spot_img
Homeဆောင်းပါးအပူလွန်ကဲခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ

အပူလွန်ကဲခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ

-

ကန္တာရဝတီတိုင်း(မ်)

ဧပြီလ ၁၆ ရက်နေ့က မြန်မာနိုင်ငံ၊ ချောက်မြို့ရဲ့ အပူချိန်ဟာ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းမှာ ပါဝင်နေပါတယ်။ ပျမ်းမျှအပူချိန်ဟာ ၄၄.၂ ဒီဂရီ ဆဲလ်စီးယပ်မှာရှိနေတာပါ။

အပူချိန် ဒီဂရီ ၄၀ ကျော်နေတဲ့ မြန်မာနိုင်ငံရဲ့ တချို့မြို့တွေလည်းရှိနေတာကြောင့် အပူဒဏ်ကို သတိထားသင့်သလို၊ ဧပြီလ ၁၆ ရက်နေ့ကစလို့ မိုးနည်းရေရှားရပ်ဝန်းဒေသတွေမှာ အပူချိန်တွေ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က သူ့ရဲ့ လူမှုကွယ်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အခုလိုနွေရာသီမှာ အပူချိန်ပြင်းထန်လာတာနဲ့အမျှ လူတွေကို ကျန်းမာရေးနဲ့ဆိုင်တဲ့ အန္တရာယ်တွေရှိလာနိုင်တာကြောင့် သတိထားသင့်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအတွက် အပူလွန်ကဲရင် ဘာဖြစ်လာနိုင်လဲဆိုတာကို မျှဝေပေးချင်ပါတယ်။

အပူလွန်ကဲခြင်းဆိုတာ ခန္ဓာကိုယ်က အပူကို မထိန်းနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာ အပူချိန်ကို ထိထိရောက်ရောက် ထိန်းညှိနိုင်တာမျိုး မရှိတော့တာကြောင့် အပူနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အဓိကအားဖြင့် ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်ဟာ ရေနဲ့ဆားဓာတ် အလွန်အကျွံ ဆုံးရှုံးသွားရတတ်ပါတယ်။

အဲဒီ ရေနဲ့ဆားဓာတ်ဆုံးရှုံးပြီဆိုရင် ခံစားရတဲ့ လက္ခဏာတွေဟာ အပျော့စားကနေ ပြင်းထန်နိုင်ပြီး ချွေးအလွန်အကျွံထွက်တာ၊ အားနည်းတာ၊ မူးဝေတာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာနဲ့ သတိလစ်တာတွေ ခံစားရ နိုင်ပါတယ်။ အချိန်မီ မကုသရင် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

အပူလွန်ကဲခြင်းရဲ့ လက္ခဏာတွေကို ကြိုတင်သိထားပြီး အချိန်မီကုသဖို့က လွန်စွာအရေးကြီးပါတယ်။ ချွေးအလွန်အကျွံထွက်တာက အပူဓာတ်လွန်ကဲခြင်းရဲ့ ပထမဆုံးလက္ခဏာဖြစ်ပါတယ်။ ဒါတွေ အပြင် အားနည်းတာနဲ့ ပင်ပန်းနွမ်းနယ်တာ၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်တာနဲ့ အားနည်းတယ်လို့ ခံစားရပြီဆိုရင် မိမိခန္ဓာကိုယ်မှာ အပူလွန်ကဲခြင်းကို ပြသနေပြီဖြစ်ပါတယ်။

တချို့မှာတော့ မူးဝေတာနဲ့ မောပန်းတာတွေကို ခံစားစေနိုင်သလို ပျို့အန်တာတွေခံစားရပြီဆိုရင် ခန္ဓာကိုယ်က အပူလွန်ကဲမှုကို တုံ့ပြန်တဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

ခေါင်းကိုက်တာကတော့ ရေဓာတ်ခမ်းခြောက်တာကြောင့် ဖြစ်နိုင်ပါတယ်။ ကြွက်သားကြွက်တက်တာ၊ အထူးသဖြင့် ခြေထောက်နဲ့ ဝမ်းဗိုက်မှာ နာကျင်တဲ့ ကြွက်သားတွေ ကြွက်တက်တာကလည်း အပူလွန် ကဲခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

