Homeဆောင်းပါး"အခက်အခဲ စိန်ခေါ်မှုတွေကြား နာတာရှည် ရောဂါသည် ဒေါ်အီအောင်"

“အခက်အခဲ စိန်ခေါ်မှုတွေကြား နာတာရှည် ရောဂါသည် ဒေါ်အီအောင်”

-

ကန္တာရဝတီတိုင်း(မ်)

“ဆေးက ပြတ်လို့ မရဘူးနော်။ သေတဲ့အချိန်ထိ အမြဲတမ်းသောက်နေရမယ်လို့ ဆရာမ က ပြောတယ်”

နာတာရှည်ရောဂါ တခုဖြစ်တဲ့ ဆီးချို၊သွေးချို အပြင် သွေးတိုး ဝေဒနာ ကိုပါ ထပ်ဆင့် ခံစားနေရတဲ့ အသက် ၇၅ နှစ် အရွယ် ဒေါ်အီအောင် က ရင်ဖွင့်လာတာပါ။

ဒေါ်အီအောင်ဟာ စစ်ဘေးရှောင်တစ်ဦး ဖြစ်ပြီး နေရပ်မပြန်နိုင်တာ ၂ နှစ် ကျော်ပါပြီ။ ဒီကာလ အတွင်း တခြားစစ်ဘေးရှောင်တွေနည်းတူ အခက် အခဲ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရသလို ရောဂါသည်ဖြစ်တာကြောင့် စိန်ခေါ်မှုတွေကို တခြားသူတွေထက်ပိုများပါတယ်။

ဒေါ်အီအောင်ရဲ့ ဇာတိကတော့ လွိုင်ကော်မြို့ဖြစ်ပြီး ၁၁၁၁ စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ နိုဝင်ဘာလထဲမှာပဲ စစ်ဘေးရှောင်ဘဝကို နေ့ချင်းကူးပြောင်းခဲ့တာပါ။

စစ်ဘေးရှောင်နေရင်း ကြုံတွေ့ရတဲ့ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး အခက်အခဲတွေအကြား သူ့ရဲ့ ဝေဒနာ တွေဟာ ပိုမို ဆိုးရွားလာပါတယ်။

ဒေါ်အီအောင်ဟာ သားသမီး တွေ ၅ ယောက် ရှိခဲ့ပေမယ့်လည်း နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် တနေရာဆီ ဝေးကွာနေကြရပြီး လက်ရှိမှာတော့ ချွေးမ ဖြစ်သူနဲ့ အတူ စစ်ရှောင်စခန်းမှာ နေထိုင်နေတာပါ။

“ဘာဖြစ်တာလဲ ဖျားတာလား မသိတော့ဘူး။ တခါတလေကျ မူးတယ်။ တခါတလေကျ ခေါင်းကိုက်တယ်။ တခါတလေကျတော့လည်း ချောင်းဆိုးတယ်။ အ့လိုတွေ ဖြစ်တယ်။ ဘာတွေမှန်းကို မသိတော့ဘူး။ အသက်ကြီးလာတော့လေ။ ဟန်ဆောင်ပြီးတော့ ဖြစ်သလို နဲ့ တူနေတယ်။ ဒီတရက်နှစ်ရက်တွင်းဆို ကောင်းတယ်။ မနက်ဖန်ဆို ဖျားပြီ။ ညဆိုလည်း ချက်ချင်းဖျားတက်တယ်။ အဲ့လိုတွေ ဖြစ်တယ်လေ။ ဘာလို့ အဲ့လိုဖြစ်တာလည်း မသိတော့ဘူး။ ချွေးမ ဖြစ်သူနဲ့ တူတူနေတော့ တခါတလေကျ သူ့ကို ဟန်ဆောင်ပြီး လုပ်ပြနေသလို ဖြစ်နေတယ်” လို့ ဒေါ်အီအောင်က ပြောပါတယ်။

သားသမီးရင်းချာ မဟုတ်တဲ့ ချွေးမ ဖြစ်သူအပေါ် အားနာစိတ်တွေ ဖြစ်ပေါ်နေတဲ့ သူ့မရဲ့ ခံစားချက်ကို ကြားရတာပါ။

