ကန္တာရဝတီတိုင်း(မ်)
ဥရောပသမဂ္ဂ EU က ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို ယူရို ၁၅ သန်း ( ထိုင်းဘတ် သန်း ၅၇၀) ဝန်းကျင် ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
EU ကိုယ်စားလှယ်အဖွဲ့တွေနဲ့ နိုင်ငံတကာကူညီရေးဆိုင်ရာအဖွဲ့အစည်းတို့က ဧပြီ ၂၀ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ သဘောတူ လက်မှတ်ထိုးခဲ့ကြတယ်လို့ EU တရားဝင်သတင်းစာမျက်နှာမှာ ပြောထားပါတယ်။
အဲ့ဒီ အစီအစဥ်က ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အားကောင်းစေခြင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ယန္တရားများကို မြှင့်တင်ခြင်းနဲ့ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေကို တိုးချဲ့ခြင်းအတွက် ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာအဖွဲ့အစည်းများဌာန ညွှန်ကြားရေးမှူးချုပ် မစ္စစ် ပင်းဆုဒါ ဂျာယာနာမာ ပြောကြားချက်အရ ဒီ အစီအစဥ်က ၂၀၂၆ ခုနှစ် ကနေ ၂၀၂၈ အထိ ကြာမြင့်မှာဖြစ်တယ်လို့ နားလည်ရပါတယ်။
မြန်မာဒုက္ခသည်တွေကို ထောက်ပံ့မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး မယ်ဟောင်ဆောင်ခရိုင်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်း ကော်မတီဝင်တွေကို မေးကြည့်ရာမှာတော့ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်းမရှိသေးဘူးလို့ ပြောပါတယ်။
“ဒီသတင်းတစ်ခုက ကျနော်တို့ ဘာမှမကြားရဘူးလေး။ ဘယ်လိုပုံစံမျိုးနဲ့ လာမလဲဆိုတာကလည်း ကျနော်တို့ ဖက်က ဘာမှမသိဘူးနော့် “ လို့ ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၂ ) ရဲ့ စခန်းဥက္ကဌက ပြောပါတယ်။
မြန်မာဒုက္ခသည်တွေကို အကူအညီပေးမယ့် အစီအစဥ်မှာ ထိုင်းနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး မစ္စစ် လူဝီဆာ ရာဂါ နဲ့ UNHCR၊ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ မဟာမိတ်အဖွဲ့နဲ့ Expertise France ကိုယ်စားလှယ်တို့က သဘောတူညီချက်အသစ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနဘူရီ၊ ရတ်ချ်ဘူရီ ပြည်နယ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုက မြန်မာ ရွေ့ပြောင်းနေထိုင်သူတွေကို ကူညီထောက်ပံ့သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ EU ကရထားတဲ့ တရားဝင်စာရင်းအရ ဒုက္ခသည်စခန်း ၉ ခုမှာ လူဦးရေ ၈၀,၀၀၀ ကျော်ရှိတယ်လို့လည်း ဆိုထားပါတယ်။






