ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်းတကျောင်းကို ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ပြောပြချက်အရ အသေခံဒရုန်း၂စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် ကျောင်း စာသင်ဆောင်အမိုးနဲ့ နံရံတချို့ ထိမှန်ပျက်စီးခဲ့သလို အိမ်မွေးတိရစ္ဆာန်တချို့လည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးမကြဲခင် အဆိုပါ ကျေးရွာအနီးတဝိုက်မှာ နေ့လည်အချိန်ကတည်းက ဒရုန်းနဲ့ ကင်းထောက်ပျံဝဲမှုတွေ ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
“ကလေးတွေက နေ့တပိုင်း ကျောင်းပိတ်ထားလိုက်လို့ ထိခိုက်တာတော့ မရှိဘူး။ ဒရုန်းကတော့ နေ့တိုင်းလာပြီး ကင်းထောက်တယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အရပ်သားထိခိုက်မှု မရှိခဲ့ပေမယ့် ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် အနီးဝန်းကျင်မှာ နေထိုင်ကြသူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၁ ရက်နေ့မှာလည်း ဖရူဆိုမြို့နယ် အနောက်ခြမ်းက ဒေသခံပြည်သူတွေ နေ့စဉ်သွားလာရေးနဲ့ လယ်ယာလုပ်ငန်းခွင်တွေအတွက် အဓိကအသုံးပြုနေရတဲ့ လမ်းပိုင်းတနေရာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် စပါးရိတ်သိမ်းဖို့ သွားလာနေကြတဲ့ ဒေသခံတွေဟာ စပါးမရိတ်သိမ်းနိုင်တော့ဘဲ လှည့်ပြန်ခဲ့ရပါတယ်။ အခုလို လမ်းပိုင်းနဲ့ စာသင်ကျောင်းတွေပါ ဦးတည် တိုက်ခိုက်လာတာကြောင့် ပြည်သူတွေ နေ့စဉ်သွားလာရေး၊ စိုက်ပျိုးရေးနဲ့ ပညာရေးအပြင် လုံခြုံရေးအတွက်ပါ အခက်အခဲနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။







