံးသိန်းနီးပါးသာရှိတဲ့အထဲ လူဦးရေ တစ်ဝက်နီးပါး(တစ်သိန်းသုံးသောင်း ကျော်)က စစ်ရှောင်နေကြရတာပါ။

အမျိုးသားညီညွှတ်ရေးအစိုးရ NUGက စက်တင်ဘာလ(၇)ရက်နေ့ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာတဲ့နေ့မှာပဲ ကရင်နီပြည်မှာ တိုက်ပွဲ တစ်ဖန် ပြန်လည် ပြင်းထန်နေတာကို တွေ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်နေတဲ့ လက်နက်ကြီးသံတွေ၊ တိုက်ပွဲ သံတွေ၊ စစ်ကောင်စီစစ်ကြောင်းထိုးလာပြီဟေ့…. ဆိုတဲ့ အသံကြားပြီဆိုတာနဲ့ ဒေသခံပြည်သူတွေကတော့ နေ့အချိန်ဖြစ်ဖြစ်၊ ညအချိန်ဖြစ်ဖြစ် ထော်လာဂျီတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ မလုံခြုံရင်တောင် ကျည်ဆံတွေကျမလာနိုင်ဘူးလို့ ယူဆတဲ့ တစ်နေရာရာကို ရင်တထိတ်ထိတ်နဲ့ ပြေးနေကြရပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၇)ရက်နေ့ ညမှာ ဒီးမော့ဆိုရဲစခန်း တိုက်ပွဲ ပြင်းထန်နေချိန် မှာဆိုရင် ညအချိန် စစ်ရှောင်ရင်း ယာဉ်မတော်တဆမှုကြောင့် အသက်(၈)နှစ်အရွယ် ကလေးမလေး တစ်ဦး သေဆုံးခဲ့ရပါတယ်။

ဒီတော်လှန်ရေးမှာ လူထုတွေက တာဝန်ကျေပြီးသားဖြစ်တဲ့အတွက် ဆက်ပြီးတော့ အားတင်းထားပေးဖို့ပဲ ပြောချင်တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDFက တာဝန်ရှိသူတစ်ဦးက အခုလို ဆိုပါတယ်။

“တိုက်ပွဲ ဖြစ်ရင်တော့ ဒီလိုတိုက်ပွဲ အကျိုးဆက်တွေကတော့ ကြုံရမှာလေ ဒါကတော့ လူတိုင်းသိထားပြီးသားပဲပေါ့။ ဒါပေမယ့် လူထုတွေကတော့ဗျ ကျနော်ကျေးဇူးတင်တယ်။ တာဝန်လည်း ကျေပါတယ်။ အဓိကတော့ ကျနော်တို့ D-Dayလို့ အော်တဲ့ သူတွေ ကိုယ်တိုင်က ဒီစစ်ကောင်စီကို တိုက်တဲ့နေရာမှာ ဘယ်လောက်အထိ ပူးပေါင်းပါဝင်နိုင်မလဲ။ ဘယ်လောက်ပြောင်ပြောင်မြောက်မြောက်ရှိပြီလဲ။ အဲ့တာကတော့ သူတို့အပေါ်မှာပဲ မူတည်တော့တယ်။ ကျနော့်အနေနဲ့ကတော့ လူထုကတော့ ဒီလောက်ပြေးထားခဲ့ပြီးပြီ။ သွေးမြေကျတဲ့ အထိလည်း ပြေးထားခဲ့ပြီးပြီ။ လူထုအပိုင်းကတော့ ကျနော်တို့ ပြောစရာဘာမှ မရှိဘူး။ ကျနော်တို့ ဆက်ပြီးတော့ အားတင်းထားဖို့ပဲ ပြောချင်တယ်ဗျ။ ” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ နိုင်ငံတကာနှင့် မဟာမိတ်ရေးရာကော်မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တဲ့ ဆရာ နဲနယ်ပလိုးကလည်း ပြည်သူတွေ ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ ယုံကြည်ကြောင်း ပြောဆိုထားပါတယ်။

