ကန္တာရဝတီတိုင်း(မ်)
“အဲ့ချိန်က ကလေးက နှစ်လကျော်ကျော် သုံးလထဲပေါ့၊ ကိုယ်မိုင်းထိသွားတဲ့အချိန်မှာ အစတော့ အမေ ကို အော်ခေါ်ခဲ့တယ်။ အမေ ကယ်ထုတ်လာခဲ့တယ်ပေါ့။ အဲ့ချိန်မှာ တချက်လောက်တော့ ကြည့်တယ်ပေါ့နော်။ ကိုယ့်ခြေထောက်မှာ သွေးတွေအများကြီးဆိုတော့။ အဲ…ငါ့ကလေးများ ပျက်ကျသွားပြီလားလို့ပေါ့။ ငါ့ကလေးပျက်ကျသွားရင် ဘယ်လိုလုပ်ရမလဲပေါ့။ အဲ့ချိန်မှာ အရမ်းဝမ်းနည်းခဲ့တာပေါ့။တကယ်လို့သာ ငါ့ကလေးမရှိဘူးဆိုရင် ငါ့ဘဝ ဘယ်လိုမှ ရှင်သန်လို့ ရမှာမဟုတ်တော့ဘူးပေါ့။ အဲ့လိုစဥ်းစားခဲ့တာပေါ့နော်”
ဒါကတော့ မြေမြှုပ်မိုင်းနင်းမိခဲ့စဉ်က အကြောင်းကို မစန်းမြင့်ဦးက ပြန်ပြောင်းပြောပြနေတာပါ။ အဲဒီတုန်းက မစန်းမြင့်ဦးက သားငယ်လေးကို ကိုယ်ဝန်လွယ်ထားရဆဲ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် မစန်းမြင့်ဦးက ခြေထောက် နှစ်ဘက်လုံးကို ဆုံးရှုံးသွားခဲ့ရပါတယ်။
မစန်းမြင့်ဦးဟာ အသက်၂၃ နှစ်သာ ရှိသေးတဲ့ မိခင်တဦးပါ။
အရင်တုန်းကတော့ နန်းမယ်ခုံမြို့နယ် ၊ နန်းစံခမ်းကျေးရွာ ဇာတိဖြစ်တဲ့သူမဟာ မိသားစုပိုင် ခြံလုပ်ငန်း နဲ့ အသက်မွေး ဝမ်းကျောင်းပြုပါတယ်။ အခုချိန်မှာတော့ ဒီလုပ်ငန်းတွေကို လုပ်ကိုင်လို့မရတော့ပါဘူး။
၂၀၂၃ ခုနှစ်မှာ စစ်ကော်မရှင်က နန်းမယ်ခုံမြိုနယ်ကို စစ်ကြောင်းထိုးလာခဲ့ပြီး သူမတို့ရွာဖြစ်တဲ့ နန်းစံခမ်းကျေးရွာမှာ တပ်စွဲခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ ပြန်ဆုတ်သွားတဲ့နောက် ၂၀၂၄ ခုနှစ်ရဲ့ မေလမှာ ဒေသခံတွေဟာ နေအိမ်ပြန်ပြီး သန့်ရှင်းရေးလုပ်ကြပါတယ်။ အဲ့ဒီအထဲမှာ မစန်းမြင့်ဦးနဲ့ သူ့မိခင်လည်း အပါအဝင်ပါ။ သူမတို့ရဲ့ နေအိမ်ဟာ မီးလောင်ပျက်စီးသွားပြီ ဖြစ်တာကြောင့် သူမနဲ့ မိခင်ဖြစ်သူဟာ စစ်ရှောင်နေရင်း ခြံသန့်ရှင်းရေးပြန်လုပ်တာ ဖြစ်ပါတယ်။
ခြံတွင်းရှိ ချုံတွေကို သန့်ရှင်းရေးလုပ်ပြီး မီးရှို့ပြီးလို့ သူမတို့စစ်ရှောင်နေတဲ့နေရာကို ပြန်ဖို့အထွက်မှာ မစန်းမြင့်ဦးဟာ မြေမြှုမိုင်းနင်းမိသွားခဲ့တာပါ။
“ဆေးရုံရောက်တော့ ကိုယ်အရမ်းဝမ်းနည်းခဲ့တယ်။ အစက ကိုယ်ကအရမ်းဝမ်းနည်းလွန်းလို့၊ ဒါပေမဲ့ အသက်ဆက်ရှင်ဖို့ ကိုယ့်ကလေးအတွက်နဲ့ အမေအတွက်ပေါ့နော်။ ငါခြေထောက်မရှိပဲ ငါ့ကလေးကို ဘယ်လို လုပ်ကျွေးရမလဲပေါ့ ဆိုပြီးစဥ်းစားခဲ့တယ်” လို့ မစန်းမြင့်ဦးက သူမရဲ့ ရင်သွေးလေးအတွက် စိုးရိမ်ပူပန်နေရပုံကို ပြောပါတယ်။
အခုတော့ မစန်းမြင့်ဦးတယောက် စစ်ရှောင်တဲ့ တဲအိမ်လေးမှာပဲ မိသားစုဝမ်းရေးအတွက် စျေးဆိုင်လေးဖွင့်ပြီး ရောင်းချနေပါတယ်။ ခြေထောက်နှစ်ဘက်လုံး ဆုံးရှုံးထားရတဲ့သူမအဖို့ အပြင်ထွက်ပြီးအလုပ်မလုပ်နိုင်ပေမယ့် ဒီစျေးဆိုင်လေးရဲ့ နေ့စဉ်ဝင်ငွေတချို့နဲ့ပဲ မိသားစုတွေ ချွေချွေတာတာ သုံးစွဲနေရပါတယ်။