လူနေမှုပုံစံနဲ့ အစားအသောက်အလေ့အထတွေကလည်း အပူလွန်ကဲမှုအန္တရာယ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာပါ။ ရေဓာတ်ချို့တဲ့တာ၊ အရက်အလွန်အကျွံသောက်တာနဲ့ ကဖင်းဓာတ်များစွာ စားသုံးခြင်းဟာလည်း ရေဓာတ်ခန်းခြောက်စေနိုင်ပြီး အပူနဲ့ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

ဒါ့အပြင် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ နည်းပါးတာကလည်း အပူဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ခန္ဓာကိုယ်အားကို ထိခိုက်စေနိုင်ပါတယ်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းက အကျိုးရှိပေမယ့် သင့်လျော်သောရေဓာတ်နဲ့ အနားယူတာကို မထိန်းသိမ်းထားရင် ရေဓာတ်ခမ်းခြောက်ပြီး အပူလွန်ကဲမှုဖြစ်နိုင်ခြေကို တိုးမြှင့်စေပါတယ်။

ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်မှု လျော့နည်းနေတဲ့ အတွက် အပူဓာတ်ကြောင့် ပင်ပန်းနွမ်းနယ်မှုအန္တရာယ်ကို တိုးစေနိုင်ပါတယ်။ နှလုံးရောဂါ၊ ဆီးချို ရောဂါနဲ့ အဝလွန်ခြင်းစတဲ့ နာတာရှည်ရောဂါအခံရှိသူတွေမှာလည်း ခန္ဓာကိုယ်ရဲ့အပူ ထိန်းချုပ်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

အပူလွန်ကဲခြင်းနဲ့ ဆင်တူတဲ့လက္ခဏာတွေကို အခြားအခြေအနေတွေနဲ့ ခွဲခြားတတ်ဖို့လည်း လိုအပ်ပါတယ်။ အပူလွန်ကဲခြင်းဟာ ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်ထက် ပိုပြင်းထန်ပြီး စိတ်ပိုင်း ဆိုင်ရာ အခြေအနေကို ပြောင်းလဲစေခြင်းဖြင့် လက္ခဏာရပ် ပိုပြင်းထန်တာကို ပြသလေ့ရှိပါတယ်။

ရောဂါပိုးဝင်တာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုတွေ (သို့မဟုတ်) နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေကလည်း အပူလွန်ကဲခြင်းလက္ခဏာတွေနဲ့ တူနိုင်ပါတယ်။

နွေရာသီမှာ အပူလွန်ကဲခြင်းကို ကာကွယ်တာဟာ ကိုယ့်ကျန်းမာရေးကို ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ အပူလွန်ကဲခြင်းအတွက် အကောင်းဆုံးလုပ်ဆောင်မှုကတော့ အမြင့်ဆုံးအပူချိန်ဖြစ်တဲ့ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအတွင်း အိမ်ထဲမှာနေထိုင်ဖို့ နဲ့ အရိပ်ရတဲ့ နေရာတွေမှာ နေထိုင်ဖို့ အရေးကြီးပါတယ်။

ဘီယာ၊ အရက်၊ ကော်ဖီစတဲ့ ကဖင်းဓာတ်ပါတဲ့ အချိုရည်တွေနဲ့ ရေဓာတ်ခန်းခြောက်စေနိုင်တဲ့ အဖျော် ယမကာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဆီးကတဆင့် ခန္ဓာကိုယ်ကအရည်ဓါတ်တွေ အလွန်အကျွံဆုံးရှုံးနိုင်တာ ကြောင့်လည်း ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ကလေး၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါ ခံစားနေရသူတွေဟာ အပူလွန်ကဲမှုကို အထူးသတိထားသင့်ပြီး သူတို့တွေကို တယောက်တည်းမထားသင့်ပါဘူး။

ဒါတွေအပြင် ရေကို တနာရီလျှင် နှစ်ခွက်မှ လေးခွက်အထိသောက်ပေးရမှာဖြစ်ပြီး လေ့ကျင့်ခန်း လုပ်နေစဉ် (သို့မဟုတ်) ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်နေမယ်ဆိုရင် ရေကိုလုံလောက်စွာ ပြန်လည် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ လတ်ဆတ်တဲ့အသားငါးတွေကို မျှတစွာ စားသုံးတာကလည်း ရေဓာတ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။ တကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်ကောင်းတွေ၊ တကိုယ်ရေသန့်ရှင်းမှုတွေကို ထိန်းသိမ်းတာကလည်း အပူနဲ့ဆက်စပ်တဲ့ ရောဂါတွေကို ပိုမိုမဆိုးရွားအောင် ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