” ကရင်နီအမျိုးသားခုခံတော်လှန်ရေး စတင်ကတည်းက ကျနော်တို့က ပြည်သူ့ အားနဲ့ပဲ ကျနော်တို့ က ခုခံတော်လှန်ရေးကို လုပ်လာခဲ့တာပေါ့။ ဒီအချိန်မှာလည်း ကျနော်တို့ရဲ့ တော်လှန်ရေးခရီး မပြီးဆုံးသေးတဲ့အပေါ်မှာ ပြည်သူတွေလည်း ကျနော်တို့နဲ့ ဆက်လက်ပြီးတော့မှ တိုက်ပွဲဝင်သွားမယ်လို့ ယုံကြည်တယ်။”

ကရင်နီပြည်နယ်မှာဆိုရင် တော်လှန်ရေး ခရီးကြာရှည်ခဲ့ပြီ၊ ပင်ပန်းခဲ့ကြပြီ၊ သို့ပေမယ့် ဖိနှိပ်ခံ ပြည်သူတွေ လွှတ်မြောက်ဖို့၊ တော်လှန်ရေး ပန်းတိုင်ရောက်ဖို့ တိုက်ပွဲဝင်ကြရဦးမှာ ဖြစ်ပါတယ်။

ဒီလို ကာလမှာ ပြည်သူတွေမျက်နှာမှာ အပြုံးပန်း မဝေနိုင်သေးပေမယ့်၊ သွေးမြေကျနေရပေမယ့် စိတ်ပူပန်မှုနဲ့အတူ ခရီးဆုံးထိ အားတင်းလျှောက်လှမ်း နေနေကြဆဲ ဖြစ်ပါတယ်။

More from the blog

ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

ကန္တာရဝတီတိုင်း(မ်) လက်နိုင်ငံရေးအခြေအနေအရ အာဏာပိုင်တွေရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေ၊ ကိုယ်ထူကိုထ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေနဲ့ တခြားသော အဖွဲ့အစည်းတွေက လုပ်ဆောင်ပေးနေတဲ့ အစီအစဉ်တွေကနေ ပြည်သူတွေက ကာကွယ်ဆေး အသီးသီးထိုးနှံလာနေကြပါပြီ။ ကာကွယ်ဆေးထိုးနှံပြီးတဲ့...

စစ်ဘေး ဒုက္ခသည်စခန်းက နှလုံးရောဂါသည် ကလေးငယ် တစ်ဦး ဆေးကုသနိုင်ဖို့အခက်အခဲရှိ

ကန္တာရဝတီတိုင်း(မ်) မွေးရာပါ နှလုံးရောဂါရှိနေသူအသက်၁၄နှစ်အရွယ် မောင်နာတန်နှေးလယ်ဟာ နှလုံးရောဂါကို ခွဲစိတ်ကုသဖို့အတွက် ခွဲစိတ်ခအတွက် အခက်အခဲ ရှိနေပါတယ်။ မွေးပြီး တစ်နှစ်ကျော်မှာပဲ...

စစ်ဘေးဒဏ်အပူမီးကြားက ကလေးတွေရဲ့ ပညာရေးကိုဖြေရှင်းပေးနေကြသူတွေရဲ့ဘဝ

ကန္တာရဝတီတိုင်း(မ်) တောင်ကုန်း​တခုပေါ်မှာရှိတဲ့ သစ်ပင်တွေရဲ့ အရိပ်အောက်မှာ စစ်ဘေးရှောင်ရင်း ရောက်လာကြတဲ့ ကလေးတွေကို CDM ဆရာမနဲ့ စေတနာ့ ဝန်ထမ်းဆရာမတွေက ကလေးတွေအတွက် ကျောင်းစာတွေကို ကူညီသင်ကြားပို့ချပေးနေပါတယ်။

မီးခိုးငွေ့ဖြစ်သွားတဲ့ ၁၀နှစ်တာအိပ်မက်

ကန္တာရဝတီတိုင်း(မ်) "သူတို့ မီးလာရှို့သွားတော့ ဘာမှမကျန်တော့ဘူး။ အကုန်လောင်သွားတယ်။ စပါးတွေလည်း မကျန်တော့ဘူး။ အဝတ်တွေလည်းမကျန်တော့ဘူး။ ဟိုး ထမင်းအိုး ဟင်းအိုးအထိ ဘာမှမကျန်တော့ဘူး။"လို့ ပြောလာသူကတော့ အသက် (၄၉) နှစ်အရွယ် ဒေါ်ညေးမြာဖြစ်ပါတယ်။