spot_img
13.7 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းအာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးသူ (၅၃၈၂) ဦးရှိ ၊ ၆ လအတွင်း ၁၈နှစ်အောက် ကလေး (၁၄၇)ဦးသေဆုံး

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးသူ (၅၃၈၂) ဦးရှိ ၊ ၆ လအတွင်း ၁၈နှစ်အောက် ကလေး (၁၄၇)ဦးသေဆုံး

-

ကန္တာရဝတီတိုင်း ( မ် )

၂၀၂၁ခုနှစ် ၊ အာဏာသိမ်းပြီးနောက် (၁၂၅၇)ရက်အတွင်း နိုင်ငံတစ်ဝန်း သေဆုံးသူ (၅၃၈၂ ) ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇူလိုင်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ (၂၇၀၄၂) ဦးရှိပြီး အဲ့ဒီအထဲ (၂၀၇၃၈)ဦး ထိန်းသိမ်းခံရဆဲဖြစ်သလို ထိန်းသိမ်းခံရသူတွေထဲက (၉၃၂၂) ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။ အလားတူ ဇူလိုင်လ ၁၁ ရက်နေ့အထိစာရင်းအရ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ (၁၂၄)ဦးရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် AAPP က ကောက်ယူထားတဲ့ အချက်အလက်အရ ၂၀၂၄ခုနှစ် ၊ ဇန်နဝါရီလ ကနေ ဇွန်လ အထိ ၆ လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အသက် ၁၈နှစ်အောက် သေဆုံးသူ (၁၄၇)ဦးရှိပြီး မိန်းကလေး (၅၃) ဦး နဲ့ ယောကျ်ားလေး (၉၄)ဦး ပါဝင်ပါတယ်။ သေဆုံးရတဲ့ အကြောင်းအရင်းတွေထဲမှာ ၆၉ ဦးကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူ ၅၄ဦးနဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။ သေဆုံးသွားရတဲ့ (၁၄၇)ဦးအနက် ရခိုင်ပြည်နယ်က သေဆုံးသူ (၃၇)ဦး နဲ့ စစ်ကိုင်းတိုင်းက ၃၃ ဦး နဲ့ ဒုတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၄နှစ် အရွယ် ကျောင်းသားလေးဦး သေဆုံးခဲ့ရသလို ၊ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ၁၀နှစ်အောက် ကလေးငယ် ၃ ဦး သေဆုံးခဲ့ရပါတယ်။

၂၀၂၄ခုနှစ်၊ ၆ လအတွင်းမှာတော့ နိုင်ငံတစ်ဝန်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၇ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၈၇၃)ဦး ရှိတယ်လို့ ဇူလိုင်လ ၁၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဝန်းကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ သေဆုံးသူတွေဟာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှု ၊ ဖမ်းဆီးသတ်ဖြတ်မှု တွေကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။

NUG ရဲ့အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် (၄၆၅၆) ခုရှိခဲ့ပြီး ၂၀၂၄ခုနှစ် ၊ ၆လ အထိ (၃၁၂၁)ခု ရှိခဲ့တာကြောင့် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်က ပိုတိုးလာပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