ခြေထောက်မရှိတော့ပေမယ့် မိသားစုအတွင်းမှာတော့ မစန်းမြင့်ဦးက အဓိက ဝင်ငွေရှာဖွေပေးသူတယောက်ပါ။ အမျိုးသားဖြစ်သူကတော့ မစန်းမြင့်ဦး ရဲ့ ခြေနှစ်ဘက်ကို ဆုံးရှုံးလိုက်ရတဲ့နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး တခါတလေမှာ စိတ်ဝေဒနာကြောင့် လနဲ့ချီပြီး တွေဝေနေတာ၊ ဒါမှမဟုတ် နိုးနေပေမယ့် သတိမလည်တာတွေ ဖြစ်လေ့ရှိတာကြောင့်လည်း မစန်းမြင့်ဦးက အိမ်ထောင်ဦးစီးတာဝန်ကိုပါ ထမ်းနေရပါတယ်။
ဒါပေမဲ့လည်း မစန်းမြင့်ဦးတယောက် ဘဝကို အရှုံးမပေးပါဘူး။ သားလေးဖြစ်သူရဲ့ အနာဂတ်၊ ချစ်ရတဲ့ ခင်ပွန်းသည်အတွက် အထောက်အမဖြစ်အောင် ကြိုးစားရုန်းကန်နေပါတယ်။
“တကယ်လို့ နင်အသက်ရှင်လည်း ဘာမှမထူးဘူးလေ။ နင်ကဘာမှမလုပ်နိုင်တာ လုပ်ကိုင်စားလို့လည်း မရဘူး။ တောင်းစားမလား အဲ့လိုလည်း ပြောတဲ့သူတွေရှိတယ်။ အမျိုးမျိုးပြောတဲ့ သူတွေရှိတယ်ပေါ့။ သူများ ဘာပြောပြောပေါ့ ကိုယ်က နားနှစ်ဘက်ရှိတော့ တဘက်ဝင် တဘက်ထွက်ပဲ၊ အဲ့လိုပဲခံစားခဲ့တာပေါ့” လို့ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုအပေါ် တုန့်ပြန်ဖြစ်ပုံကို မစန်းမြင့်ဦးက ပြန်ပြောပါတယ်။
တဲအိမ်လေးမှာ စျေးဆိုင်ဖွင့်ထားတယ်ဆိုပေမယ့် ကြီးကြီးမားမား စုံစုံလင်လင် ရှိလှတယ်တော့မဟုတ်ပါဘူး။ ဒေသခံတွေ အသုံးများတဲ့ တကိုယ်ရေသုံးပစ္စည်းတွေနဲ့ စားသောက်ကုန် အနည်းငယ်ကို တနိုင်တပိုင် တင်ရောင်းထားတာပါ။ တခြားအလုပ်တွေကို မလုပ်နိုင်တော့တာကြောင့်လည်း ဒီစျေးဆိုင်လေးက မိသားစုအတွက် တခုတည်းသော ဝင်ငွေရလမ်းလေး ဖြစ်ပါတယ်။
ကိုယ်ခန္ဓာ အစိတ်အပိုင်းတချို့ မရှိတော့ပေမယ့် မိသားစုမှာ အိမ်ထောင်ဦးစီးလည်းဖြစ်တဲ့ မစန်းမြင့်ဦး အဖို့ အရာရာကိုရင်ဆိုင်ဖို့ သတ္တိနဲ့ ခွန်အားတွေဟာ သူမရဲ့ သားဆီကလာတာလို့ ပြောပါတယ်။ သားလေးအပေါ်ထားတဲ့ မျှော်လင့်ချက်နဲ့ ချစ်ခြင်းတွေက ခါးသီးတဲ့ လောကရဲ့ ဒဏ်ချက်တွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်စေတာ ဖြစ်ပါတယ်။
“ကလေးပေါ့။ ကလေးကြောင့်ပဲပေါ့။ ကလေးကြောင့်ပဲ ကိုယ်ရှင်သန်ခဲ့တာပေါ့။ နေ့တိုင်းနေ့တိုင်း ကြည့်နေတာ ကိုယ့်ကလေး နေ့တိုင်းနေ့တိုင်း ကြီးထွားလာတယ်။ သန်မာလာတယ်။ ကိုယ်အရမ်းပျော်တယ်။ ကိုယ့်ကလေး ကျန်းမာရေးကောင်းနေရင် ကိုယ်ပျော်ရတယ်ပေါ့နော်။ အခု ငါ ဒုက္ခိတဖြစ်သွားပြီ ငါ့ကလေးတော့ သန်မာမှ ရမယ်ပေါ့နော်။ ကိုယ်တတ်နိုင်သလောက် သူ့ကိုပဲ ကြည့်ပေးတယ်။ သူ့ကိုပဲ ကြည့်ပြီးခွန်အားယူတယ်ပေါ့နော်” လို့ မစန်းမြင့်ဦးက ပြောပါတယ်။