ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ၁၆ ကုန်းရပ်ကွက်မှာ မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီမနက် ငါးနာရီထိုးခါနီးပြီ ငါးနာရီဝန်းကျင်ပေါ့။ “ဝုန်း”ဆိုပြီး တချက်ကြားတော့ ကျနော်ထကြည့်တာ သူများဓာတ်မီးတွေ ဝိုင်းထိုးနေကြတာပဲ။ အဲ့ လေယာဉ်ပစ်ချတဲ့နားမှာပဲလေ။ လေယာဉ် အရင်ပစ်တဲ့နေရာမှာ ပြိုကျတာ။အောက်နားမှာလဲ အစကတည်းက အက်ကြောင်းရာရှိနေတယ်ကော” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါနေရာဟာ စစ်ကော်မရှင် လေယာဉ်ဗုံး မကြဲခင်ကတည်းက မြေပြိုကျနိုင်တဲ့ မြေအက်ကွဲကြောင်းရာ ရှိနေတာပါ။ လေယာဉ်ဗုံးကြဲပြီးနောက် မိုးရွာသွန်းမှုကြောင့်လည်း မြေက ပိုမို ကွဲအက်ပြီး ပြိုကျလာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။ မြေပြိုကျမှုကြောင့် လူထိခိုက်မှုမရှိပေမယ့် နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့က အဆိုပါ မြေပြိုတဲ့နေရာကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၂ ဦးထိ သေဆုံးခဲ့ပြီး ဒေသခံ အများစုကတော့ တခြားနေရာကို ရွေ့ပြောင်းနေထိုင်ကြတယ်လို့ ပြောပါတယ်။
“လောဆယ် အဲ့နားနေတဲ့သူတွေ မေးကြည့်တော့ သူတို့ကတော့ ပြန်မနေရဲသေးဘူးပေါ့။ အဲ့မြေကျသွားပြီးမှပဲ ပြန်နေမလား ဘယ်လိုလုပ်မယ် ဆိုတာတော့ မသိဘူး။ဘယ်သူမှတော့ မနေကြဘူး။တချို့တောင်မှ အိမ်မပါသေးတဲ့ အိမ်(ပြိုကျတဲ့ထဲ)မျိုးဆို သူတို့ဖျက်ပြီး တိုင်တွေ ပြန်ချွတ်မလားဆိုပြီး ပြောနေကြတာ ရှိတယ်” လို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။
ခဲသတ္တု တူးဖော်တဲ့လုပ်ငန်းကို အဓိက အသက်မွေးကြောင်းပြုနေတဲ့ မော်ချီးဒေသမှာ မိုးရာသီကာလအတွင်း မကြာခဏ မြေပြိုမှုဖြစ်ပွားလေ့ရှိပါတယ်။ လက်ရှိ မြေပြိုမှုဖြစ်ပွားခဲ့တဲ့ ၁၆ ကုန်းရပ်ကွက်မှာ မြေကွဲအက်ရာရှိသေးတာကြောင့် မြေပြိုကျမှု ထပ်မံဖြစ်ပွားနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။