ချွေးမ ဖြစ်သူမှာလည်း မိခင် ရင်းချာသဖွယ် ယောက္ခမ ဖြစ်သူ ဒေါ်အီအောင်ကို နေ့ည မနား ပြုစုစောင့်ရှောက်ပေးနေတာပါ။

အသက်အရွယ်ကြီးရင့်ပြီမို့ ဆေးတွေနဲ့ပဲ အသက်ဆက်နေရတယ်လို့ သူမက ပြောပါတယ်။
ယခု ဆိုရင် သူမ ဆေးပြတ်လတ်သွားတာဟာ ၃ ပတ်လောက် ရှိနေပါပြီ။

“ဆေးပြတ်နေတာတော့ ၃ ပတ်လောက်ရှိပြီ။ ဖျားလာပြီ ဆိုရင်တော့ တခြားဆေးတွေတော့ သောက်ရတယ်။ ချွေးမလေးက တိုက်တယ်။” လို့ ဒေါ်အီအောင်က ပြောပါတယ်။

ချွေးမ ဖြစ်သူမှာလည်း မွေးမိခင် မဟုတ်သည့် တိုင်အောင် မိခင်ရင်းချာသဖွယ်လို ယောက္ခမ ဖြစ်သူ ဒေါ်အီအောင် နေ့ည မနား ပြုစုစောင့်ရှောက်ပေးနေတာပါ။

ဒေါ်အီအောင်တို့ လက်ရှိစစ်ရှောင်နေရတဲ့ နေရာဟာ တခြားမြို့နယ်၊ ဒေသတွေဆီကို ကူးသန်းသွားလာဖို့ မလွယ်ကူတော့ပါဘူး။ စစ်ကော်မရှင်တပ်တွေက မြို့နယ်ချင်းဆက်လမ်းတွေကို ထိန်းချုပ်နေရာယူထားတဲ့အပြင်၊ တိုက်ပွဲတွေ၊ စစ်ကြောင်းထိုးမှုတွေ၊ မမြင်ရတဲ့ မြေမြုပ်မိုင်းတွေ ကြောင့်လည်း ကုန်စျေးနှုန်းတွေမြင့်လာသလို၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် ဆေးဝါးတွေလည်း ပြတ်လပ်နေပါတယ်။

ဒီးမော့ဆို မြို့အရှေ့ဘက်ခြမ်း ကျန်းမာရေး ဆရာမ တဦးကတော့ နာတာရှည် ရောဂါသည်တွေ အတွက် ဆေးပြတ်လပ်နေပြီး လမ်းခရီးက ဆေးသယ်ယူလို့ မရနိုင်သေးကြောင်း ဆိုပါတယ်။

“တော်တော်များများက ဆေးပြတ်နေတယ်။ နာတာရှည် ရောဂါတွေအရနိုင်ဆုံး အလွယ်ကူဆုံး ဖြစ်တဲ့ သွေးတိုး ထိန်းဆေးတောင်မှ အခုက ပြတ်လတ်တဲ့ အနေအထားမှာ ရှိနေတယ်။” လို့ ကျန်းမာရေး ဆရာမတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဆေးဝါးတွေကို အတတ်နိုင်ဆုံး သယ်ယူနိုင်ဖို့ လုပ်ဆောင်နေပေမဲ့ ခရီးလမ်းကြောင်းအရ စိန်ခေါ်မှုတွေများနေဆဲအခြေအနေမှာရှိတယ်လို့ ထပ်လောင်းပြောထားပါတယ်။

ဒီလိုစိန်ခေါ်မှုတွေအကြား ဆေးကို စွဲသောက်နေကြရတဲ့ ဒေါ်အီအောင်တို့လို လူနာတွေအဖို့ကတော့ တနေ့တခြားရောဂါကို အံကြိတ်ခံနေရပါတယ်။

