ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ထဲက စာသင်ကျောင်းတချို့မှာ ကမ္ဘာ့ကလေးသူငယ်များနေ့ အခမ်းအနားကို လုံခြုံရေး စိုးရိမ်နေရတဲ့ အခြေအနေတွေကြားက ကျင်းပပြုလုပ်နေကြပါတယ်။
ကလေးသူငယ်တွေကို ကမ္ဘာ့ကလေးသူငယ်များနေ့အကြောင်း သိရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေးရခြင်းဖြစ်တယ်လို့ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စာသင်ကျောင်း တာဝန်ခံဆရာမက ပြောပါတယ်။
“ကလေးတွေကို သူတို့ရဲ့ နေ့ထူးနေ့မြတ်လေးရှိကြောင်း သိရှိစေလိုတယ်။ စစ်ဘေးဒဏ်ကြောင့် စိတ်ဒဏ်ရာရနေတဲ့ ကလေးသူငယ်တချို့ကိုလည်း ပျော်ရွှင်စွာ အတူပါဝင်နိုင်ဖို့ ကျင်းပပေးရခြင်းဖြစ်တယ်။” လို့ ကျောင်းတာဝန်ခံ ဆရာမ ကပြောပါတယ်။
လက်ရှိ ဖရူဆိုမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ဒရုန်းခြိမ်းခြောက်မှုတွေ နေ့စဉ်ရက်ဆက် ကြုံတွေ့နေရပြီး စစ်ရှောင်စခန်းအနီးအနားဝန်းကျင်အထိ ကင်းထောက်ဒရုန်းတွေ ရောက်ရှိလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် အနီးနားက တောင်ယာခင်းသွားနေတဲ့ ဒေသခံတွေကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ဖူးတဲ့ ဖြစ်စဉ်တွေရှိခဲ့တာကြောင့် ဒေသခံတွေက လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေရှိနေခဲ့တာပါ။
ဖရူဆိုမြို့နယ် အရှေ့ခြမ်းမှာ က စာသင်ကျောင်းမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာတော့ ကရင်နီအလံတော်အား အလေးပြုခြင်း၊ အဖွင့်အမှာစကား ပြောကြားတာ၊ ကမ္ဘာ့ကလေးသူငယ်များနေ့အကြောင်း အကျဉ်းချုပ်ရှင်းပြတာ၊ ကျောင်းသူ၊ ကျောင်းသားတွေက အကပဒေသာနဲ့ ကပြ ဖျော်ဖြေတာ၊ ကျောင်းသားမိဘတွေက အကနဲ့ ဖျော်ဖြေတာအပြင် အာဟာရတိုက်ကျွေးတာတွေကို ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် တချို့ကျောင်းတွေမှာလည်း အထိမ်းအမှတ်နေ့အတွက် စာစီစာကုံးပြိုင်ပွဲတွေ၊ ပန်းချီ၊ ပြဇတ် နဲ့ အားကစားပြိုင်ပွဲတွေဖြစ်တဲ့ ခြင်းလုံး၊ ဘော်လီဘော စတဲ့ ပြိုင်ပွဲတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။