ဒေါ်အီအောင်လိုပဲ ဆီးချို သွေးချို ရောဂါအပြင် အမျိုးမျိုးသော သက်ကြီး ပိုင်း ရောဂါ ဝေဒနာတွေကို ခံစားနေရတဲ့ အသက် ၆၀ အရွယ် ဒေါ်ကိုမြာ ဆီကနေကလည်း သူမ ခံစားနေရတာတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဗိုက်နာရင် လှုပ်လို့တောင် မရတော့ဘူးလေ။ အစာအိမ်ရှိတဲ့ဘက် က အရမ်းနာတယ်။ ဆရာဝန်တွေက ဆေးပေးလာတယ်။ လုံးဝ ရပ်လို့ မရဘူးနော်တဲ့။ နဲနဲတော့ သက်သာလာတယ်။ ဒါပေမယ့် ရင်ဘက်ကလည်း အောင့်ချင်နေပြန်တယ်။ ဆီးချိုက ကြာလေ တက်လေ ဖြစ်နေတယ်။ တရက် နှစ်ရက် နေလို့ လက်ကို ဖောက်ကြည့်ရင် ၂၀၀ ကျော် တက်တယ်။ ကျရင်တော့ သက်သာတယ်။ တက်လာရင်တော့ အရမ်းပင်ပန်းတယ်။” လို့ ပြောပါတယ်။

ဒေါ်အီအောင် စစ်ရှောင်နေတဲ့ စစ်ရှောင်စခန်းမှာပဲ ဒေါကိုမြာတို့ ဇနီးမောင်နှံ နှစ်ဦးကလည်း လာရောက် ခိုလုံနေတာပါ။ သူမဟာ နာတာရှည် ဆေးကို စွဲမြဲသောက်လာတာ ၂ နှစ် ဝန်းကျင် ရှိနေပါပြီ။

ဇနီးမောင်နှံနှစ်ဦး ဖြစ်တဲ့ ဒေါ်ကိုမြာဟာ နေအိမ်ကနေ စတင် ထွက်ခွာလာချိန်မှာ ဘာတခုမှ သယ်ဆောင်လာနိုင်ခြင်း မရှိသလို စစ်ရှောင် နေစဉ် အတွင်း မှာလည်းအလုပ်အကိုင် ဝင်ငွေ မရှိတာကြောင့် စိန်ခေါ်မှုကြီးနဲ့ ရင်ဆိုင်နေရာတာပါ။

“(ဆေးခန်း) ရက်ချိန်း ၂ ခါသွားရပြီ။ အရင် တခါက ဘယ်နရက်နေ့လည်း မသိတော့ဘူး။ ဆရာဝန်တွေ ဆေးပေးလာတာက ၁သိန်းနဲ့၁သောင်းကုန်တယ်။ အခုက ၁ လကို ၁ ခါ လာပြခိုင်းတယ်။ ၁သိန်းကျော် ၁ သိန်းကျော်ကတော့ အမြဲ ကုန်နေမှာပဲ ။ ပိုက်ဆံတွေ ဘယ်နား သွားရှာရမလည်း မသိတော့ဘူး”

ကျန်းမာရေး စိန်ခေါ်မှုတွေ ရှိနေတဲ့ အပြင် ဒေါ်ကိုမြာတို့ ဇနီးမောင်နှံဟာလည်း ဝမ်းရေး အခက်အခဲနဲ့ ရင် ဆိုင်နေရပြန်တာပါ။

စတင်ထွက်ပြေးလာချိန်မှာ ဘာတခုမှ သယ်ဆောင်လာနိုင်ခြင်း မရှိတာကြောင့် ဘဝကို အသစ်ကနေ ပြန်စနေရတာပါ။ လက်ရှိမှာတော့ ဝမ်းရေး ပြသာနာကို ဖြေရှင်းပေးနိုင်တဲ့ တခုထဲသော နည်းလမ်းကတော့ စစ်ရှောင်စခန်းကော်မတီဆီကနေ ထောက်ခံစာကို ရယူပြီး အရေးပေါ် ဆန်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ သွားရောက်ထုတ်ယူနေရခြင်းပဲ ဖြစ်ပါတယ်။

အိမ်ခြေ ၈၀ နီးပါးလောက် နေထိုင်နေကြတဲ့ အဆိုပါ စစ်ရှောင်စခန်းမှာ ဒေါအီအောင်နဲ့ ဒေါ်ကိုမြာတို့ လို နာတာရှည် ရောဂါသည် ဝေဒနာကို ခံစားနေရသူတွေ လည်း အနည်း ဆုံး ၁၀ ဦးနဲ့ အထက် မှာ ရှိနေကြောင်းကိုလည်း သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